Sunday 20 January 2013

ဟာဂ်ျခရီးစဉ်နှင့် ကုရ်ဘာဏီ

၎င်းပြင် အသင် (တမန်တော်)သည် လူခပ်သိမ်းတို့အား ဟဂ်ျပြုကြရန် တာဝန်ကို ကြေညာဖိတ်ခေါ်လော့…..” (ကုရ်အာန် ၂၂း၂၇) “သို့မှသာ လူတို့သည် မိမိတို့အဖို့ အကျိုးကျေးဇူးများကို တွေ့မြင်ကြရန် လာကြလိမ့်မည်။ ထိုအရှင်မြတ်က ၄င်း(လူသား)တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်း တိရစ္ဆာန်တို့အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ကုရ်ဘာနီပြုရန်)အလ္လာဟ်၏နာမတော်ကို (ရွတ်ဖတ်) တသကြပေမည်။ (တမန်တော်မြတ်၏ အွမ္မသ်သားအပေါင်းတို့) ထို့နောက် အသင်တို့သည်လည်း ယင်းတိစ္ဆာန်များ အနက်မှ ကိုယ်တိုင်လည်း စားသုံးကြလေကုန်၊ မရှိဆင်းရဲသား ဒုက္ခိတများကိုလည်း ကျွေးမွေးကြလေကုန်” (ကုရ်အာန် ၂၂း၂၈) ဇုလ်ဟဂ်ျလ (၁၁)ရက်နေ့တွင် မီနာအရပ်၌ ကမ္ဘာ့ဟာဂျီတို့ ဟဂ်ျကျင့်စဉ်နှင့် ကုရ်ဘာနီတို့ဖြင့် အလုပ်များနေချိန်တွင် တစ်ကမ္ဘာလုံးရှိ ဟဂ်ျမသွား ဖြစ်သော ကမ္ဘာ့မုစ်လင်မ် အပေါင်းတို့သည် အီးဒ် (အီဒုလ်အဿွာဟာ)နေ့ ကျင်းပ၍ ကမ္ဘာ့မုစ်လင်မ်အပေါင်းတို့သည် ကုရ်ဘာနီပြုကြလေသည်။ မက္ကာတွင် ဟာဂျီတို့အတွက် ဟဂ်ျကျင့်စဉ်သာရှိ၍ အီးဒ်ဆွလားသ် မရှိချေ။ ကျန်တစ်ကမ္ဘာလုံး၌ အီးဒ်ဆွလားသ် စုပေါင်းဝတ်ပြုကြရ၏။

ကမ္ဘာ့ ဟာဂျီ/ ဟာဂျီမအပေါင်းတို့ ကရုဏာတောင်ခြေတွင် အလ္လာဟ်ထံ ဆုပန်ထွာမှုပြုသကဲ့သို့ အီးဒ်နေ့တွင် ကျန်ကမ္ဘာ့မုစ်လင်မ် အမျိုးသား အမျိုးသမီးတို့သည် အီဒ်ဂါကွင်းပြင်များတွင် စုပေါင်း၍ အီးဒ်ဆွလားသ်ပြုကာ အလ္လာဟ်ထံ ဆုဒုအာပန်ထွာကြရကုန်၏။ တမန်တော်ချုပ် မုဟမ္မဒ်သခင်က မိန့်တော်မူသည်မှာ ရာသီပန်းပွင့်နေသော မုစ်လင်မ် အမျိုးသမီးတို့သည်ပင်လျှင် အီးဒ်ဆွလားသ် ဝတ်ပြုရာတွင် ဝင်ရောက်ပြုနိုင်ခြင်း မရှိသော်လည်း ဝတ်ပြုအပြီး ခွတ္တဘဟ်တရားနာရန်နှင့် ဆုဒုအာ စုပေါင်းတောင်းဆိုမှုအတွက် လာရောက်ကြရမည်ဟု ဆိုခဲ့သည်။ (ဘူခါရီကျမ်း) တမန်တော်ကြီး အီဘရာဟီမ်သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်နှင့် လူသားတို့ အမှန်တရား သိမြင်ရေးအတွက် မိမိအသက်၊ စည်းစိမ်စသည်တို့ကို စွန့်လှူခဲ့သူပင် ဖြစ်၏။ အခက်အခဲများစွာနှင့် အသက်အန္တရာယ်ပင် ကြုံခဲ့ငြားလည်း လိမ်ညာမှု အလျင်းမရှိဘဲ မိမိ၏ ဆန္ဒကို အလ္လာဟ်၏ ဆန္ဒတော်နှင့်အညီ အသုံးချရန် ကုရ်ဘာနီပြု စွန့်လှူခဲ့သူ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်က စမ်းသပ်မှုတစ်ရပ်အဖြစ် တမန်တော်ကြီး အီရာဟီမ်အား ၄င်း၏ သားတော် အီစ္စမာအီလ်ကို ကုရ်ဘာနီပြု လှီးဖြတ်ရန် အိပ်မက်တွင်းမှ လမ်းညွှန် အမိန့်တော် ပေးခဲ့ရာ သားအဖ နှစ်ဦးလုံးကပင် မိမိတို့၏ အရှင်သခင်အတွက် အသက်ပေးရန် အဆင်သင့် ဖြစ်ခဲ့ကြသည်။ မိမိ၏ ရင်သွေးသားငယ်ကို ချစ်လှသည့်ကြားမှပင် အလ္လာဟ်၏အမိန့် နာခံစွာဖြင့် မျက်စိမှိတ်၍ ကုရ်ဘာနီပြု လှီးဖြတ်ခဲ့ရာ အလ္လာဟ်က ၄င်း၏ ရင်သွေးနေရာတွင် အခြားသားကောင် တစ်မျိုးကို အစားထိုး၍ သားအဖနှစ်ဦးလုံး ပျော်ရွှင်စေခဲ့သည်။ ၄င်းတို့နှစ်ဦး စလုံး၏ ‘ကုရ်ဗ်’ ခေါ် အလ္လာဟ်နှင့် နီးစပ်ရန် (ဘဝငြိမ်းချမ်းမှုရရန်) မိမိတို့၏ နှလုံးသားစွန့်လှူမှု၊ နာခံမှုနှင့် အလ္လာဟ်အား ယုံကြည်မှုတို့ကို ကမ္ဘာတည်သရွေ့ သာဓကအဖြစ် ခိုင်ခံ့စေခဲ့သည်။ တမန်တော်ချုပ် မုဟမ္မဒ်သခင်သည်လည်း နှစ်စဉ် သမိုင်းမှတ်တိုင်အဖြစ် ထိုအစဉ်အလာနှင့် အလ္လာဟ်၏အမိန့်တော်ကို ဆောင်ရွက်ခဲ့သည်။ လက်တွေ့ ဝတည်ဆောက်မှုတွင်လည်း အလ္လာဟ်လမ်းတွင်မိမိ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို စွန့်လှူခဲ့သည်။ ကမ္ဘာမုစ်လင်မ်တို့သည်လည်း မိမိတို့၏ ဘဝတစ်လျောက်လုံး အလ္လာဟ်နှင့် သာသနာအတွက် မိမိတို့၏ အသက် အိုးအိမ် စည်းစိမ်တို့ကို စွန့်လှူရန် အသင့်ရှိရမည်။ အသက်၊ အာဏာနှင့် စည်းစိမ်ဟူသမျှ အလ္လာဟ်၏ ပိုင်ဆိုင်မှုများသာ ဖြစ်၏။ လူသားက တွယ်တာစရာမလိုဘဲ အလ္လာဟ်၏ လမ်းညွှန်နှင့်အညီ စနစ်တကျ သုံးစွဲရန်သာ လိုအပ်သည်။ ကမ္ဘာ့ဟာဂျီတို့က မက္ကာဟ်ရှိ ကအ်ဗာဟ်ကျောင်းတော်တွင် အလ္လာဟ်အတွက် စွန့်လှူရန် အသင့်ရှိကြောင်း “သလိဗီယာ”ကို ဟစ်ကြွေးကြ၏။ ကုရ်ဘာနီ ပြုကြ၏။ ကျန် ကမ္ဘာ့ မုစ်လင်မ်တို့သည်လည်း အလ္လာဟ်အတွက် မိမိတို့၏ အသက်များကိုပင် စွန့်လှူရန် အသင့်ရှိကြောင်း အလ္လာဟ်သာလျှင် အကြီးကျာ်ဆုံး ဖြစ်ကြောင်း သက္ကဘီရ်ကိ ရွတ်ဆို၍ ကုရ်ဘာနီ သားကောင်ကို ဇဘဟ် လှီးဖြတ်ကြ၏။ တမန်တော်ကြီး အီဘရာဟီမ်၏ သမိုင်းမှတ်တိုင်ကို နှစ်စဉ်စိုက်ထူကြ၏။ ဇဘဟ်ပြုပြီး သားကောင်များကို မရှိဆင်းရဲသားတို့အား လှူဒါန်း ပေးဝေကြရ၏။ “အလ္လာဟ် အထံတော်သို့ ယင်း ကုရ်ဘာနီ သားကောင်တို့၏ အသားများသည်အလျင်း ရောက်သည်မဟုတ်ပေ။ ထိုနည်းနည်းတူ ယင်း ကုရ်ဘာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျှင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ အလ္လာဟ်သိစိတ်ဖြင့် ကောင်းမှုပြုခြင်းနှင့် မကောင်းမှုရှောင်ခြင်း သည်သာလျှင် ထိုအရှင်မြတ်ထံတော်သို့ ရောက်ရှိပေသည်” “ဤနည်းအားဖြင့် အရှင်မြတ်သည် သင်တို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ် ကြီးမြင့်မြတ်တော်မူကြောင်း ရွတ်ဆို ချီးကျူးအံ့သောငှာ ထိုအရှင်မြတ်သည် ယင်း ကုရ်ဘာနီ သားကောင်းများကို အသင်တို့၏ လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ အသင်တို့သည် စေတနာဖြူစင်သူတို့အား ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ…..” (ကုရ်အာန် ၂၂း၃၇) ကုရ်ဘာနီပြုခြင်းသည် အလ္လာဟ်အရှင်မြတ်ကို ယဇ်ပူဇော်ခြင်း မဟုတ်ပေ။ အလ္လာဟ်သည် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏ အရာခပ်သိမ်းသည် အလ္လာဟ်၏ ပိုင်ဆိုင်မှုသာဖြစ်၏။ လူသားတို့၏ ကောင်းမှုအားလုံးသည် လူသားအတွက်သာ ဖြစ်၏။ လူသားတို့ ဆွလားသ်ဝတ်ပြုမှု ကုရ်ဘာနီပြုမှု အလ္လာဟ်ဂုဏ်တော် ဘုန်းတော်တို့ မြင့်တက်သည် မဟုတ်ပေ။ အလ္လာဟ်အတွက် ဘာမျှ မလိုပေ။ အလ္လာဟ်သည် လူသားကို ကမ္ဘာမြေဝယ် ခလီဖဟ် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထား၍ အရာခပ်သိမ်းကို လူသား၏ လက်အောက်ခံ ဖြစ်စေသည်။ တိရစ္ဆာန်တို့အား မိမိတို့ထက် ပိုမြှင့်မထားဘဲ မိမိတို့၏ လက်အောက်ခံ အဖြစ် ပြုထားသော ကျေးဇူးတော်ရှင် အလ္လာဟကို လူသားတို့ ကျေးဇူးတင်ရမည်။ ထို့အတူ တိရစ္ဆာန်များအတွင်း စီးရန်၊ စားသုံးရန် စသည့်ဖြင့် စနစ်တကျ ခွဲခြားပေးထား၏။ အသက် ဟူသမျှ အလ္လာဟ်သာပိုင်ဆိုင်၏။ ထို့ကြောင့် အလ္လာဟ်က စားခွင့်ပြုထားသော သတ္တဝါတို့အား ဇဘဟ် လှီးဖြတ်ရာတွင် အသက် အားလုံး၏ အရှင်သခင် အလ္လာဟ်၏ နာမတော် တ,သ၍သာ လှီးဖြတ် ဇဘဟ်ပြုခွင့် ရှိလေသည်။
မိုးစက်ဘလော့မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment