Thursday 10 January 2013

Quran Translation in Myanmar Ebook

Quran Translation in Myanmar Ebook

မွတ်ဆလင်တွေက ဘာလုပ်နေလို့လဲ

                                                             
မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။
ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့ တယ်။ ဟိန္ဒူဘာသာဟာ မြန်မာလူမျိုးတွေကို စာပေအမွေပေးခဲ့တယ်။ (မြန်မာစာပေဟာ တရုတ်စာပေက ဆင့် ပွား ဖြစ်တည်လာခဲ့တာ မဟုတ်ပါ။- ဟိန္ဒူ ဗြဟ္မီစာပေက ဆင့်ပွား ဖြစ်တည်လာခဲ့ခြင်း ဖြစ်တယ်။) ချက်ပြုတ်စား သောက်ခြင်းဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ ယဉ်ကျေးမှု ဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ တိုင်းပြည်တစ်ခု အဖြစ် ထူထောင်အုပ်ချုပ်နည်းပညာရပ်များကို ပေးခဲ့တယ်။
ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနောက်မှာ ရောက်လာခဲ့တယ်။ မြန်မာအင်ပါယာကို ထူထောင်တဲ့ မြန်မာဘုရင် ကိုယ်တိုင်က ဗုဒ္ဓဘာသာကို အားပေးကူညီခဲ့လို့ သူ့ရှေ့က ဟိန္ဒူဘာသာဟာ တိမ်ကောပျောက်ကွယ် သွားခဲ့ တယ်။ တနည်းအာဖြင့် နဂိုရှိရင်းစွဲ ဟိန္ဒူဘာသာဝင် လူသားများက ဗုဒ္ဓဘာသာ အဖြစ် ဘာသာပြောင်းလဲ သွား ခဲ့တယ်။ ဗုဒ္ဓဘာသာဟာလည်း မြန်မာလူမျိုးများအတွက် ယဉ်ကျေးမှုကို သွန်သင်ပေးနိုင်ခဲ့တယ်။
မြန်မာအင်ပါယာရဲ့ ပထမဆုံး ပုဂံခေတ်ကတည်းက အစ္စလာမ် ဘာသာဟာ ဗုဒ္ဓဘာသာနဲ့ ခေတ်ပြိုင် မြန်မာပြည် ကို ရောက်လာခဲ့တယ်။ ဘုရင်ကိုယ်တိုင်က အစ္စလာမ် သာသနာကို အားမပေးခဲ့လို့ အစ္စလာမ် သာသနာဟာ မြန်မာနိုင်ငံမှာ မကျယ်ပြန့်ခဲ့ပေမယ့်။ အစ္စလာမ် သာသနာဝင် မွတ်ဆလင်များဟာ ဘုရင်များနဲ့ လူထု ကိုယ် တိုင်က အားကိုးအားထား ပြုခဲ့ရသူများ ဖြစ်ခဲ့တယ်။ ဥပမာ ရွှေဖျင်းညီနောင်ကို ကြည့်ပါ။ မြန်မာပြည်သူများ ကိုယ်တိုင် ဒီနေ့အထိ အားထားကိုးကွယ်နေရတဲ့ မင်းနှစ်ပါး ဖြစ်နေခဲ့တယ်။
ဒီနောက်ပိုင်း ခေတ်မှာ ဘိုဘိုရှား ဆိုတဲ့ မွတ်ဆလင်ကြီးဟာလည်း မြန်မာလူမျိုးများ ကိုယ်တိုင် အားကိုးအား ထားပြုနေရတဲ့ ဘိုးဘိုးအောင် အဖြစ် အခုခေတ်ထိ မြန်မာတွေရဲ့ နှလုံးသားမှာ စွဲမြဲနေပါတယ်။ တစ်ကယ်လို့ မွတ်ဆလင်တို့သာ မြန်မာလူမျိုးများ အပေါ်မှာ ဗိုလ်ကျစိုးမိုးခဲ့မယ်၊ အတင်းအဓမ္မသာသနာပြုခဲ့မယ်၊ အယုတ် တမာတွေ လုပ်ခဲ့မယ် ဆိုရင် မြန်မာလူမျိုးတွေကိုယ်တိုင်က အဲ့လို ကိုးကွယ်ဆည်းကပ်မယ့် နေရာမှာ ထားပါ့ မလား။
မွတ်ဆလင်တွေဟာ ပုဂံခေတ်က စပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေမှာ ထမ်းဆောင်ခဲ့တယ်။ မင်းမှု ထမ်းတွေ၊ စစ်သားတွေ၊ စစ်သူကြီးတွေ၊ ဗိုလ်မှုးတွေ၊ ဗိုလ်ချုပ်တွေ အဖြစ် ထမ်းဆောင်ခဲ့တယ်။- အမြောက်တပ်၊ စက်သေနတ်တပ်၊ မြင်းတပ်၊ ကြည်းတပ်များကို ဦးစီးရတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်မှုးကြီးတွေ အဖြစ် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့ပေမယ့်- တိုင်းပြည်ကို တော်လှန်ပုန်ကန်ခြင်း၊ အာဏာလုခြင်း၊ ပြည်သူများအပေါ် မတော်မတရား ဗိုလ်ကျခြင်းများ သမိုင်းမှာ ရှိခဲ့ပါသလား။
ကုန်းဘောင်ခတ်မှာ ဘုရင်တွေကိုယ်တိုင်က ချီးမြှောက်အားထား ရာထူးတွေ တစ်သီတစ်တန်းကြီး ပေးထား တယ်၊ မန္တလေးမြို့တော်က စေတီပုတိုး ဘုရားရုပ်ပွားတိုင်း အနီးမှာ မွတ်ဆလင်တွေကို ရပ်ကွက်တည်- ဘုရား စောင့်အဖြစ် ခန့်အပ်ထားခဲ့တယ်။ ထင်ရှားတဲ့ စေတီပုတိုးနဲ့ ဘုရားဆင်းတု အနီးတိုင်းမှာ ဘုရားစောင့် မွတ်ဆ လင်တွေ ဘုရားဝတ်ပြုဘို့ ၀တ်ပြုဆောင် (ဗလီ)များ ဆောက်လုပ်ပေးထားတဲ့- ဒီနေ့ထိ သမိုင်းက ဖျောက်လို့ မပျက်နိုင်သေးဘူး။ မွတ်ဆလင်တွေဟာ သူတစ်ပါး ဘုရားကို မစော်ကား၊ ဌာပနာများကို ဖေါက်ထွင်းခိုးယူခြင်း မရှိ- သစ္စာရှိရှိ စောင့်ရှောက်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကို ရိုးသားတဲ့ သမိုင်းပညာရှင်တိုင်း သိတယ်။ ရှေ့မှီနောက် မှီ ပညာရှိ သက်ကြီးရွယ်အို ဘုန်းကြီးတိုင်း သိတယ်။-
အင်္ဂလိပ် အုပ်ချုပ်စဉ်မှာလည်း လူမျိုးတစ်ရာ့တစ်ပါး မြန်မာနိုင်ငံထဲကို ၀င်လာခဲ့တယ်။- အဲ့ဒီ အထဲမှာ မွတ် ဆလင်တွေလည်း ပါဝင်ခဲ့တယ်။ မြန်မာပြည်ကို ၀င်လာခဲ့တဲ့ မွတ်ဆလင်တို့ရဲ့ သမိုင်းနောက်ခံကို ရိုးသားစွာ ပြန်ကြည့်ပါ။ မော်လမြိုင်ဈေးကြီးကို ဆောက်ပေးခဲ့တယ်။ သိမ်ကြီးဈေးကြီးကို ဆောက်ပေးခဲ့တယ်။ မြန်မာနိုင်ငံ ကို ဈေးကွက်စီးပွားထွန်းကားအောင် ဆောင်ရွက်ပေးခဲ့တယ်။ လက်လုပ်လက်စား မွတ်ဆလင်များကလည်း ထီးချုပ်တယ်၊ ကွမ်းယာရောင်းတယ်၊ အထည်ရောင်းတယ်၊ လယ်ယာကိုင်းကျွန်း လုပ်စားတယ်၊ ဒီထက် ပိုပြီး ဆင်းရဲရင် ဖိနပ်ချုပ်တယ်၊ ဆံပင်ညှပ်တယ်၊ နောက်ဆုံး မစင်ကျုံးတဲ့ အလုပ်ကို လုပ်ခဲ့တယ်။- နိမ့်ကျတယ်လို့ ထင်မှတ်ဘွယ် ရှိပေမယ့်- မရှိဆင်းရဲလို့ ရိုး ရိုးသားသား လုပ်စားတာပဲ ရှိတယ်။ မြန်မာလူမျိုးများ စာရိတ္တပျက် စေအောင်- အရက်ဆိုင် ဖွင့်ခဲ့တာ ဘိန်းဆိုင် ဖွင့်ခဲ့တာ မရှိ။ အမျိုးသားကောင်း သမီးပျိုများ တန်ဘိုးမဲ့သွား အောင် အပျော်ရုံ ထောင်ခဲ့တာမရှိ။ မြန်မာလူမျိုးများဆီက ခေါင်းပုံဖြတ်စားဘို့ အပေါင်ဆိုင်ဖွင့်ခဲ့တာ မရှိ။-
မွတ်ဆလင်တွေဟာ သမိုင်းနဲ့ ချီပြီး မြန်မာပြည်အပေါ် သစ္စာရှိခဲ့တယ်။ မြန်မာလူမျိုးအပေါ် ကောင်းကျိုးပြုခဲ့တာ ပဲ ရှိတယ်။ ယိုးဒယား သွားတိုက်တော့လည်း မြန်မာမွတ်ဆလပ် စစ်သည်တွေက အယုဒ္ဓမြို့ရိုးကို အသေခံကျော် ဖြတ် မိုးထဲလေထဲ၊ ရွံထဲ ဗွက်ထဲမှာ နိုင်အောင်တိုက် ယိုးဒယားစစ်တပ်ကို ယိုးဒယား ဘုရင်ဆီက ဆင်ဖြူကို သိမ်း မိမိရဲ့ သခင် မြန်မာဘုရင်ကို ဆင်ဖြူရှင် အဖြစ် အသက်နဲ့လဲပြီး သိဒ္ဓိတင်ပေးခဲ့တယ်။
အင်္ဂလိပ်က မြန်မာကို နောက်ဆုံး သိမ်းတော့- မြန်မာအမတ်ကြီး ကင်းဝန်မင်းက အင်္ဂလိပ်ပေးတဲ့ ရာထူးကို လက်ခံယူပြီး မိမိအတွက် ရာထူးကို မက်ခဲ့ပေမယ့်-၊ မြန်မာမွတ်ဆလင် စစ်ဗိုလ်ချုပ်ကြီး ၀လီခန်ကတော့ “ငါ့ သခင် (သီပေါမင်း) ကျွေးတဲ့ ထမင်း၊ ငါ့လည်ပင်းကို မကျော်သေးဘူး၊- ငါ့မှာ သခင်ဆိုတာ တစ်ပါးပဲ ရှိစေရမယ်၊ မင်းတို့ပေးတဲ့ ရာထူး (စစ်ဗိုလ်ချုပ်ကြီး အဖြစ် ပြန်လည် ခန့်အပ်ခြင်း) ကို ငါမမက်ဘူး၊” ဆိုပြီး- တိုင်းပြည်နဲ့ လူမျိုး အပေါ် ထားတဲ့ သစ္စာနဲ့ အင်္ဂလိပ်ပေးတဲ့ ရာထူးကို ဗြောင် ပါယ်ချခဲ့တယ် ဆိုတာလည်း သမိုင်းမှာ ငြင်းမရ နိုင်ဘူး။
သမိုင်း အဆက်ဆက် မွတ်ဆလင်တွေဟာ တိုင်းပြည် အပေါ်သစ္စာ ရှိခဲ့တယ်။ ခွဲထွက်ဘို့ အာဏာလုဘို့ သောင်းကျန်းခဲ့တာ မရှိဘူး၊ ဘယ်ဘာသာကိုမှလည်း မစော်ကားခဲ့ဘူး၊ ဘယ်ဘုန်းကြီးကျောင်းကိုမှလည်း မဖျက်ဆီးခဲ့ဘူး၊ ဘုရားဆင်းတုတွေကိုလည်း သစ္စာရှိရှို စောင့်ပေးခဲ့တယ်။
အခုခေတ်မှာလည်း ခွဲထွက်ရေးကို မတောင်းဆိုဘူး၊ ပါလီမန်မှာ လွှတ်တော်မှာလည်း သူများထက် ထူးပြီး ဘာညာ မတောင်းဆိုဘူး၊ ပြည်ထောင်စု ခိုင်မာစေဘို့၊ လွတ်လပ်သန့်ရှင်းတဲ့ ပြည်ထောင်စုကြီးပေါ်လာစေဘို့ပဲ ဦးတည်ခဲ့တယ်။--
မြန်မာမွတ်ဆလင်ဟာ မြန်မာပြည်ထဲမှာ ပြည်နယ်တိုင်းမှာ ရှိတယ်။ ပြည်နယ်တိုင်းမှာ ဒုတိယ လူဦးရေ အများ ဆုံး၊ တတိယ လူဦးရေ အများဆုံး အဖြစ် တည်ရှိနေတယ်။ သန်းခေါင်စာရင်းကို မလိမ်ကြစတမ်း ဆိုရင် မြန်မာ နိုင်ငံရဲ့ ဒုတိယ လူဦးရေ အများစု အသိုက်အမြုံ ဖြစ်တယ်။ ဒီ အင်အားစုကြီးက တိုင်းပြည်အပေါ် သစ္စာရှိနေတာ အပြစ်တစ်ခု ဖြစ်နေရောလား။
ဒါမှ မဟုတ် မြန်မွတ်ဆလင်တွေက သူများထက် ထူးပြီး ဘာတွေများ ဖေါက်ပြန်နေလို့- မွတ်ဆလင်တွေကို ပစ်မှတ်ထား မုန်းတီးနေရသလဲ။
လုံးဝသက်သက် မနာလိုစိတ်နဲ့ မုန်းတီးနေခြင်း သက်သက် ဖြစ်နေသလား--၊ ဆိုတာ-
မွတ်ဆလင်ကို မုန်းတီးသူတိုင်း မိမိကိုယ်မိမိ ပြန်ဆင်ခြင်ကြည့်ပါ။ မွတ်ဆလင်ကို မုန်းတီးသူတိုင်း “ငါ့ကို မွတ်ဆ လင် တွေက ဘာတွေ လုပ်ခဲ့သလဲ၊”လို့ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါ။ နို့မဟုတ်ရင် ဘုမသိ ဘမသိ မုန်းမိနေပြီး အလိုလိုနေရင်း- အကုသိုလ် သင့်နေပါဦးမယ်။
ဌေးလွင်ဦး
MMCRM

ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ကို အဖ ဦးဟာနစ်၊ အမိ ဒေါ်စိန်ညွန့်တို့မှ ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၁၂၈၁)ခု တပို့တွဲလပြည့်ကျော်(၁၃)ရက်၊ (၁၆၊ ၂ ၊ ၁၉၂၀) တွင် မွေးဖွားသည်။ ၃ လသားအရွယ်တွင် ဖခင် ကွယ်လွန်သည်။ (၃)နှစ် သားအရွယ်တွင် မိခင်ကွယ်လွန်သည်။ မောင်နှမ (၂) ယောက်ကျန်ရစ်သည်။ ဦးလေးလုပ်သူ ဦးအီဘရာဟင်က ကောက်ယူ မွေးစားခဲ့သည်။ အစ်မလုပ်သူသည် (၁၁)နှစ်အရွယ်တွင် ကွယ်လွန်သွားပြန်သည်။ ဗန်းမော်၊မိုးကုတ်၊ ကသာမြို့များတွင် ပညာသင်ကြားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာ၍ ကျောင်းများပိတ်လိုက်သည်။
(၁၀)တန်းနဲ့ပဲ ပြီးခဲ့သည်။ (၁၉၄၃)ခု သြဂုတ်လ (၁၀)ရက်နေ့တွင် ဗမာ့ကာကွယ်ေ၇း တပ်မတော် (ဘီဒီအေ) သို့ဝင်ခဲ့သည်။ ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီး တပ်တွင် တာဝန်ထမ်းခဲ့သည်။ ၊ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း တတိယအပတ်ကို တက်ခဲ့သည်။ ကျောင်းဆင်းခါနီးတွင် ဗိုလ်ချူပ်အောင်ဆန်း၏ လျို့ဝှက်တာဝန်ပေးချက်အရ မဟာမိတ်တပ်များနှင့် သွားရောက်ဆက်သွယ်ခဲ့သည်။ ယင်းတာဝန်ကို ထမ်းဆောင်ရာတွင် စစ်ကိုင်းမြို့နယ် မင်းကွန်းရွာတွင် ဂျပန်၏ ဖမ်းဆီးခြင်းကို ခံရသည်။ အသတ်ခံရမည့်ဆဲဆဲတွင် ဂျပန်တော်လှန်ရေး ရဲဘော်များ၏ အကူအညီနှင့် အချူပ်မှဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ကမန်မျိုးနွယ်စု သမိုင်းစာအုပ်

History of Kaman by M-Media

Wednesday 9 January 2013

ရခိုင်အရေး ဆွေးနွေးအဖြေရှာ (ကျော်ဝင်း)

                                                            
Myanmar Peace Center မှ ရန်ကုန်တွင် ကျင်းပခဲ့သော Nation Building & Citizenship Conference ၊ MDRI မှ နေပြည်တော်တွင်ကျင်းပခဲ့သော ရခိုင်အရေး အလုပ် ရုံဆွေးနွေး များတွင် စာရေးဆရာ ကျော်ဝင်းမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးချက်များကို  စာရေးဆရာကျော်ဝင်းက ရခိုင်အရေးဆွေးနွေး အဖြေရှာ ဆောင်းပါး အမည်ဖြင့် ပြန်လည်ရေးသားပြီး 7 Days ဂျာနယ်က ဖော်ပြခဲ့ပါသည်။ မွတ်စလင် သတင်းစဉ် စာဖတ်သူများအတွက် စာရေးဆရာကျော်ဝင်း ၏ ဆောင်းပါး ကို ပြန်လည် မျှဝေပေး လိုက်ပါသည်။

ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက်များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။
၁။ နိုင်ငံတကာ အဆက်အစပ် (International Context)
အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့မျက်စိအောက်မှာပင် ကမ္ဘာကြီးမှာ ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရှင်အများက ကုန်လွန်သွားခဲ့ပြီဖြစ်သော ၂၀ ရာစုကို အမေရိကန်ရာစုဟူ၍လည်းကောင်း၊ အိုင်ဒီအိုလိုဂျီရာစုဟူ၍လည်းကောင်း ၀ိဂြိုဟ်ပြုခဲ့ကြသည်များ ရှိသည်။ မနည်းလှသော သာဓကများကို ထောက်ပြပြီးသကာလ ယခုရောက်ရှိနေသော ၂၁ ရာစုကိုလည်း အာရှရာစုဟူ၍လည်းကောင်း “အမှတ်အသား သရုပ်ရာစု” (Century of Identity)ဟူ၍လည်းကောင်း သတ်မှတ်ဖွင့်ဆို ကြသည်များကို တွေ့နေရသည်။ ဤတွင် ကျွန်တော်တို့တစ်တွေမှာ ရာစုခေတ် အလှည့်အပြောင်း ကာလကြီးကို မျက်မှောက်ပြုနေရပါလားဟု ဆင်ခြင်မိရပါတော့သည်။

(က)အပြိုင်အရွေ့ (Parallel Shift)
ဆိုခဲ့ပါ အလှည့်အပြောင်း ကာလကြီးတွင် အပြိုင်ဖြစ်ပေါ်နေသော အရွေ့နှစ်ရပ်၊ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာ အနောက်မှအရှေ့သို့ ရွေ့လာခြင်းနှင့် အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်သို့ ရွေ့လာခြင်းတို့ဖြစ်သည်။
ပထမအရွေ့ (အနောက်မှအရှေ့)ကို ခြေရာခံကြည့်လိုကလျှင် အာရှဒေသ၏ အံ့မခန်းစီးပွားရေး (Asian Miracle, ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များ)၊ တရုတ်နှင့် အိန္ဒိယတို့ အင်အားကြီးမားလာခြင်း (၁၉၉၀ ပြည့်လွန်နှစ်များ)နှင့် မကြာသေးခင်ကမှ ကြုံလိုက်ရသော Great Recession ခေါ် ကမ္ဘာလုံးချီ ဘဏ္ဍာရေးအကျပ် (၂၀၀၇/၀၈)တို့ကို တွေ့ပါလိမ့်မည်။ ဒုတိယအရွေ့ (အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်)ကို ပြန်ကြည့်လိုက်လျှင်လည်း ဘာလင်တံတိုင်းပြိုကျရာမှ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရလာခြင်း(၁၉၉၈)၊ ဘော်လကန်စစ်ပွဲများမှသည် ဘော်လကန်နိုက်ဇေးရှင်းခေါ် အစိတ်စိတ်၊ အမြွှာမြွှာပြိုကွဲခြင်း(၁၉၉၀ ပြည့်လွန်နှစ်များ)၊ နယူးယောက် မျှော်စင်ညီနောင် ဖြိုချခံရခြင်းနှင့် ကမ္ဘာလုံးအတိုင်းအတာ အကြမ်းဖက်ဝါဒ (၂၀၀၁)စသည်များကို ခြေရာခံမိပါလိမ့်မည်။
ယခင် ၂၀ ရာစု တစ်နည်း စစ်အေးခေတ်ကဆိုလျှင် ကျွန်တော်တို့တစ်တွေမှာ “ငါတို့ဘယ်သူလဲ” (Who are We?)ဆိုသော မေးခွန်းကို မေးစရာအကြောင်းမရှိ။ “ဘယ်ဘက်ကရပ်မလဲ” (Which Side We Stand?) ဆိုသည်ကိုသာ ဆုံးဖြတ်ဖို့ရှိသည်။ သို့တိုင် ပြည်ထောင်စုများ ပြိုကွဲလာသော၊ နယ်နိမိတ်များ မှုန်ဝါးလာသော မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင်ကား ဤသို့ မဟုတ်လေတော့။ ငါတို့ ဘယ်သူလဲဆိုသော မေးခွန်းသည်ပင် နိုင်ငံတိုင်း လူမှုအုပ်စုတိုင်းအတွက် စိန်ခေါ်ချက်တစ်ခုလို ဖြစ်လာသော အမှတ်သားသရုပ်ဆိုင်ရာ ပုစာကြီးဖြစ်လာရတော့သည်။

(ခ)အပြိုင်ချဉ်းကပ်မှု (Parallel Approach)
ဆိုခဲ့ပြီးသည့်အတိုင်း ရာစုသစ်အကူးအပြောင်းတွင် အပြိုင်အရွေ့နှစ်ခု ပေါ်ထွက်လာရာ ချဉ်းကပ်စဉ်းစားပုံတွင်လည်း မူကွဲနှစ်ရပ် ပေါ်လာသည်။ “လူအခြေပြု ချဉ်းကပ်နည်း” (Humanbase Approach)နှင့် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း” (Nation-base Approach)တို့ ဖြစ်သည်။
လူအခြေပြုချဉ်းကပ်လာ၊ လူမျိုး၊ အသားအရောင် ကိုးကွယ်သည့်ဘာသာ မည်သို့ပင် ကွဲပြားခြားနားပါစေ “လူသည် လူပင်ဖြစ်သည်ဆိုသော ပရမတ္တအမြင်ကို ဗဟိုပြုစဉ်းစားသည်။ သို့နှင့်အမျှ လူ့ဂုဏ်သိက္ခာ၊ လူ့လုံခြုံရေး၊ လူ့အခွင့်အရေးစသော အထိုင်များပေါ်မှ ရပ်ခံသည်။ “လောကလုံး သဘောဆောင်သည့် နှုန်းခံများ” (Universal Norms)ပေါ် အခြေခံသည်ဖြစ်၍ “လောကလုံးအမြင် (သို့မဟုတ်) စံအခြေပြုအမြင်” (Universalist, Normative Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။
သို့နှင့်တိုင် တကယ့်လက်တွေ့တွင် လူသည် “အမျိုးသားနိုင်ငံများ” (Nation States)အဖြစ် စုစည်းနေထိုင်ကြသည်ဖြစ်ရာ တိုင်းပြည်လူမျိုးစသော ပညတ်များကို အကုန်အစင်ဖယ်ရှားလို့ ရသေးသည်တော့ မဟုတ်ပါချေ။ သို့အတွက် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း”ဆိုသော ဒုတိယပုံစံ သဘာဝကျစွာ ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ ဤနည်းက အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်အသားသရုပ် စသည်များအပေါ် ရပ်ခံသည်။ “တကယ့်အရှိ” (Reality)ကို အခြေခံသည်ဖြစ်၍ “လက်တွေ့ အခြေပြုအမြင်” (Pragmatic Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။  အဆိုပါ ချဉ်းကပ်ပုံနှစ်ရပ်၏ အားပြိုင်မှုကို နယ်ပယ်အားလုံး နီးပါးလောက်တွင် မြင်တွေ့နေရရာ အထင်ရှားဆုံး ဖြစ်ဖွယ်ရှိသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်ပင် ဖြစ်တော့သည်။

(ဂ) ၁၇ နှင့် ၂၁ ရာစု (17th and 21st Century)
အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းများမှာ ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော ၀က်စဖေးလီးယားစာချုပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၀က်စဖေးလီးယားစာအုပ်မှာ ဥရောပအမျိုးသား နိုင်ငံများကြား နှစ်ပေါင်းသုံးဆယ်ကြာ စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ကြပြီးနောက် စစ်ပန်းရာမှ ထွက်ပေါ်လာသော ကြားအဖြေပင်ဖြစ်သည်။ ထိုစဉ်ကာလ (၁၇ ရာစု)၏ တက္ခနိုလိုဂျီနှင့် ၎င်း၏ လူမှုအကျိုးဆက်ကို စကားရပ်နှစ်ခုဖြင့် ဖော်ပြနိုင်သည်ဟု ဆိုပါသည်။ “သိပ်ဝေး” (Far away) ဆိုသည်နှင့် “ငါတို့ဘာမှမသိ” (We Know Nothing)ဆိုသော စကားရပ်များဖြစ်သည်။ သို့အတွက် “မိမိသက်ဆိုင်ရာ တိုင်းပြည်ကို မိမိတို့စိတ်ကြိုက်အုပ်ချုပ်”ဆိုသော အများညီအမြင်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့နှင့်အမျှ ၀က်စဖေးလီးယားပုံစံ၏ အခြေခံယူနစ်မှာ “အမျိုးသားနိုင်ငံများ” ဖြစ်လာသည်။ အခြေခံမူများမှာ “အချုပ်အခြာအာဏာ” (Sovereignty)၊ “ပြည်တွင်းရေးမစွက်ဖက်ရေး” (Non-intervention)နှင့် “အင်အားချိန်ခွင်လျှာအယူအဆ” (Balance of Power)တို့ ဖြစ်လာသည်။ ဆိုရလျှင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ဤမူများကို အမွေခံထားခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် ယနေ့ ၂၁ ရာစု အင်တာနက်ခေတ်မှာ မြင်းနှင့်သတင်းပို့ရသော ၂၁ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပြီ။ မျက်မှောက်ခေတ် တက္ခနိုလိုဂျီနှင့် လူမှုအကျိုးဆက်ကို ဖော်ပြသော စကားရပ်နှစ်ခုမှာ “ချက်ချင်း” (instant)ဆိုသည်နှင့် “ငါတို့အကုန်သိ” (We Know Everything) ဖြစ်လာသည်။
ဤအပြောင်းအလဲက ၀က်စဖေးလီးယားမူများကို အခြေမှ ကိုင်လှုပ်လာသည်။ ဤအချက်ကို ထောက်ပြပြီး ၁၉၉၅၊ ကုလသမဂ္ဂ ရွှေရတုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ထောင်စုသစ် ထိပ်သီးဆွေးနွေးပွဲတွင် နောက်တစ်ကြိမ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြန်စဉ်းစားကြဖို့ အဆိုပြုသည်များ ရှိလာသည်။ နိုင်ငံအခြေပြု စဉ်းစားနည်းမှ လူ့အခြေပြု စဉ်းစားနည်းသို့ ပြောင်းလဲဖို့ဖြစ်သည်။ သို့တိုင်အောင် အပြည့်အ၀ အောင်မြင်ခဲ့သည်တော့ မဟုတ်ပါ။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော” (Humanitarian)ဆိုသည့် ရှေ့ဆက်ပါ အယူအဆများကိုမူ ဖြည့်စွက် ထည့်သွင်းနိုင်ခဲ့ပါသည်။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော အကူအညီ”၊ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော စွက်ဖက်မှု” စသဖြင့် (ဤအချက်ကိုတော့ “နောက်ဆုံးအားထားရာ” Last Resort အဖြစ်သာ သဘောယူခဲ့ကြသည်။)
ဤတွင် ပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်သည်ပင် ဆိုခဲ့ပါ ချဉ်းကပ်နည်းနှစ်ရပ် (လူ့အခြေပြုနှင့် နိုင်ငံအခြေပြု)ကို ချိန်ခွင်လျှာမျှ စဉ်းစားရသည်ဆိုသော အချက်ဖြစ် ပါသည်။ ယနေ့ ရခိုင်အရေးတွင်လည်း ဤအတိုင်း စဉ်းစားကြည့်မြင်သင့်သည်ဟု သဘောရပါသည်။ လူ့အခြေပြုချဉ်းကပ်နည်း တစ်ခုတည်းကို အားပြုလွန်းလျှင် နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် အမှတ်အသားသရုပ်ကို ထိခိုက်နိုင်စရာ ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံအခြေပြုချဉ်းကပ်နည်း သက်သက်ဆိုပြန်လျှင်လည်း လူ့အခွင့်အရေး ဘက် မှ လျော်ကန်သင့်မြတ်မှု ရှိမည်မဟုတ်ပါချေ။

၂။ မြန်မာနိုင်ငံအဆက်အစပ် (MYANMA CONTEXT)
ယနေ့ မြန်မာနိုင်ငံမှာ သိမ်မွေ့သည်နှင့်အမျှ ရှုပ်ထွေးသော၊ ခက်ခဲသည်နှင့်အမျှ နက်ရှိုင်းသော စိန်ခေါ်ချက်နှစ်ရပ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျက်ရှိနေသည်။ “နိုင်ငံတည်ဆောက်ရေး” (State Building)နှင့် “အမျိုးသားတည်ဆောက်ရေး” (Nation Building)တို့ ဖြစ်ပါသည်။ ဤသည်ပင် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၏ အခက်ခဲဆုံးအပိုင်း ဖြစ်ဖွယ်ရှိသည်။

(က) နိုင်ငံတည်ဆောက်ရေး (State Building)
နိုင်ငံတည်ဆောက်ရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စုပေါင်းဘ၀ တတ်နိုင်သမျှ ဖြစ်ပေါ်လာစေရန် တရားဝင် အင်စတီကျူးရှင်းများ တည်ဆောက်ရသည့် ဖြစ်စဉ်ဖြစ်သည်။
အစဉ်အလာအရ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများတွင် နိုင်ငံတည်ဆောက်ရေး အားကောင်းလေ့ရှိသည်ဟု ဆိုကြသည်များ ရှိသည်။ သို့နှင့်တိုင် ဗြိတိသျှ-အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ်သာ ကာလတာရှည် ရပ်တည်ခဲ့သော မြန်မာနိုင်ငံအတွက်မူ အဆိုပါ အားကောင်းချက်ကို အပြည့်အ၀ရခဲ့သည်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပါ။ မည်သို့ပင်ရှိစေ လွတ်လပ်သော မြန်မာနိုင်ငံအနေနှင့် ဗြိတိသျှကိုလိုနီအမွေဟု ဆိုနိုင်သော နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ဗျူရိုကရေစီကို အထိုက်အသင့် လက်ခံရရှိခဲ့ပါသည်။ သို့တစေ အဆိုပါ အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်းနှင့် ဗျူရိုကရေစီကို ဆက်လက် ဖြည့်ဆည်းပေးရမည့် ပညာရေး အားနည်းမှုများကြောင့် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ တဖြည်းဖြည်း ပွန်းပြတ်၊ ပြတ်သလို ဖြစ်ခဲ့ရသည်။ သည်လိုနှင့် နောက်ဆုံး ၁၉၆၂ နောက်ပိုင်းသို့ ရောက်သောအခါ ယိုယွင်းရုံမျှမက ပြိုလဲသည်ထိ ဖြစ်ခဲ့ရသည်။
ပြောရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေး စိန်ခေါ်ချက်မှာ နှစ်ပေါင်း ၅၀ ကျော် ဝေဒနာခံစားနေခဲ့ရသော နာတာရှည် လူမမာကြီးလို ဖြစ်နေပါတော့သည်။ ယနေ့ မြန်မာခေါင်းဆောင်များအနေနှင့် နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်ရှိကြသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရမည့် ပညာပိုင်းဆိုင်ရာ၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံပိုင်းတွင်မူ အကြီးအကျယ် လစ်ဟာလျက်ရှိနေသည်။ ဆိုရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ယခုမှ တာထွက်ခါစ အလွန်နုနယ်သေးသော အနေအထားဟု ဆိုရပါလိမ့်မယ်။

(ခ) အမျိုးသားတည်ဆောက်ရေး (Nation Building)
အမျိုးသားတည်ဆောက်ရေး ဆိုရာတွင် မျှဝေလက်ခံထားသော သမိုင်း၊ ယဉ်ကျေးမှုဓလေ့၊ တန်ဖိုး၊ ဘာသာစကားနှင့် အမှတ်အသားသရုပ်တို့ဖြင့် စုစည်းပုံဖော်ကြရသည့် သဘောဖြစ်သည်။ တစ်နည်းဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် စုစည်းနေထိုင်ကြမည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမည့် ဖြစ်စဉ်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် ဤတာဝန်ကို ဒီမိုကရက်တစ် နည်းလမ်းတကျ မဖြေရှင်းနိုင်ရာမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်တော့သည်။ မြန်မာ့ပြည်တွင်းစစ် သက်တမ်းမှာ နှစ်ပေါင်း ၆၀ နီးပါးဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး စစ်ပွဲတစ်ပွဲဟု ဆိုရပါလိမ့်မည်။
ယခုအခါ တိုင်းရင်းသားလူမျိုး လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီဖြစ်သည့်တိုင် အရေးကြီးသော “ကချင်လွတ်လပ်ရေးအဖွဲ့” (KIO)နှင့်မူ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးသော အဖွဲ့များနှင့်လည်း နိုင်ငံရေးအရ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရဦးမည်ဖြစ်ရာ အချိန်မရွေး သေနတ်သံ ပြန်ထွက်လာနိုင်သည့် အနေအထားဟု ဆိုရပါလိမ့်မည်။ ဆိုရလျှင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ဆက်လက်လုံးပန်း အားထုတ်ကြရဦးမည် ဖြစ်ပါသည်။
သို့အတွက် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးရော အမျိုးသားတည်ဆောက်ရေးသည်ပါ အလွန်အကဲဆတ်သည့် အနေအထားတွင် ရှိနေဆဲဟူ၍သာ ဆိုရလိမ့်မည် ဖြစ်ပါသည်။

(ဂ) ရခိုင်အရေး (Sectarian Violence In Rakhine State)
ဤမျှ အရေးကြီးသည့် အခြေအနေမှာပင် နုနယ်သေးသော မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမှုအုပ်စု(ကွန်မြူနတီ)နှစ်ခုကြား ဂိုဏ်းဂဏ အကြမ်းဖက်မှုများ ဖြစ်သည်။ အမှန်စင်စစ် ဤကိစ္စမှာ ရှောင်တခင်ဖြစ်ပေါ်လာသည်တော့ မဟုတ်ပါ။ သမိုင်းနှင့်ဆိုင်သလို ပထ၀ီနိုင်ငံရေး အဆက်အစပ်များနှင့်လည်း ပတ်သက်နိုင်ပါသည်။ သို့ဖြစ်လင့်ကစား သမိုင်းဇာစ်မြစ်များကို တူးဖော်ရသည်မှာ အငြင်းပွားဖွယ်ရာ များစွာရှိနိုင်သည်ဖြစ်ရာ ယခုလို သွေးပူနေချိန်မျိုးတွင် သဟဇာတဖြစ်ရေးထက် အာဃာတပွားစရာ ပိုများလိမ့်မည် ထင်သည်။ ဤသို့ဆိုသည်နှင့် သမိုင်းကို ရာဇ၀င်ထဲမှာ ထားလိုက်ဖို့ ဆိုလိုသည် မဟုတ်ပါ။ ပြဿနာ၏ ဇာစ်မြစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆွေးနွေး အဖြေရှာကြရမည်သာ ဖြစ်ပါသည်။ သို့တစေ ယခုလောလောဆယ်တော့ မဟုတ်။ ပြန်လည်သွေးအေးသည့် အခြေအနေတွင် တည်ငြိမ်သော စိတ်နှလုံးဖြင့် ညှိနှိုင်းဆွေးနွေးကြသည်က ပို၍လျော်ကန် သင့်မြတ်လိမ့်မည်ဟု သဘောရပါသည်။
စာရေးသူအမြင်၊ ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်သာမက ပထ၀ီနိုင်ငံရေး ဆက်စပ်အခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်လေမည်လား စဉ်းစားမိသည်။ အထူးသဖြင့် “ထိစပ်နယ်မြေ” (Border Land) ပြဿနာကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်သည်။

(ဃ) ထိစပ်နယ်မြေ (Borderland)
“ထိစပ်နယ်မြေ” ဆိုသည်မှာ သာမန်နယ်စပ်ဒေသ သက်သက်မျှမဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားတွင်ရှိပြီး ပိုင်ဆိုင်မှုအကြိမ်ကြိမ် အပြောင်းအလဲရှိသော နယ်မြေများဖြစ်သည်။ သို့နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့မျိုးစုံတို့ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyalty) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။ ဆိုရလျှင် တင်းမာမှုမျိုးစုံ အချိန်မရွေး ပေါ်ထွက်နိုင်သည့် အနေအထားမျိုး ဖြစ်ပါသည်။
“နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု” (Coventional Immigration)နှင့် ထိစပ်နယ်မြေအတွင်း လူရွှေ့ပြောင်းနေထိုင်မှုများမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သာမန် ရွှေ့ပြောင်းနေထိုင်သူများမှာ အမိမြေကို အပြီးတိုင်ကျောခိုင်းပြီး နယ်မြေသစ်တွင် သဟဇာတဖြစ်အောင် နေကြရသည့်သဘော ရှိသည်။ ပြဿနာမရှိ။ ထိစပ်နယ်မြေအတွင်း အခြေချ နေထိုင်ကြသူများမှာ အမိမြေနှင့် လုံးဝအဆက်ပြတ်သွားသည် မဟုတ်။ အမိမြေနှင့် မူလအသိုင်းအ၀ိုင်းဟောင်းကို ဆွဲဆန့်လိုက်သည့် သဘောပင်ရှိသည်။ ထို့ထက် နိုင်ငံနယ်နိမိတ်များမှာ နိုင်ငံရေးကိုသာ ကိုယ်စားပြုနိုင်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုရေးတို့ကို ကိုယ်စားပြုနိုင်သည်မဟုတ်။ သို့နှင့်အမျှ သစ္စာခံမှုမှာ ထွေပြားနိုင်သလို အပြောင်းအလဲလည်း များနိုင်ပေသည်။

ပြင်သစ်နှင့် ဂျာမနီကြားရှိ အဲလဆက်နှင့် လော်ရိန်းဒေသ (ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေသည့် လတ်တလော အကြောင်းရင်းတစ်ခု)၊ အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ ကက်ရှမီးယားဒေသ (ဤနေရာတွင် နှစ်နိုင်ငံ နယ်စပ်စစ်ပွဲဖြစ်ခဲ့)၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားရှိ ကိုဆိုဗိုဒေသ (ကိုဆိုဗိုစစ်ပွဲ၏ စစ်တလင်း)တို့မှာ ပြဿနာများစွာ တက်ခဲ့ဖူးသော ထိစပ်နယ်မြေများဖြစ်သည်။ အလားတူ ယူကေနှင့် အိုင်ယာလန်ကြားရှိ မြောက်ပိုင်းအိုင်ယာလန်၊ ယူအက်စ်မက္ကဆီကို နယ်နိမိတ် တစ်လျှောက်တို့မှာလည်း အချိန်မရွေးဆိုသလို မီးခိုးအူနေသော ထိစပ်နယ်မြေများပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဆိုခဲ့ပါ ထိစပ်နယ်မြေလက္ခဏာများ ရှိနေသည်ဖြစ်ရာ ပြဿနာ၏ ဇာစ်မြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မည်ထင်ပါသည်။ အကျော်ဒေးယျ အနာဂတ္တိဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေများကို “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” (Geopolitical Fault Lines)အဖြစ် သတ်မှတ်သည်။

၃။ ဘာလုပ်ကြမည်နည်း (What is to be done?)
ပြဿနာမှာ နက်ရှိုင်းထွေပြားသော ဇာစ်မြစ်မျိုးစုံ ရှိနိုင်သည်ဖြစ်ရာ နေ့ချင်းညချင်း အပြီးသတ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့တပြီကား- ဘာလုပ်ကြမည်နည်း။ ဤနေရာတွင် ကျမ်းမြတ်ကိုရာမ်၏ သင်ကြားချက်အချို့ကို အကိုးအကား ပြုလိုပါသည်။
ယခုလို–
“မည်သူပင်ဖြစ်စေ အပြစ်မဲ့သူကိုသတ်လျှင် လူသားတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းမည်ပေ၏”။
“မည်သူပင်ဖြစ်စေ လူတစ်ယောက်ကို ကယ်တင်လျှင် လူသားတစ်ရပ်လုံးကို ကယ်တင်ရာမည်ပေ၏”။ ကျွန်တော်တို့အနေဖြင့် ကျမ်းမြတ်ကိုရာမ်၏ အထက်ပါ မိန့်မှာချက်အတိုင်း ပုံသဏ္ဌာန်မျိုးစုံ သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရပါလိမ့်မည်။ ပုံသဏ္ဌာန်မျိုးစုံ ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်ခဲနက် ဆောင်ရွက်ကြရပါလိမ့်မည်။ အမုန်းမီးပွားများဖြင့် ပူလောင်တင်းမာနေကြသော လူမှုအုပ်စုနှစ်ခုကို ပြန်လည်ရင်ကြားစေ့ ပေးရပါလိမ့်မည်။ အာဃာတအနေအထားကို သဟဇာတအခြေဆိုက်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မည်။ ဤသည်သာ ဘာသာတရားမျိုးစုံက ကောင်းချီးပေးကြမည့် နတ်လူသာဓုခေါ်စေမည့် အပြုအမူဖြစ်ပါသည်။

(က) ရင်ကြားစေ့ရေးနှင့် သဟဇာတမျှရေး (Reconciliation and Harmony)
ကိုလံဘီယာ၊ ဆိုမာလီယာ နစ်ကာရာဂွါ၊ မြောက်အိုင်ယာလန် စသည့်ဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများကို ဦးဆောင်ခဲ့သည့် ဂျွန်ပေါလ်လီဒါအက်ခ်ျ၏ အလိုအရ ပြန်လည်ရင်ကြားစေ့ရေး ဆိုသည်မှာ မှန်ကန်မှုနှင့်စာနာမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ပေါင်းစုံရာဟု ဆိုပါသည်။ (Reconciliation is the place where ‘Truth’ and ‘Mercy’, ‘Justic’ and ‘peace’, met.) ပုံနှင့် ယှဉ်တွဲစဉ်းစားဖို့ဖြစ်သည်။
ဤသို့သော ပြန်လည်ရင်ကြားစေ့နိုင်မည့် အခြေအနေရပြီဆိုလျှင် “လူမှုသဟဇာတမျှရေး” (social harmony)သို့ အသေအချာ ဦးတည်နိုင်ပါလိမ့်မည်။ ဤနေရာတွင် လူသားထုအတွက် ကံကောင်းလှသည်မှာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ စသော ကမ္ဘာ့ဘာသာတရားတိုင်းတွင် လူမှုသဟဇာတမျှရေးသို့ ဦးတည်စေသည့် “အပြုသဘောဆောင်သော မျှဝေတန်ဖိုးများ” (positive shared values) ရှိနေခြင်းပင်ဖြစ်သည်။ ဤသည်တို့မှာ “ခန္တီ” (tolerance)၊ “မေတ္တာ” (love/ kindness)၊ “ကရုဏာ” (honesty)နှင့် “အနာဂတ်မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်း” (welfare of future generation)တို့ ဖြစ်ပါသည်။
ခန္တီဆိုသည်မှာ ဆန့်ကျင်ဘက် ရပ်ခံမှုများကို ခွင့်ပြုနိုင်လောက်သော ရင့်ကျက်မှုကို ဆိုလိုရင်းဖြစ်သည်။ မေတ္တာမှာ “အရှုံးအနိုင် အဖြေထွက်စေသော ဆက်ဆံရေး” (zero-sum)မဟုတ်။ “နှစ်ဖက်အနိုင်ရစေမည့် ဆက်ဆံရေး” (win-win)မျိုးဖြစ်သည်။ ကရုဏာဆိုသည်မှာ ဒုက္ခရောက်နေသူများအပေါ် စာနာစိတ်ဖြင့် ကူညီလိုမှုကို ဆိုလိုသည်။ ရိုးသားမှုကား လူမှုဆက်ဆံရေး အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ပင်။ အနာဂတ် မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်းဆိုသည်မှာ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ဖို့ဖြစ်သည်။ ဤသို့သော အပြုသဘောဆောင်သည့် မျှဝေဖန်ဖိုးများကိုသာ လက်ခံကျင့်သုံးနိုင်ပြီဆိုလျှင် မည်သို့သော ပြဿနာမျိုးပင်ဖြစ်စေ ထက်ဝက်မက ဖြေရှင်းပြီးသား ရောက်ပါလိမ့်မည်။

(ခ) လတ်တလောမှ ရေရှည်သို့ (From currnet to long-term)
ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများအတွင်း နှစ်ဖက်လူမှုအုပ်စုများ၏ စိတ်ခံစားမှုနှင့် စိုးရိမ်မကင်းဖြစ်ရမှုများကို အထိုက်အသင့် ဆ၀ါးခွင့်ရခဲ့ရာ စာရေးသူအတွက်တော့ “အမြတ်”ပင် ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများက မိမိတို့၏ အမှတ်အသားသရုပ်နှင့် နယ်မြေလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ အလွန်သဘာဝကျသော စိုးရိမ်မှုဟု သဘောရပါသည်။ “နိုင်ငံသားဖြစ်မှု အခွင့်အရေး” (right to citizenship)ဆိုသော တစ်ဖက်အုပ်စုမှ မိတ်ဆွေများ၏ ဆန္ဒကိုလည်း ကြားနာခွင့်ရခဲ့ပါသည်။
ဤကိစ္စနှင့် ပတ်သက်လျှင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရေရှည်ဆွေးနွေး အဖြေရှာကြရမည် ထင်ပါသည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအပေါ် ဝေဖန်ကြသည်များလည်း ရှိသည်။ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ဆိုသည်မှာ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်လမ်းကြောင်းမှ သွားကြရမည်ဖြစ်ရာ ကာလတစ်ခု အချိန်ယူကြရပါလိမ့်မည်။ “လူမျိုးစုအခွင့်အရေး” (ethnic right)ဆိုလျှင်ကား ပို၍အချိန်ယူရဦးမည့်သဘော ရှိမည်ထင်သည်။ ဤပြဿနာမှာ ရခိုင်ပြည်နယ်အရေး သက်သက်မျှမဟုတ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ခုလုံး၏ “စုပေါင်းအမှတ်အသားသရုပ်”နှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို သတိချပ်ကြဖို့ လိုပါလိမ့်မည်။
ပဋိပက္ခသဘောဆောင်နေသော လူမှုအုပ်စုနှစ်ရပ်လုံး၏ ယခု လောလောဆယ် တူညီသောဆန္ဒသည်ကား လုံခြုံရေးနှင့် အသက်ဆက်ရှင်သန်ရေးဟု နားလည်ရပါသည်။ ဤသည်ပင် နှစ်ဖက်လုံး၏ “ဘုံတူညီချက်” (common ground) ဖြစ်လေရာ ဤနေရာမှ အစပြုကြရလိမ့်မည်ဟု သဘောရပါသည်။ တူတာတွဲလုပ်ရင်း မတူညီမှုများကို ညှိနှိုင်းအဖြေရှာကြခြင်းသည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါလော။

နိဂုံး (Conclusion)
ယခုစာစုကို ဒီမိုကရက်တိုင်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော ပညာရှင်တစ်ဦးဖြစ်သူ တောမတ်ကရိုသာ၏ စကားဖြင့် နိဂုံးချုပ်လိုပါသည်။ (ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုလောက်က ကရိုသာကိုယ်တိုင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ဖူးသည်။) သူက စိန်ခေါ်ချက်များဖြင့် ပြည့်လျှမ်းနေသော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထင်သာမြင်သာရှိသော ဥပမာဖြင့် ယခုလို သုံးသပ်ဖော်ပြခဲ့သည်။
“သွားရမယ့်ခရီးက တစ်ဖက်တစ်ချက်မှာ ချောက်ကမ်းပါးကြီးတွေရှိနေတဲ့၊ တံတားအို၊ တံတားကျဉ်း။ မောင်းလာရတဲ့ကားက ချုံးချုံးကျနေတဲ့ ကားအိုကားဟောင်း၊ ဒီကြားထဲ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြတာ…” စသဖြင့်။ ဤမျှ အခြေအနေဆိုးလှသော ခရီးကို ဤလိုယိုယွင်းနေသော ကားကြီးဖြင့် ဤသို့ ရန်ဖြစ်နေကြသော ခရီးသည်များ တင်ဆောင်မောင်းနှင်နေရသော ဒရိုင်ဘာထိုင်ခုံထက်မှ အစိုးရ၏ အခက်အခဲကို အလွယ်တကူပင် မှန်းဆနိုင်ပါလိမ့်မည်။ မောင်းနှင်နေသောကားကြီး အင်ဂျင်ကောင်းဖို့၊ ရှော့ဘားပြင်ဖို့ အထူးအရေးကြီးသလို (နိုင်ငံတည်ဆောက်ရေး) ရှေ့ဆက်ရမည့် ခရီးဖြစ်သည့် တံတားအိုကြီး လုံခြုံစိတ်ချရဖို့ (အမျိုးသားတည်ဆောက်ရေး)လည်း အထူးအရေးကြီးသည်။ ဤလုပ်ငန်းတာဝန်နှစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်ဖို့ဆိုလျှင် ကားပေါ်တွင်ပါလာသော ခရီးသည်အားလုံး (နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သည်ဖြစ်စေ တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားမဟုတ်သည်ဖြစ်စေ) ရန်ဖြစ်နေလို့ မဖြစ်ပါ။ ညီညွတ်သင့်မြတ်ပါမှ ရှေ့ခရီး အန္တရာယ်ကင်းပါလိမ့်မည်။
ဤသို့သော အရပ်ရပ်အခြေအနေကို ထောက်ချင့်ပြီးသကာလ မြန်မာ့ဒီမိုကရေစီရေးကို ဗူးလေးရာ ဖရုံမဆင့်စေဘဲ နားလည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းကူညီ အားဖြည့်ပေးကြဖို့ မိတ်ဆွေအားလုံး (အထူးသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း)ကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

စာပြီးနေ့
၂၈၊ စက်တင်ဘာ၊ ၂၀၁၂
 မွတ်စလင် သတင်းစဉ်မှ ကူးယူဖော်ပြပါသည်။

ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ဖြေကြားသော ၂၀၁၄ သန်းခေါင်းစာရင်း နှင့် ၁၉၈၂ နိုင်ငံသား ဥပဒေ ကိစ္စ

                                                              
ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ  မြန်မာနိုင်ငံသား ဥပဒေ၊ တိုင်းရင်းသားအရေး နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်ပြင်ဆင် မှုများနှင့် ပတ်သက်၍ မေးခွန်းများ အား လူဝင် မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဖြေကြား ဆွေးနွေးထားပါသည်။
ဦးသန်းလွင်ထွန်း ။ ။ ဝန်ကြီးခင်များ ကျနော်တို့ ဗွီအိုအေကို အခုလို သီးသန့်တွေ့ဆုံခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် ပထမဦးဆုံး သိချင်တဲ့ကိစ္စက မကြာခင်နှစ်ပိုင်း အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့  မလုပ်တာကြာပြီဖြစ်တဲ့ သန်းခေါင်းစာရင်းကောက်မှုကိစ္စတွေ အဲဒါတွေက မကြာခင်မှာစတော့မယ်ဆိုတော့ ဒါက နဂိုကတည်းက စီမံထားတာလား၊ တိုက်ဆိုင်မှု သက်သက်လား။ အခု အထူးသဖြင့် ရခိုင်ပြည်ဖက်မှာလည်း ဒီလို လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမျိုးစုံ ဖြစ်နေတော့။ အဲဒါလေးကို တချက်ရှင်းပြပေးပါ။
ဦးခင်ရီ ။ ။ သန်းခေါင်းစာရင်းက ပြည်လုံကျွတ်အဆင့်ပေါ့။ ပြည်လုံကျွတ်အဆင့်ကောက်တဲ့ကိစ္စက လွတ်လပ်ရေးရကတည်းက နှစ်ကြိမ်ပဲကောက်ရသေးတယ်။ ပထမတကြိမ်က ၁၉၇၃ မှာ တကြိမ်ကောက် တယ်။ နောက် ဆယ်နှစ်ခြားပြီးတော့ ၁၉၈၃ မှာတကြိမ်ကောက်တယ်။ အခုတော့ မကောက်တာ နှစ်ပေါင်း (၃၀) ကြာပြီပေါ့။ နှစ်ပေါင်း (၃၀) ကျော်ကြား တဲ့အ တွက်ကြောင့် သန်းခေါင်းစာရင်းဆိုင်ရာ အချက်အလက်တွေကလည်း နိုင်ငံအတွက်အရေးကြီးတဲ့ အခြေခံစာရင်း ဇယားဖြစ်တဲ့ အတွက်ကြောင့် ကောက်ဖို့လို တယ်ဆိုတဲ့ အချက် က လည်း ကောက်ရတဲ့အကြောင်းရင်းမှာ အချက်တချက်။ ဒုတိယအချက်ကလည်း ကျနော်တို့ ပြင်ဆင်နေတုန်းမှာပဲ ကျင်းပဆဲ အဲဒီအချိန် က ပထမ အကြိမ် ပြည်သူ့ လွှတ်တော် မှာ မဲဆန္ဒရှင် တဦး၊ လွှတ်တော်ကိုယ်စားလှယ်တဦးက တင်ပြတယ်။ မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်အဆင့် သန်းခေါင်းစာရင်း မကောက် တာ လည်း နှစ်ပေါင်း (၃၀) လောက်ကြာနေပြီ ။ ကောက်ဖို့ အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းကလည်းမေးတယ်။ ဆိုတော့ ပထမထဲကလည်း ကျနော်တို့က လည်း ကောက်ဖို့ အစီအစဉ် ရှိတယ်။ ပြည်သူ က လည်း ဒီကိစ္စ ကို ကောက်ဖို့လိုလားတယ်ဆိုတဲ့အတွက်ကြောင့် ဒီကိစ္စကို ဖြစ်သွားတဲ့သဘောပါ။
ဦးသန်းလွင်ထွန်း ။ ။ တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်းစာရင်းကောက်တယ်ဆိုတာ အတော်လေးကို ကြီးကျယ်တဲ့ အင်မတန်ကို ခက်ခဲတဲ့၊ အင်မတန်ကို ငွေကြေးအ ကုန်အကျများ မယ့်ကိစ္စပေါ့။ အဲဒါနဲ့ ပတ်သက်လို့ကော နိုင်ငံတကာရဲ့  အကူအညီတွေ၊ နောက် ပြည်တွင်းက လုပ်အားပေးတွေ၊ အဲဒါမျိုးတွေကို စီမံထားတာ ရှိပါသလား။
ဦးခင်ရီ ။ ။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် သန်းခေါင်းစာရင်း ကောက်ယူရေးက အဆင့် (၄) ဆင့်နဲ့ လုပ်သွားမှာပါ။ ပထမအဆင့်က ကြိုတင်ပြင်ဆင်ခြင်း အဆင့်။ နောက် မြေပြင်မှာ ကွင်းဆင်းပြီး ကောက်တဲ့အဆင့်။ တတိယအဆင့်က ရှင်းရှင်းလေးပြောလို့ရှိရင် ကောက်ပြီးသားစာရင်းတွေကို ပြန်လည်စုစည်းတဲ့အဆင့်။ နောက်ဆုံးအဆင့်က final report တိုင်းပြည် ကို ကြေညာတဲ့ အဆင့်။ အခု ကျနော်တို့ ဒီကာလက ပြင်ဆင်ခြင်းအဆင့်ထဲမှာ ရောက်နေတာပါ။ ပြင်ဆင်ခြင်းအဆင့်မှာလည်း အဆင့်တွေ မြောက်မြားစွာ ရှိပါတယ်။ အခုန မေး သလို ဒီဥစ္စာကလည်း အင်မတန်လည်းရှုပ်ထွေးတယ်။ အင်မတန်လည်း ငွေကုန်ကြေးကြများတယ် ဆိုတဲ့အခါကြတော့ ကျနော်တို့ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်တာက UN နဲ့ ပူးပေါင်းဆောင် ရွက်တာပါ။
UN နဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ UNFPA (United Nations Population Fund) ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့က ကျနော်တို့ရဲ့  အဓိက focal အဖွဲ့အစည်းတခုပါ။ ဆိုတော့ အဲဒီ အဖွဲ့နဲ့ပေါင်းပြီးတော့ နိုင်ငံတကာ အကူအညီတွေယူပါတယ်။ လောလောဆယ်တော့ နိုင်ငံတကာ international consultants တွေ အခုအချိန် ကျနော်လာတဲ့အချိန်အထိ (၆) ယောက်လောက် ရောက်နေပြီ။ ဒါက သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းအတွက် အခြေခံကျတဲ့ မြေပုံနဲ့ ပတ်သက်တဲ့ အကြံပေးပညာရှင်တွေ။ နောက် ပြည်သူကို publicity campaign ပြည်သူကို အသိပေးရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ နောက်တခုက questionnaire ပြည်သူကိုမေးမယ့် မေးခွန်းနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ အဲဒီလိုကိစ္စတွေမှာ အကြံပေးမယ့် international consultants တွေပါသလို။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ပညာရှင်တွေ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းဟောင်းတွေနဲ့ စဉ်ဆက် မပျက်ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတဲ့သဘော ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် မြန်မာနိုင်ငံရဲ့  လူဦးရေနဲ့ ပတ်သက်လို့ရှိရင် ခန့်မှန်းချက်တွေပဲ ရှိနေတယ်။ တချို့ ကလည်း သန်း (၆၀) လောက် ရှိနေပြီပြောတယ်။ တချို့ ကလည်း သန်း (၅၀) ကျော်ကျော်ပဲလို့ပြောတယ်။ ဝန်ကြီးရဲ့  အကြမ်းမျဉ်းခန့်မှန်းချက်က ဘယ်လောက်ရှိမလဲ။
ဦးခင်ရီ ။ ။ တရားဝင် ထုတ်ပြန်ထားတာကတော့ နှစ်စဉ် အောက်တိုဘာ (၁) ရက်နေ့မှာ ထုတ်ပြန်ရတယ်။ ကျနော်တို့ ပြီးခဲ့တဲ့နှစ်က တရားဝင်ထုတ်ပြန်ချက်က ၆၀.၃၈ သန်းပါ။ သို့သော်လည်း ဒီစာရင်းသည် ၈၃ နောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းပေါ်မှာ အခြေခံတယ်။ နောက် ကွက်ကြားကွက်ကြား သီးခြားမြို့ နယ်တွေမှာ စစ်တမ်းကောက် ယူတာရှိ တယ်။ ဒီ နှစ်ခုကို ပေါင်းစပ်ပြီးတော့ လူဦးရေပညာနဲ့ ခန့်မှန်းတွက်ချက်တာ ဖြစ်ပါတယ်။ အဲဒါ မှန်သလား၊ နည်းသလား၊ များသလားဆိုတာကတော့ ဒီတခါ ကောက်ကြည့်တော့မှပဲ တိကျတဲ့ ကိန်းဂဏန်းထွက်မှာပဲ။
ဦးသန်းလွင်ထွန်း ။ ။ သန်းခေါင်းစာရင်းကောက်ပြီ၊ လူဦးရေစာရင်းကောက်ပြီဆိုတော့ အခုလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံမှာ တော်တော်လေး လူပြောများပြီးတော့ တော်တော်လေး လည်း အထူး သဖြင့် ရခိုင်ပြည်နယ်ဖက်မှာ အဓိကထားပြီး စိတ်ဝင်စားနေတဲ့အချက်က နိုင်ငံသားဖြစ်မှု။ ဒီ သန်းခေါင်းစာရင်းကိစ္စနဲ့ နိုင်ငံသားစီစစ်ရေးကိစ္စနဲ့ ဘယ်လောက်များ ဆက်နွှယ်မှုတွေ ရှိနေမလဲ။
ဦးခင်ရီ ။ ။ အမှန်ပြောရရင်တော့ ဆက်နွှယ်မှု မရှိပါဘူး။ ကျနော်တို့ကတော့ သန်းခေါင်းစာရင်းကိစ္စဆိုတာ မြန်မာပြည်ရဲ့  နယ်မြေအတွင်းမှာ မှီတင်းနေထိုင်တဲ့ မည်သည့်ပုဂ္ဂိုလ်မဆို ထည့်သွင်းကောက်ယူသွားမှာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ သန်းခေါင်းစာရင်းထဲမှာ မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား။ ဒီလို သတ်မှတ် ချက်လေးတွေ မပါဘူးလား။
ဦးခင်ရီ ။ ။ အဲဒါက သန်းခေါင်းစာရင်းမှာ မပါဘူး။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဆုံးဖြတ်တာက အခုလက်ရှိ existing law ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့သာ ဆုံးဖြတ် သွားတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလာမယ့် သန်းခေါင်းစာရင်းကိစ္စကတော့ နိုင်ငံသားနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ဒါဆိုလို့ရှိရင် ကျနော့်အနေနဲ့ နိုင်ငံ သားကိစ္စကို ပဲ သေချာမေးပါ ရစေ။ နိုင်ငံ သားကိစ္စက အရင်ရှိပြီးသား ဥပဒေအတိုင်းကိုပဲ အတည်ယူပြီးတော့ အခုလက်ရှိ နိုင်ငံသားပြန်လည်စီစစ်ရေးကို လုပ်မလား။ ဥပဒေကို နည်းနည်းပြန်ပြင်ဖို့ အကြောင်း အရာတွေများ ရှိပါသလား။
ဦးခင်ရီ ။ ။ အခုအချိန်အထိတော့ ဥပဒေကိုပြင်ဖို့ တောင်းဆိုချက်လည်းမရှိဘူး။ ကျနော်တို့မှာလည်း အစီအစဉ် မရှိပါဘူး။ အခု ကျနော်တို့ နိုင်ငံသားအဖြစ် ဆုံးဖြတ်တယ်ဆိုတဲ့နေရာမှာ လက်ရှိ ကျနော်တို့ စနစ်က မည်သည်လူမျိုး၊ မည်သည်ဘာသာ၊ မည်သည်အသွင်သဏ္ဍာန်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘူး။ နိုင်ငံသာဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီသာ ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ အဲဒါနဲ့ညီရင် နိုင်ငံသားဖြစ်မယ်။ အဲဒါနဲ့မညီရင် နိုင်ငံသားမဖြစ်ဘူးဆိုတဲ့သဘောပါ။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကတော့ အများကြီးရှိသေးပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံသားအပြင် နောက်တခုက တိုင်းရင်းသားတွေ အမျိုးအစားခွဲခြားတဲ့ကိစ္စတွေ။ ဒီနေရာမှာ ဟိုအရင်ကတော့ ပါလီမန်ဒီမိုကရေစီခေတ်ကဆိုရင် ရခိုင်ပြည်နယ် ထဲမှာ ဘူးသီးတောင်၊ မောင်းတော်ဒေသတွေမှာ ရိုဟင်ဂျာလူမျိုးဆိုပြီးတော့ ထည့်သွင်းပြီးတော့ ရိုဟင်ဂျာအသံ မြန်မာ့အသံကနေ အသံလွှင့်ပေးခဲ့တာတွေတောင် ရှိခဲ့တယ်။ ဒီနောက်ပိုင်း မှာတော့ ရိုဟင်ဂျာလူမျိုးဆိုတာကို စာရင်းကနေ ပယ်ဖျက်ပြီးတော့ အခုအချိန်အထိလည်း ဒါ မြန်မာအစိုးရရဲ့  ရပ်တည်ချက်က ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုး မဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်မျိုးရှိတယ်။ တဖက်ကလည်း ရိုဟင်ဂျာတွေက သူတို့ဟာ တိုင်းရင်းသားလူမျိုးပါဆိုပြီးတော့ ပြောနေတာတွေရှိတော့ ဝန်ကြီးရဲ့ အမြင်လေးက ဘယ်လိုရှိပါသလဲ။
ဦးခင်ရီ ။ ။ ဒီမေးခွန်းမျိုးက ကျနော် မကြာခဏ ရင်ဆိုင်ရပါတယ်။ အဲဒီတော့ ကျနော့်ဖက်က တရားဝင်ပြောရမယ်ဆိုရင်တော့ ရိုဟင်ဂျာဆိုတာက ကျနော်တို့ လူမျိုးထဲမှာ မပါဘူး။ ကျနော်တို့နိုင်ငံမှာ အဓိကကျတဲ့ တိုင်းရင်းသား လူမျိုး (၈) မျိုး ရှိပါတယ်။ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ချင်း – ဒီ (၈) မျိုး plus သူနဲ့ဆက်နွှယ်တဲ့ minority တွေပေါင်း လိုက်ရင် လူမျိုး (၁၀၁) ပါးလို့ ခေါ်တာပေါ့။ အဲဒီအထဲမှာ ရိုဟင်ဂျာဆိုတာ မပါဘူး။ ကျနော်တို့မှာ အခုနပြောသလို လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သန်းခေါင်း စာရင်း နှစ်ကြိမ်ကောက်တယ်။ ၁၉၇၃ မှာ တကြိမ်ကောက်တယ်။ ဆယ်နှစ်ခြားပြီးတော့ ၁၉၈၃ တကြိမ်ကောက်တယ်။ အဲဒီရဲ့  ထုတ်ပြန်ချက်တွေမှာလည်း ရိုဟင်ဂျာဆိုတဲ့လူမျိုး ထည့်ရေးထားတာ မပါဘူး။ ဒီ ရခိုင်ပြည်နယ်မှာရှိတဲ့လူတွေကို ဘင်္ဂလားဒေ့ရှ်ရှီလူမျိုးနဲ့ စာရင်းသွင်းထားတယ်။
လွတ်လပ်ရေးမရခင် အထူးသဖြင့် ဗြိတိသျှကိုလိုနီအောက်မှာ ရှိတုန်းက ထုတ်ပြန်ထားတဲ့ gazette documents တွေမှာလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမပါဘူး။ ထို့ကြောင့် ကျနော် ပြောတာကတော့ အထောက်အထားနဲ့ ပြောတာပါ။ အဲဒီလို အထောက်အထားနှစ်ခုအရ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ မရှိဘူး။ ဘင်္ဂလီဆိုတဲ့လူမျိုးပဲ ရှိတယ်။ ဒီ ဘင်္ဂလီ ကလည်း အားလုံးသိတဲ့အတိုင်း ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်တော့ မြန်မာပြည်အနောက်ခြမ်း ဗြိတိသျှလက်အောက်ကိုရောက်တယ်။ ကျနော်တို့က အိန္ဒိယပြည်ရဲ့  ပြည်နယ်ခွဲ တခု ဖြစ်တယ်။ အဲဒီမှာ အကြောင်းအမျိုးမျိုးကြောင့် အဲဒီဖက်ကရှိတဲ့ ဘင်္ဂလီတွေ ဒီဖက်ကိုလာပြီး အလုပ်လုပ်ရင်နဲ့ တချို့ လည်းပြန်ပြီးတော့ မထွက်တော့ဘူးပေါ့။ ဒါတွေက လွတ်လပ်ရေး နဲ့အတူ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿတွေဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးကတော့ မရှိဘူးလို့ တရားဝင်သတ်မှတ်ပြီး ပြောလို့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နိုင်ငံသား အခွင့်အရေးနဲ့ တိုင်းရင်းသား အခွင့်အရေး။ လောလောဆယ်အားဖြင့် မြန်မာပြည်မှာရှိနေတဲ့ တည်ဆဲဥပဒေတွေအရ ဘာတွေများ ကွာခြားချက်တွေ ရှိနေပါသလဲ။ နိုင်ငံသား အခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေး။
ဦးခင်ရီ ။ ။ အမှန်ကတော့ နိုင်ငံသားတယောက်ဖြစ်ပြီဆိုရင် ကျနော်တို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံမှာပါတဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရတာပေါ့။ နိုင်ငံသားရယ်လို့ ဖြစ်သွားရင် အခွင့်အရေး အကုန်ရတာပေါ့။ အခုနောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေက အချို့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ ဒီအခွင့်အရေးမျိုးဖြစ် တန်တူမရဘူးဆိုတဲ့ ဒီလို တောင်းဆိုမှု မျိုးတွေရှိ တယ်။ အမှန်ကတော့ အကုန်လုံးအတူတူပဲ။ အကုန်လုံး နိုင်ငံသားရယ်လို့ ကျနော်တို့ အသိအမှတ်ပြုခံရလို့ရှိရင် နိုင်ငံသား အခွင့်အရေးသည် ဖွဲ့စည်းပုံအခြေခံမှာရှိတဲ့ အခွင့်အရေးက အားလုံးအတူတူဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တိုင်းရင်းသားအခွင့်အရေးဆိုပြီး တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ခေါ်ခံစေချင်တဲ့ဆိုတဲ့ သဘောရယ်နောက်ကွယ်မှာ ဘာတွေများ ရှိနေပါသလဲ။ ဘယ်လိုအခွင့်အရေးမျိုးတွေ ဆက်တိုက်ပါလာနိုင်သလဲ။
ဦးခင်ရီ ။ ။ ဒါကတော့ တောင်းဆိုတဲ့ ကာယကံရှင်တွေကပဲ သိမယ်ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဘာကြောင့်လည်းဆိုတော့ ကျနော်မေးရတဲ့အကြောင်းကလဲ အထူးသဖြင့် ရခိုင်ပြည်ဖက်မှာဆိုရင် ဒေသခံရခိုင်လူမျိုးတွေနဲ့ အခု ဝန်ကြီးပြောတဲ့ ဘင်္ဂလားဒေ့ရှ် ဖက်ကလာတဲ့ လူတွေပေါ့။ ပြောရမယ်ဆိုလို့ရှိရင်လည်း လူဦးရေအခြေအနေအရဆိုရင်     ဝန်ကြီးတို့ ပိုသိပါတယ်။ တချို့ နေရာတွေမှာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတဲ့ မျိုးနွယ်တွေ။ သူတို့တွေ က အများစုပိုဖြစ်နေကြတာကို တွေ့ရပါတယ်။ ဆိုတော့ ဒေသခံရခိုင်တွေအနေနဲ့လည်း သူတို့နယ်မြေ ဆုံးရှုံးမလား။ သူတို့ တိုင်းရင်းသားပိုင်ဆိုင်မှုတွေ ဆုံးရှုံးမလားဆိုပြီး စိုးရိမ်နေကြတာတွေရှိတယ်။ သူတို့ရဲ့  စိုးရိမ်မှုတွေဟာ တကယ်ကို စိုးရိမ်စရာအခြေအနေမှာ ရှိနေသလား။
ဦးခင်ရီ ။ ။ လူဦးရေအရ ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် မောင်းတော်ဖက်မှာတော့ တခြားနိုင်ငံဖက်က ဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေက ၉၈% လောက်ရှိတယ်။ အဲဒီဖက်မှာကြည့် ရင်တော့ များတာပေါ့။ သို့သော်လည်း ကျနော်တို့ကတော့ လက်ရှိ နိုင်ငံထဲမှာရှိတဲ့ လူနဲ့ ပတ်သက်ပြီးတော့ ဘာကိုပဲ စဉ်းစားသလဲဆိုတော့ နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိတယ်မရှိဘူးဆိုတဲ့ အခြေအနေပေါ်မှာပဲ နိုင်ငံတော်က စဉ်းစားတာပေါ့။ ဆိုပါစို့ အခုနပြောတဲ့ တိုင်းပြည်ရဲ့  လွတ်လပ်ရေးနဲ့အတူ ရောက်လာတဲ့ ဘင်္ဂလီလူမျိုးတွေ ဒီလူ မျိုးတွေ နိုင်ငံ သား အဖြစ် လျှောက်ချင်တယ်ဆိုရင် လျှောက်ခွင့်ရှိတာတွေရှိတယ်။ သို့သော်လည်း ပြည့်စုံရမယ့် criteria တွေရှိတယ်။ အဲဒီအထဲက တချို့ ကို ပြောလို့ရှိရင် ဒီပုဂ္ဂိုလ်တွေ သည် ၁၉၄၈ မတိုင်ခင် တုန်းက မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ခဲ့တဲ့ မျိုးရိုးစဉ်ဆက်ကနေ ပေါက်ဖွားလာသူတွေ ဖြစ်ရမယ်။
အကြမ်းမျဉ်းပေါ့ ဒီလို သတ်မှတ်ချက်တွေရှိတယ်။ ဒီ ပုဂ္ဂိုလ် တယောက် က နိုင်ငံသားအဖြစ် လျှောက်ချင်တယ်ဆိုရင် သူ့အဖိုးအဖွားသည် ၁၉၄၈ မတိုင်မီ လွတ်လပ်ရေးမရခင်၊ ဒီမှာမွေးရမယ်၊ ဒီမှာပဲ အသက်ဆုံးရှုံးရမယ်၊ သူ့အဖေအမေသည် ဒီမှာမွေးရမယ်၊ ဒီမှာပဲ အသက်ဆုံးရှုးရမယ်၊ two generations သူကလည်း ဒီမှာပဲ မွေးရမယ်၊ ဒီမှာပဲ ဆက်နေမယ်လို့ ဆန္ဒရှိရမယ်။ တိုင်းပြည်ပေါ်မှာလည်း သစ္စာရှိရ မယ်၊ မြန်မာ စကား လည်း ပြောတတ်ရမယ် စသဖြင့် criteria တွေ များများစားစား ရှိပါတယ်။ အဲဒါဆိုရင် သူသည် နိုင်ငံသားအဖြစ် လျှောက်ပိုင်ခွင့်ရှိတယ်။ ဘယ်ကိုလျှောက်ရသလဲဆိုတော့ ဗဟို အဖွဲ့ကို လျှောက်ရတယ်။
ကျနော်တို့ ၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ၆၇ မှာ ဗဟိုအဖွဲ့ကို တရားဝင်ဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌက ကျနော်ပါ။ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင်များဖြစ်ပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကြည့်လိုက်လို့ရှိရင် ဒါသည် နိုင်ငံတော်ရဲ့  တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ national security, national interests ကို ရည်ရွယ်ပြီးတော့ ပြည့်ပြည့်စုံစုံ စဉ်းစားနိုင်အောင် ဒီအဖွဲ့ဝင်တွေက ဖွဲ့ထားတယ်ဆိုတာကို မြင်သာပါတယ်။ အဲဒီတော့ ဒီအဖွဲ့တွေက အခုနပြောတဲ့ criteria နဲ့ပြည့်စုံမယ်ဆိုရင် အဆင့်ဆင့် မြို့ နယ်ကတဆင့် ထောက်ခံလိုက်လို့ ဗဟိုအဖွဲ့ကို ရောက်လာတယ်ဆိုရင် သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် သူသည် ပြု-နိုင်ငံသား၊ အင်္ဂလိပ် လို့တော့ naturalized citizen ဟိုတုန်းကတော့ ဧည်နိုင်ငံသား။
ဧည်ဆိုတာက ၈၂ ခုနှစ် မတိုင်ခင်ဆိုရင် ဧည်။ ၈၂ ဥပဒေပေါ်ပြီးတဲ့အခါကြတော့ ပြု ပေါ့။ associated citizen – naturalized citizen. အဲဒါ ရပိုင်ခွင့်ရှိ တယ်။ အဲဒီလို naturalized citizen ဖြစ်သွားပြီးတော့နောက် automatically သူ့ရဲ့  third generation မှာ သူသည် နိုင်ငံ သား ဖြစ်သွား မယ်။ အခုလက်ရှိ ရှိနေတဲ့လူတွေမှာ ပြု-နိုင်ငံသား ရှိတဲ့လူတွေရှိတယ်။ နိုင်ငံသားဖြစ်ပြီးသာလူတွေ ရှိတယ်။ မည်သည့်နိုင်ငံကမှ လောလောဆယ် သံသယဖြစ်ဖွယ်ရှိတဲ့ လူတွေတော့ white card တွေ ပေးထားတာရှိတယ်။ white card သည် temporary identity card. ဒီနိုင်ငံမှာ နေခွင့်ပေးတယ်။ ဒီနိုင်ငံမှာ စားခွင့်ပေးတယ်။ ဒီနိုင်ငံမှာ သွားခွင့်ပေးတယ်။ မဲတောင် ပေးခွင့်ရှိတယ်။ ဆိုတော့ ဘာမှအခွင့်အရေး ဆုံးရှုံးတာ မရှိပါဘူး။ လူမျိုးစုနဲ့ ပတ်သက်တာ သူတို့ စိုးရိမ်ချက်တွေပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဒီအခွင့်အရေးနဲ့ ပတ်သက်လို့ပဲ ဝန်ကြီးလည်းတွေ့မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အခု နယူးရော့ခ်မြို့ မှာလုပ်တဲ့ အစည်းအဝေးပွဲတွေရဲ့  ရှေ့ မှာ အထူးသဖြင့် ရိုဟင်ဂျာတွေ – ရိုဟင်ဂျာလူမျိုးတွေရဲ့  အခွင့်အရေးဆိုပြီးတော့ တောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေ မြင်ရပါလိမ့်မယ်။ ဒီ ရခိုင်ပြည်နယ်ဒေသအတွင်းမှာ အခုဒီမှာ ဆန္ဒပြကြသလို ဘင်္ဂလီတွေ၊ ရိုဟင်ဂျာတွေကို အထူးတလည်းများ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နှိပ်စက်ပြုမှုတွေ ရှိနေသလား။ ဘာကြောင့်လဲဆိုတော့ တချိန်တုန်းကဆိုရင်လည်း စစ်အစိုးရ လက်ထက်က ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့လို့ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို အစုလိုက်အပြုံးလိုက် ထွက်ပြေးခဲ့ရတဲ့ သာဓကတွေရှိခဲ့တယ်။ ဆိုတော့ အခုလောလော ဆယ် အခြေအနေက ဒီဖက်မှာ ဆန္ဒပြနေသလို၊ သူတို့ပြောနေကြသလို ချိုးဖောက်မှုတွေ ရှိနေသလား။
ဦးခင်ရီ ။ ။ အပြင် မီဒီယာတွေကတော့ ဒီလို စွပ်စွဲတာ ရှိပါတယ်။ တကယ့် မြေပြင်မှာတော့ ဒီလို တဖက်စောင်းနှင်း ဖိနှိပ်ချုပ်ချယ်မှုတွေ မရှိပါဘူး။ အခု ရခိုင်မှာ ပြီးခဲ့ တဲ့ မေလ မှာ ပြဿနာဖြစ် တယ်။ ဖြစ်လေဖြစ်ချင်း နိုင်ငံတော်အစိုးရက step by step ဒီကိစ္စကို ဖြေရှင်းခဲ့တယ်။ အကြမ်းမျဉ်းပြောရရင် ဖြစ်ဖြစ်ချင်း ဒီပြဿနာကို ဒီနေရာမှာပဲ ရပ်တန့် သွားအောင် တရား ဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ်တယ်။ ဒုတိယအဆင့်က ငြိမ်သွားပြီဆိုရင် ထပ်ပြန့်မသွားအောင် ကာကွယ်တယ်။ တတိယတခါ ဒုတိယဝန်ကြီး ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ investigation committee ဒု-ဝန်ကြီး ပြည်ထဲရေး ဦးဆောင်ပြီးတော့ အဖွဲ့ဖွဲ့တယ်။ သူကတော့ criminal case နဲ့ ပတ်သက်ပြီးတော့ တကယ့် root cause of the incident ဒါတွေကို ဖော်ထုတ်တာပေါ့။ ဒီမှာ ဘယ်သူတွေ ပါဝင်သလဲ။ ရာဇဝတ်အကြောင်းအရာကို ဖော်ထုတ်တာရှိတယ်။
နောက်ပြီးတော့ မှတ်မိမှာပါ – သြဂုတ်လ ၁၇ ရက်နေ့က လွတ်လပ်သော ကော်မရှင် ၂၇ ဦးပါတဲ့ အဖွဲ့ဖွဲ့တယ်။ နောက် ဒီပြဿနာကိုလည် at present မှာ ဘယ်လိုရှင်းမလဲ။ ရေတို ဘယ်လိုရှင်း မလဲ။ ရေရှည် ဘယ်လိုရှင်းမလဲ။ နောင်ကို ဒီလိုပြဿနာမျိုး တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့၊ အတူတကွ မှီတင်းနေထိုင်နေကြတဲ့ ဒီအုပ်စု နှစ်စု ပြဿနာမဖြစ်အောင် ဘယ်လို လုပ်မလဲ ကျနော်တို့ ပြည်တွင်း ပညာရှင်တွေ၊ international ပညာရှင်တွေ ပေါင်းပြီးတော့ workshop တွေ လုပ်တယ်။ အဲဒီက outcomes တွေလည်း ကျနော် တို့ စောင့်နေ တယ်။ နောက် ဒီပြဿနာမျိုး နောက်ထပ်မဖြစ်အောင် စီမံရမှာပါ။ ဟိုမှာတော့ သီးခြားခွဲခြားဆက်ဆံတာပါ။

မွတ်စလင် သတင်းစဉ် နှင့် ဗွီအိုအေ မြန်မာပိုင်း

တခြမ်းပဲ့ ဗလီ သမိုင်းက ပြောသော မြန်မာမွတ်စလင်တို့ ၏ မျိုးချစ်စိတ်ဓါတ်

အေဒီ၁၈၂၆ခု၊ရန္တပိုစာချုပ်ချုပ်ဆိုအပြီးတွင်ဘကြီးတော်မင်းတရားကြီးကမိမိ၏သစ္စာတော်ခံတပ်သားများကို ဆုလဒ်များပေးခဲ့ရာတပ်ဗိုလ်မှူးများ ဖြစ်သောဦးရွှေသိုင်း နှင့် ဦးရွှေမှိုင်း ညီ အစ် ကို နှစ်ဦး က ကျွန်တော်မျိုးတို့သည် အစ္စလာမ်ဘာသာဝင်ရခိုင်လူမျိုးများ ဖြစ်သည့်အလျောက် ခေါင်းချ ရန် (၀ါ) ၀တ်တက်ရန် နေရာပေးတော်မူပါရန် သံတော်ဦးတင်ခဲ့သဖြင့် ဘကြီးတော် မင်းက လက်ရှိအောင်ဆန်းကွင်းအနီးနေရာတွင် မြေနေရာလှူဒါန်းခဲ့သည်။ ပေစာမှတ် တမ်းရှိခဲ့သည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် စစ်ဗိုလ် ဆာဖယ်ရာက လမ်းဖောက်ခဲ့ ရာလမ်း နှင့်မ လွတ်၍ ဖဲ့ချခဲ့ရသဖြင့် တစ်ခြမ်းပဲ့ ဗလီဟုတွင်ခဲ့သည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပန်းဝါနှင့် ၀က်ထီးကန် တိုက်ပွဲတို့တွင် မြန်မာတပ်များ၏ စစ်ရေးစွမ်အင် ကိုအင်္ဂလိပ်တို့ကအောက်ပါအတိုင်းဖွင့်ဟထားပါသည်။

Tuesday 8 January 2013

ကျမ်းတော်မြတ်ကုရ်အာန် အသံဖိုင်တစ်အုပ်လုံးနားထောင်ရန်


အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

 နှစ်စဉ် မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့သည်ကား အမျိုးသားနေ့ဖြစ်ပါသည်။ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂၈၂ခု၊ တန်ဆောင်မုန်းလ)တွင် နယ်ချဲ့တို့၏ ယူနီဗာစီတီ ဥပဒေတွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အင်္ဂလိပ်အစိုးရက အတင်း အတည်ပြုလိုက်လေသည်။ ထိုသို့ ပြုခြင်းအတွက် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။ ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင် ပြုကြသည့် ခေါင်းဆောင်များ ဖြစ်သည်။

Monday 7 January 2013

ethnic cleansing ဦးဦးမှော်ဆရာ

ဇန်နဝါရီ ၇ ၊ ၂၀၁၃ ဦးဦးမှော်ဆရာ `….. ဒီထက်ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက်တဲ့ စကားဟာ လူမျိုးစုတစ်စုကို နေရပ်စွန့်ခွာ ထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကို လမ်းကြောင်းစ ဖေါ်ပေးလိုက်သလို …….´ ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်မှာ ကျနော်တာဝန် ယူထားတဲ့ မေးလ်ဂရု တစ်ခုမှာ မေးလ်တစ်စောင်ကို ၀င်ရောက်ဆွေးနွေးဖူး ပါတယ်။ ရိုဟင်ဂျာများနဲ့ ပက်သက်ပြီး ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးကိုပြောခဲ့တဲ့စကားကို `နိုင်ငံတကာမှာ လူရာမ၀င်တဲ့အမြင်´ ဖြစ်တယ်လို့ ကျနော်ဝေ ဖန် လိုက်တော့ တချို့ မိတ်ဆွေများ ကျနော့် အပေါ် ဒေါသ ထွက်ခဲ့ကြပါတယ်။ ကျနော် ဘာကြောင့် ဒီလိုပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ တယ်ဆိုတာနဲ့ ပက်သက်ပြီး သေချာပြန် မရှင်းဖြစ်ခဲ့ပါ။ ဦးသိန်းစိန်ရဲ့ စကားကိုမေ့နေသူ များလည်း ပြန်အမှတ် ရအောင် အဲဒီ သတင်းကို အကျဉ်းချုံးပြန်ရေးပြပါ့မယ်။၂၀၁၂ ဇူလိုင်လ (၁၁)ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး Mr.Antinio Guterres တို့ ရိုဟင်ဂျာ အရေးနဲ့ ပက်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတ ဦးသိန်းစိန်က ကမ္ဘာကျော်မဲ့ သမိုင်းဝင် စကားတစ်ခွန်း ခုလိုပြောသွားခဲ့ပါတယ်။“ရိုဟင်ဂျာများနှင့် ပက်သက်၍ သူတို့ဟာ တိုင်းရင်းသား မဟုတ်ဘဲ တဘက်နိုင်ငံမှ ခိုးဝင်လာ သူများ ဖြစ်တာကြောင့် လက်ခံရန် မည်သို့ မျှမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါရိုဟင်ဂျာ များကို ဒုက္ခ သည် စခန်းများတွင် ထားရှိမည်ဖြစ်ပြီး UNHCR မှ ကျွေးမွေးထား ရမှာဖြစ်ကြောင်း၊ တတိယနိုင်ငံ လက်ခံ မည်ဆိုပါက လည်း ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ဤသည်မှာ ရိုဟင်ဂျာပြဿနာအတွက် ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း” ပြောခဲ့ပါတယ်။ 1 သမ္မတပြောခဲ့တဲ့ စကားနဲ့ ပက်သက်ပြီး UNHCR မဟာမင်းကြီး Mr. Antinio Guterres က နေ့ မကူးခင်ဘဲ ချက်ချင်း ပယ်ချ လိုက်ပါတယ်။ (ကျနော်တို့ သမ္မတကြီးရဲ့ ဂုဏ်သိက္ခာကတော့ ပီတိဖြစ်စရာပဲဗျာ) UNHCR မဟာမင်းကြီးက ခုလိုအကြောင်းပြပြီး ပယ်ချခဲ့တာပါ။ “UNHCR က တတိယနိုင်ငံတွင်အခြေ ချတဲ့ အစီစဉ်ဟာ နိုင်ငံတစ်နိုင်ငံကနေ အခြေအနေအကြောင်းတစ်ခုခုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ အတွက် ဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ဒုက္ခ သည်စာရင်းမှာ မပါဝင်ပါဘူး။ UNHCR က ချမှတ်ထားတဲ့ ဒုက္ခသည် သတ်မှတ်ချက်များနဲ့ ကိုက်ညီမှသာ တတိယနိုင်ငံ ပို့ပေးမှာဖြစ်ပါတယ်။” လို့ ပြန်ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် `မစ္စတာပြောင် ခင်ဗျား လူလည်မကျနဲ့´ လို့ ပြောလိုက်တာပါ။ ‘လူလည်ကျတယ်’ ဆိုတဲ့စကား ကျနော် ဘာကြောင့်သုံးရသလဲဆိုတာ ရှင်းပါမယ်။ ဒါကိုရှင်းဖို့ အရင်ဆုံး နိုင်ငံမဲ့ဆိုတာကို စာဖတ်သူများ နားလည်လွယ်အောင်လို့ ဥပဒေစကားလုံးများ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် အတို ချုံးပြီးပြောပါမယ်။ မည်သူသည် နိုင်ငံသားနည်း။ နိုင်ငံသားဖြစ်မှုနှင့် ပက်သက်၍ ပြည်တွင်း ဥပဒေပါ အချက် အလက်များနှင့် ကိုက်ညီသဖြင့် အလို အလျောက် နိုင်ငံသားအဖြစ် လက်ခံ စဉ်းစားခြင်းခံ ရသူ(သို့) သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားအဖြစ် အပ်နှင်းခြင်းခံရပြီး သူကို `နိုင်ငံသား´လို့ သတ်မှတ်ပါ တယ်။ နိုင်ငံ အများ စုမှာတော့ နိုင်ငံသား ဖြစ်၊မဖြစ် သတ်မှတ်ရာမှာ ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်မွေး ဖွားရာနိုင်ငံ (jus soli) ၏ ဥပဒေများအရ (သို့) မွေးဖွားချိန်တွင် မိဘများ ၏နိုင်ငံသားဖြစ်မှု ဥပဒေများအရ ( jus sanguinis ) အရ လက်ခံစဉ်းစားတယ်။ မည်သူသည် နိုင်ငံမဲ့နည်း။ နိုင်ငံသား အဖြစ်လျောက် ထားရန် ဥပဒေဘောင် အတွင်းကျရောက်သော သူသည် နိုင်ငံသား အဖြစ်လျောက် ထားရာဥပဒေအရ အရည်အချင်းပြည့် မီသော်လည်း ယင်းလျောက်လွှာ ကို ငြင်းပယ် ခံရလျှင် ထိုသူသည် ထိုနိုင်ငံ ၏ ဥပဒေများအရ နိုင်ငံသားမဖြစ်နိုင်ပါ။ မိမိတို့ ၏လျောက်ထားချက်ကို အပြည့် အ၀ စိစစ် လက်ခံ အတည်ပြုပြီး ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အပ်နှင်းခြင်းမပြုသရွေ့ ယင်းနိုင်ငံ ၏နိုင်ငံသား အဖြစ် ယူဆနိုင် မည်မဟုတ်ပါ။ ထိုအခါ ထိုသူသည် ယင်းနိုင်ငံ တွင် နေ ထိုင်နေသော် လည်း အလိုအလျောက် `နိုင်ငံမဲ့´ ဖြစ်နေပါလိမ့်မယ်။။ UNHCR က သတ်မှတ်ထားတဲ့ နိုင်ငံမဲ့ နှစ်မျိုးနှစ်စား ရှိပါတယ်။ (၁) တရားဝင်နိုင်ငံမဲ့ (၂) အမှန်တကယ် နိုင်ငံမဲ့ (၁) တရားဝင်နိုင်ငံမဲ့ဖြစ်သူ (de jure stateless) ဆိုတာ အလိုအလျောက် တရားဝင်နိုင်ငံ သားဖြစ်မှု မရရှိသူများ (သို့) နိုင်ငံတစ်နိုင်ငံ၏ဥပဒေများအရ နိုင်ငံသားအဖြစ်ခွင့်ပြုပေးနိုင်သူ အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ် ချက်ကြောင့် နိုင်ငံသား အဖြစ် မရရှိသော သူများကို ဆိုလိုပါတယ်။တရားဝင်နိုင်ငံမဲ့ဖြစ်မှုအကြောင်း စာဖတ်သူတို့ အလွယ်တကူမြင်သာအောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ များနဲ့ ဥပမာပေးပြီး ရှင်းပြပါမယ်။မဆလခေတ်မှ စပြီး မြန်မာအစိုးရ အဆက်ဆက်က ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံက မဟုတ် ဘူး။ ဘင်္ဂလား ဒေ့ရှ် မှ ၀င်လာ သူများဖြစ်တယ်´ လို့ သတ်မှတ်ပြီး တရားဝင်နိုင်ငံ သားအဖြစ် မသတ်မှတ်ဘဲ ဤဒေသ တွင် နေထိုင်ကြောင်း ထောက်ခံစာအဖြစ် စာရွက်အဖြူတစ်ရွက် (သို့) အစိမ်းရောင်ကဒ် တစ်ခု ခုပေး ထားခဲ့ တယ်။ ဒီတော့ ဒီ ရိုဟင်ဂျာတွေဟာ ဒီနိုင်ငံနဲ့ ပက်သက် ဆက်နွယ်မှု ရှိတာ သေချာသော် လည်း၊ ဒီနိုင်ငံ ရဲ့ တရားဝင်နိုင်ငံသားအဖြစ် သတ်မှတ်ခံရသူတွေ မဟုတ်တဲ့အတွက် သူတို့ဟာ `တရား ၀င်နိုင်ငံမဲ့´ တွေ ဖြစ်နေပါတယ်။ 2 ဒီလူတွေဟာ နိုင်ငံတွင်းမှာနေထိုင်ပေမဲ့ နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ မရခြင်း၊ သူတို့နေထိုင် ရာဒေသမှ တခြားဘယ်နေရာကိုမှ လွတ်လပ်စွာသွားလာခွင့် မရှိခြင်း၊ အသက်မွေး ၀မ်း ကျောင်းမှု ပညာသင်ကြားခွင့် မရခြင်း၊ အစိုးရဆေးရုံများတွင် တရားဝင်ဆေးဝါးကုသခွင့် မရှိခြင်း၊ လွတ်လပ်စွာ လက်ထပ်ခွင့် မရှိခြင်း၊ ကလေးမွေးစာရင်း မရရှိခြင်း၊ လွတ်လပ်စွာ စီးပွားရှာဖွေစားသောက် ခွင့်မရခြင်း.. စသဖြင့် သူတို့အတွက် သီးသန့်ဥပဒေများထုတ်ပြီး ကန့်သတ်ချုပ်နှောင်ထားမှုများကြောင့် ရခိုင်ဒေသမှ ရိုဟင်ဂျာများဟာ မြန်မာပြည်တွင်းက အမိုးဖွင့်ထောင်ထဲမှာ နေ နေကြရတဲ့ `တရားဝင်နိုင်ငံ မဲ့များ´ ဖြစ်ပါတယ်။ 3 ဒီလို တရားဝင်နိုင်ငံ မဲ့များရဲ့ အခက်အခဲများနဲ့ပက်သက်ပြီး UNHCR က လတ်တလော အကူအ ညီမျိုး ကိုသာ ပေးမှာဖြစ်ပြီး ရေရှည်တွင် မိမိနိုင်ငံ၏ နိုင်ငံသားအဖြစ်ရရှိစေပြီး ၊ ထိုနိုင်ငံ၏ ဥပဒေအရ အကာ ကွယ် ပေးမှုအောက် ပြန်ရောက်စေရန်သာ ဦးတည်ဆောင်ရွက် မှာဖြစ်ပါ တယ်။ နိုင်ငံတစ်နိုင်ငံ၏ အာ ဏာပိုင်များ က နိုင်ငံ နယ်နိမိတ်အတွင်း အစဉ်အဆက်နေထိုင်ခဲ့ သူများကို လက်လွတ်စ ပယ်မောင်း ထုတ်သဖြင့် နိုင်ငံမဲ့ ဘ၀ ရောက်သွားသူများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးခြင်းမှာ UNHCR ၏ လုပ်ရိုး လုပ်စဉ်လည်း မဟုတ်ပါ။ နောက်တချက်က UNHCR ၏ ကူညီထောက်ပံ့မှု လိုအပ်သော တရား ၀င်နိုင်ငံမဲ့ဖြစ်နေသူ တွေဟာ `ဒုက္ခသည်များ´ မဟုတ်သည့်အပြင် ခိုလှုံခွင့်ရ ရှိရန် တောင်းဆို ထားသူ များလည်း မဟုတ်ကြပါ။ “ညှင်းပမ်းနှိပ်ကွပ်ခံရမည်ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ရမှု” သည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များအဆင့် အခြေအနေဆိုင်ရာ ကွန်ဗင်းရှင်း ပါ `ဒုက္ခသည်´ အဓိပ္ပါယ်ဖွင့်ဆိုချက်၏ အခရာကျသော အချက် ဖြစ်သည်။ တရားဝင်နိုင်ငံ မဲ့ဖြစ်ရခြင်းသည် ပြည်တွင်းဥပဒေများ၏ အားနည်းချက် များနှင့် ခွဲခြားဆက်ဆံမှုများကြောင့် သာ ဖြစ်လာတာဖြစ်ပြီး၊ `ညှင်းပမ်းနှိပ်ကွပ် ခံရခြင်း´ဆိုတဲ့ အဓိပ္ပါယ် မဆောင်ပါ။ ဒီလောက်ဆိုရင် လက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ရဲ့ ကူညီထောက်ပံ့မှုလိုအပ်တဲ့ တရားဝင်နိုင်ငံမဲ့တွေဖြစ်တာ မှန်ပေမဲ့ UNHCR ကသတ်မှတ်ထားတဲ့ `ဒုက္ခသည်များ´ မဟုတ်ဘူးဆိုတာကို စာဖတ်သူများ သဘောပေါက်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီလိုတရားဝင်နိုင်ငံမဲ့များကို ဒုက္ခသည်စခန်းမှာ ထားဖို့ (သို့မဟုတ်) တတိယနိုင်ငံကလက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ဦးသိန်းစိန်ပြောတာဟာ လူလည် ကျတာလို့ ကျနော်အပေါ်မှာသုံးနှုန်းခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဒုက္ခသည် မဟုတ်တဲ့ဒေသခံ များကို နေရပ်ဒေသမှ အဓမ္မမောင်း ထုတ်ကာ ဒုက္ခသည် မဖြစ် ၊ဖြစ်အောင် လုပ်ပြီး ဒုက္ခသည် စခန်းတွေမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ စကားဟာ ကိုယ့်အရည် အချင်းကို ကမ္ဘာ သိအောင် ဖေါ်ပြလိုက်သလိုသာ ဖြစ်ပါတယ်။ ဒီထက်ပို ရှင်းအောင်ပြော ရရင် နိုင်ငံ တကာမှာ `လူရာမ၀င်တဲ့ အတွေးအခေါ်´ တစ်ခုကို ချပြလိုက်တာပါ။ ဒါကြောင့် လည်း နောက် ပိုင်း သူ့အခြေ အနေ သူသိပြီး အတိတ်မေ့သလိုလို၊ ဒိတ်ပျောက်သလိုလို လုပ်ခဲ့တာပါ။ ဒီလို အဓမ္မမောင်း ထုတ်ခံရ သူများကို တတိယနိုင်ငံတစ်ခုက လက်ခံတဲ့အလုပ်ကလည်း လူမိုက်အားပေး သလို ဖြစ်စေ တဲ့အပြင် လူ့အဖွဲ့ အစည်း တစ်ခုရဲ့ မွေးရပ်မြေပျောက်ဆုံးကာ အစဉ် အဆက် နိုင်ငံ မဲ့လူမျိုးစု တစ်ခုဖြစ်သွားအောင် လုပ်ဆောင် ရာရောက်သဖြင့် ဘယ်နိုင်ငံကမှလည်း ထိုသူများ ကိုနိုင်ငံသား အဖြစ်လက်ခံ မည်မဟုတ်ပါ။ ရှင်းရှင်းပြော ရရင် ကိုယ့်ကိစ္စကို ကိုယ် တရားဥပဒေနှင့် အညီ လမ်းမှန် ကမ်း မှန် ဖြေရှင်းရမှာပါ။ နောက်ထပ် သိသာစေတဲ့ အချက်တချက်ကို ထောက်ပြပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာတွေကို တတိယနိုင်ငံ ပို့ပေးပါလို့ ဘင်္ဂလားဒေ့ရှ်က တခါမှမပြောခဲ့ ဘဲ၊ မြန် မာပြည်က လူတွေဖြစ်လို့ မြန်မာပြည်က ပြန်ခေါ်ဖို့ပဲ ပြောခဲ့ပါတယ်။ တကယ်တမ်း ဘင်္ဂလားဒေ့ရှ် ဘက် က ဒုက္ခသည်စခန်းတွမှာ ရှိနေသေးတဲ့ ရိုဟင်ဂျာများကိုတောင် အကုန်ပြန် လက်မခံရသေးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးတိုင်း ကတိတွေပေးနေရဆဲပါ။ ဒါလက်တွေ့ဖြစ်နေတဲ့ အခြေအနေကို ကျနော်ပြောနေ တာ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီ များ ဖြစ် တယ် လို့ပြောခဲ့ပေမဲ့ ဘာလို့ ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်ပါလို့မပြောဘဲ တတိယနိုင်ငံပို့ ပေးပါလို့ တောင်း ဆိုရတာလဲ စဉ်းစားစရာပါ။ ဒီထက် ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက် တဲ့စကားဟာ လူမျိုးစု တစ်စု ကို နေရပ် စွန့်ခွာ ထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကိုလမ်းကြောင်း အစ ဖေါ်ပေး လိုက်သလို ဖြစ်နေ ပါတယ်။ လူမျိုးစုနှစ် စုကြား တဘက်ကိုသွေး ဆူအောင်၊ လုပ်ရဲ ကိုင်ရဲရှိ လာအောင် ရဲဆေးတင်ပေး လိုက်သလိုဖြစ်ပြီး၊ကျန်တဘက်ကို မျှော်လင့် ချက်လက်မဲ့နဲ့ ဖြစ်ချင်ရာဖြစ် ပြန်ချ မယ် ဆိုတဲ့ အခြေအနေရောက်အောင် ပြောလိုက်သလိုဖြစ်နေ ပါတယ်။ ကျနော်ရေး သွားတာတွေ ဖတ်ပြီးတချို့က တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ရခိုင်ပြည် နယ်က ရိုဟင်ဂျာ တွေ လည်း တက္ကသိုလ်တက်ခွင့် ရတဲ့သူတွေ၊ သွားလာ လုပ်ကိုင်ခွင့် ရတဲ့သူတွေ၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ မဲပေးခွင့် ရတဲ့သူတွေ အများကြီးရှိတာပဲ၊ ဘာကြောင့် နိုင်ငံမဲ့အဖြစ် သတ်မှတ်ရ တာလဲလို့ တွေးကြလိမ့်မယ် ထင်တယ်။ ဒီအတွက် ကျနော်သေချာထပ်ပြောပါမယ်။ တရားဝင်နိုင်ငံမဲ့ ဖြစ်နေသူတစ်ဦးကို ဥပဒေ အရ နိုင်ငံ သား အဖြစ် တရားဝင် အပ်နှင်းခြင်းမှ လွဲပြီး မည်မျှပင် အခွင့်အရေးများ ပေးအပ် ထားပါစေ အဲဒီ အခွင့်အရေးများသည် နိုင်ငံသားအဖြစ်ရရှိခြင်းနှင့် ထပ်တူပြု၍မရပါ။ ဒီအချက်ကို ကျနော် တို့ သေသေ ချာချာ သိထားဖို့လိုပါတယ်။ အမှန်တကယ်နိုင်ငံမဲ့ နဲ့ပက်သက်ပြီး (အပိုင်း-၂) ဆက်လက်ဖတ်ရှုပါရန် ..

ကချင်တိုင်းရင်းသားများအပေါ် မတရားပြုကျင့်နေသေားအစိုးရစစ်တပ်။

Sunday 6 January 2013

တရားမိန့်ခွန်းများ

နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံပေးစာ

သမ္မတကြီးခင်ဗျား
၁။ မြန်မာ့လူ့အဖွဲ့အစည်းတွင် လူမျိုးရေးကို စော်ကား နှိမ့်ချခေါ်ဝေါ်သည့် စကားလုံးဖြစ်နေသော ကုလားဟူသည့် အသုံးအနှုံးကို သုံးနှုံးရေးသားခြင်းမပြုလုပ်ရန် စာနယ်ဇင်းများ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်အဖြစ် ပြဌာန်းထားကြောင်းကို နအဖ၊ နဝတ အစဉ်အဆက်မှ ယနေ့ထက်တိုင် တာဝန်ထမ်းဆောင်နေသော ပြန်ကြားရေးဝန်ကြီးသည်၎င်း၊ သတင်းအယ်ဒီတာများနှင့် သတင်းရေးသားသူများသည်၎င်း ကောင်းစွာသိရှိထားပြီးဖြစ်သည်ကို ယုံမှားသံသယရှိရန် စိုးစဉ်းမျှ အကြောင်းမရှိပါ။
၂။ ၂၀၀၈ခု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ(၃၄၈)တွင်လည်း နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည့်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ ဟု အတိအလင်း ပြဌာန်းထားပါသည်။
၃။ တစ်ဖန် တောင်ကုတ် အစုလိုက် အပြုံလိုက် လူသတ်ပွဲနေ့တွင်လည်း အခင်းဖြစ်ရန် အစပျိုးသည်မှ အခင်းဖြစ်ခဲ့သည်အထိ သက်ဆိုင်ရာများက မတားဆီးဘဲ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေသည်ဟု သတင်းများကြားသိသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ တမင်လစ်လျူရှုမှုကို အထင်အရှား သိရှိရပြန်ပါသည်။
၎။ ထို့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုဖြစ်ရပ်ကို “လှုံ့ဆော်သူများ ရှိသလားဆိုသော စိုးရိမ်စိတ်”ကို ထုတ်ဖေါ်ပြောခဲ့သလို၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာဦးအေးမောင်က “လူမျိုးတစ်မျိုး(ရခိုင်)ကို ရက်စက်တဲ့လူမျိုးဖြစ်အောင် လုပ်နေတာလား” ဟူ၍ မေးခွန်းထုတ်လာရခြင်းဖြစ်သည်။
၅။ နိုင်ငံတော်သမ္မတကြီးက ဖြစ်ရပ်မှန် ဖေါ်ထုတ်ရန်နှင့် ဥပဒေအရ အရေးနိုင်ယူရန် ဇွန်လ(၆)ရက်နေ့တွင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့်အတွက် လှိုက်လှဲစွာ ကြိုဆိုပါသည်။ ဖြစ်ရပ်မှန် ဖုံးကွယ်ရေးအဖွဲ့ မဟုတ်ဘဲ ဖြစ်ရပ်မှန်ကို အမှန်တစ်ကယ် ဖေါ်ထုတ်ပေးမည့်အဖွဲ့ ဖြစ်မည်ဟု မျှော်လင့်သည်။
၆။ ၂၀၁၂ခု ဇွန်လ(၅)ရက် နိုင်ငံပိုင် မီဒီယာများမှ မွတ်ဆလင်ကုလား ဟူသော အသုံးအနှုံးကို ဇွန်လ(၆)ရက်တွင် ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ဟူ၍ ပြင်ဆင်သုံးစွဲရန် မေတ္တာရပ်ခံချက်ကို ဖတ်ရှုရပါသည်။

သမ္မတကြီးခင်ဗျား
၇။ မြန်မာမွတ်စလင်များသည် မနေ့တစ်နေ့က ခိုးဝင်လာသူများ၊ နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ခုန်ချလာသူ နိုင်ငံခြားသားများ မဟုတ်ကြပါ။ မြန်မာတိုင်းရင်းသားများမှ ပေါက်ဖွား ဆင်းသက်လာသူများချည်းသာဖြစ်သည်။ ၁၉၄၆ခု ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကျင်းပသော ဖဆပလ၏ အဖွဲ့ပေါင်းစုံ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဆုံးဖြတ်ချက်အမှတ်(၆)အရ မြန်မာ့လွတ်လပ်ရေး တိုက်ဖေါ်တိုက်ဖက် ဗမာ(မြန်မာ)မွတ်စလင်များကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပြီးဖြစ်ပါသည်။ ၁၉၄၇ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအရလည်း နိုင်ငံသားများဖြစ်ပါသည်။ ၁၉၄၇ခုနှစ်ကတည်းက အခြေခံဥပဒေအရ နိုင်ငံသားဖြစ်သူများမှ ဆင်းသက်လာသူများဖြစ်သဖြင့်လည်း ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၄င်း၊ ၁၉၈၂ခု မြန်မာနိုင်ငံသား ဥပဒေအရ၄င်း၊ ၂၀၀၈ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၄င်း နိုင်ငံသားဖြစ်ပြီးသူများသာ ဖြစ်သည်။
၈။ မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်၍ ခရီးသွားလာရင်း အသတ်ခံရသူများကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူများဟု ရှင်းရှင်းလင်းလင်း ဖေါ်ပြနိုင်လျှက်နှင့် တမင်ရှောင်ကွင်းပြီး ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု ပြင်ဆင်ခေါ်ဝေါ်လိုက်ခြင်းဖြင့် စီးပွားရေးလုပ်ကိုင်ရန် မြန်မာပြည်တွင် တရားဝင် ခေတ္တလာရောက်နေထိုင်သော မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းစသည့် နိုင်ငံများမှ နိုင်ငံသားခြားများနှင့် အဆင့်တူဖြစ်စေကာ မွတ်ဆလင်ကုလားဘဝက မဆုံးရှုံးခဲ့သော နိုင်ငံသားအဆင့်ပင် ဆုံးရှုံးပျောက်ကွယ်ရပြီ ဖြစ်ပါသည်။
၉။ ၂၀၁၄ခုနှစ်တွင် သန်းကောင်စာရင်း ကောက်ပါမည်။ မြန်မာမွတ်စလင်များကို မည်ကဲ့သို့ သန်းကောင်စာရင်း ကောက်ယူမည်နည်း။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မွေးရာပါအခွင့်အရေးများသည် မြန်မာမွတ်စလင်နှင့် မဆိုင်ဟု ဆိုမည်လော။ မြန်မာ့သမိုင်းတွင် ဖယ်ချန်၍ မရခဲ့သော မြန်မာမွတ်စလင်များကို အနာဂတ် ဒီမိုကရေစီ ပြည်ထောင်စုသစ် မြန်မာနိုင်ငံတော် တည်ဆောက်ရေးကျမှ ဖယ်ချန်ထားမည်လော။
၁၀။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နိုင်ငံသားအချင်းချင်း မသင့်မမြတ်ဖြစ်ပြီး တိုင်းပြည်မတည်ငြိမ်စေရေး တမင်ဖန်တီးခဲ့သည်ကို သင်္ခန်းစာယူ၍ နိုင်ငံအေးချမ်း တိုးတက်ပြီး ဒီမိုကရေစီ ပြည်ထောင်စုစနစ် ရှင်သန်စေရေးအတွက်  နိုင်ငံသားအချင်းချင်း တန်းတူညီမျှရေး၊ သင့်မြတ်ညီညွတ်ရေး လမ်းကြောင်းဆီသို့ သမ္မတကြီးက မှန်မှန်ကန်ကန် ဦးဆောင်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
မြန်မာမွတ်စလင် အစည်းအရုံး
ဇွန်လ(၇)ရက်၊ ၂၀၁၂

ဗမာမွတ်စလင်မ်ကို ကုလားလို့မခေါ်ရ

အပိုင်း (၁)
 ပြသနာတွေကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါ ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေတင်သာမက ဘယ်ကစခဲ့သလဲ၊ ပြသနာရဲ့ အရင်းအမြစ်နှင့် အချိန်နှင့်အမျှ အဓိပ္ပါယ် ဖွင့်ဆိုပုံ၊ ခံစား တုန့်ပြန်ပုံ ပြောင်းလဲလာမှု၊ ဘာကြောင့် ဆက်လက် ဖြစ်နေရသလဲစတဲ့ အချက်အလက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထဲ့သွင်းစဉ်းစားနိုင်လေ ပိုကောင်းလေ ဖြစ်ပါတယ်။ အချက်အလက် (Facts)တွေ အကြောင်း အရင်ပြောကြည့်ချင်ပါတယ်။ ၁။ကုလားဆိုတာ သမိုင်းဝင် ဝေါဟာရ၊ သမိုင်းအစဉ်အလာအရ သုံးနှုံးခဲ့တဲ့ အသုံးအနှုံးဖြစ်တယ်ဆိုတာကို လက်ခံပေးရပါမယ်။ လူကို ခေါ်ရုံတင်မက နေ့စဉ် အသုံးအနှုံးတွေမှာလည်း ထဲထဲဝင်ဝင် ရှိနေပြီး ဖြစ်တယ်။ ဥပမာ ကုလားထိုင်၊ ကုလားအုတ်၊ ကုလားတက်၊ ပဲကုလားဟင်း၊ ကုလားအော် ငရုပ်သီး၊ ကုလားဖန်ထိုး၊ သရက်သီး ကုလားတည် စသဖြင့် ဖြစ်ပါတယ်။ ၂။ မူလက ခွဲခြားနှိမ့်ချခြင်း သဘောနှင့် သုံးစွဲခဲ့ခြင်း မဟုတ်ရုံသာမက အထင်ကြီး လေးစားခြင်း သဘောပင် ရှိနေခဲ့တယ်။ (ဘာသာ၊ စကား၊ ဓလေ့မတူတဲ့ တစိမ်းတရံစာတွေကို ချက်ချင်းဘဲ ဆွေမျိုးရင်းချာလို သဘောထားတဲ့အတွက် ကုလလို့ ခေါ်ရာက ကုလားဖြစ်လာတယ် ဆိုတာကတော့ သိပ်သဘာဝကျမယ် မထင်ပါဘူး။ လှေ၊ သင်္ဘောကြီးတွေနှင့် ကူးလာတာမို့ ကူးလာက ကုလားဖြစ်လာတယ်ဆိုတာ ပိုယုတ္တိကျပါလိမ့်မယ်။ ရှေးကာလက ကမ်းမမြင် လမ်းမမြင် လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား ကုန်က္နူးသူများသည် အားအင် ချိနဲ့သူ၊ သူရဲဘောကြောင်သူ၊ အသိပညာ၊ အတတ်ပညာ မဲ့သူများဖြစ်မလား။ ရဲရင့်သူ၊ ကျန်းမာသန်စွမ်းသူ၊ ခက်ခဲကြမ်းတမ်းသော ခရီးအတွက် ဇွဲသတ္တိရှိသူ၊ တတ်သိ ကျွမ်းကြင်သူများဖြစ်မလားဆိုတာ ဆင်ခြင်နိုင်ကြပါတယ်။ ကြမ်းပြင်မှာ မထိုင်၊ ခုန်နဲ့ ထိုင်တတ်တဲ့အတွက် ကုလားထိုင်၊ နေနာရီ၊ ရေနာရီ၊ သဲနာရီတို့ထက် ပိုမိုတိကျတဲ့ စက်နာရီကို ကုလားနာရီလို့ ခေါ်ခြင်းများမှာလည်း နှိမ့်ချသော သဘော၊ အဓိပ္ပါယ် မတွေ့ရပါ။) ၃။ ယခုအခါမှာတော့ ခွဲခြားနှိမ့်ချခြင်းသဘောဖြင့် အထင်အရှား သုံးစွဲနေပြီ ဖြစ်တယ်။ လူလူချင်း၊ ကိုယ့်နိုင်ငံသား အချင်းချင်း၊ ခွဲခြားနှိမ့်ချကာ ဟဲ့ကုလားလောက်တင် မက၊ ခွေးကုလားလို့ပင် ခေါ်တတ်သူများ ရှိနေပါပြီ။ ၄။ ထို့ကြောင့် ကုလားဟု အမည်တပ် ခေါ်ဝေါ်သုံးစွဲခြင်းကို ကျနော်တို့ လုံးဝ လက်မခံနိုင်ပါ။ ဘယ်လို ခေါ်စေချင်သလဲ။ ကျနော်တို့ မခေါ်စေချင်တာကို မခေါ်ကြရအောင်၊ ခေါ်စေချင်သလို အများက ခေါ်လာအောင် ကြိုးစားတဲ့အခါ နည်းမှန် လမ်းမှန် လုပ်ဆောင်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ သို့သော် ကုလားထိုင်ကို လူထိုင်၊ ကုလားအုတ်ကို သဲကန္တာရ သင်္ဘော၊ ပဲကုလားဟင်းကို ပဲပသီဟင်း၊ ကုလားတက်ကို မြန်မာမွတ်စလင်တက် စသဖြင့် ကုလားပါတဲ့ ဝေါဟာရတိုင်းကို အတင်းပြောင်းခိုင်းတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဟိန္ဒူတွေ၊ အနောက်တိုင်းသားတွေ၊ အသားမဲသူတိုင်း၊ မွတ်စလင်တိုင်းတွေကိုလည်း ကုလားခေါ်တတ်တာကိုလည်း သတိမူဖို့ လိုပါတယ်။ အခေါ်ခံရသူတွေ တစ်ဦးနှင့် တစ်ဦး မတူသော်လည်း ယခုအခါ အားလုံးကို ခွဲခြားနှိမ့်ချခြင်းသဘောနှင့် တပြေးညီ သုံးစွဲနေမှုကတော့ တူနေပါတယ်။ ထိုင်းတက္ကသိုလ်တစ်ခုမှာ စာသင်နေတဲ့ဆရာ လူဖြူဥရောပသားတစ်ယောက် ဗလီတက်တာ ရုတ်တရက် တွေ့လိုက်တော့ “ဟ ဒီဆရာက ကုလားဘဲ”လို့ ချက်ချင်း ကင်ပွန်းတပ်လိုက်တာမျိုးလည်း ကြားဖူးပါတယ်။ မိမိလေးစားတဲ့ တက္ကသိုလ် ကျောင်းဆရာ လူဖြူကို မွတ်စလင်ဖြစ်တယ်ဆိုတာ သိလိုက်တာနှင့် တပြိုင်နက် လေးစားခဲ့မိတာ မှားလေခြင်းဆိုတဲ့ သဘောမျိုးဖြင့် ချက်ချင်း အမြင်ပြောင်း အထင်သေးသွားသော လူလူချင်း ခွဲခြားတတ်တဲ့စိတ်(Racism)ကို အထင်အရှား သိမြင်နိုင်ပါတယ်။ ယခင်က ပြည်မအရပ်မှာ ထောင်ကဲဆိုတာ တရုပ်တွေကို ပျက်ရယ် နှိမ်ချ ခေါ်ဝေါ်တာဖြစ်ပေမဲ့ ထိုင်းနယ်စပ်မှာ သြဇာကြီးတဲ့ သူဌေးကို လေးစားအထင်ကြီးမှုနှင့် ခေါ်ကြောင်း သိရတော့ အံ့သြမိခဲ့ဘူးပါတယ်။ ငါဗမာကွလို့ မြန်မာပြည်မှာ ဂုဏ်ယူတတ်ကြပေမဲ့ ထိုင်းနိုင်ငံမှာ ဗမာ(ဖမား)လို့ လူသိ သိပ်မခံချင်ကြပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ မတိုင်မီက ကမ္ဘာမှာ မိမိကိုယ်ကို ဂျူးပါဟု ဂုဏ်ယူပြောရဲသူ အင်မတန် ရှားပါလိမ့်မယ်။ ယနေ့ ကမ္ဘာ့နေရာ အတော်များများမှာ ဂျူးတွေ အင်မတန် မျက်နှာပန်း လှနေပါပြီ။ ထောင်ကဲချင်းအတူတူ ဒေသကွဲတာနှင့် အမြင်ကွဲတာ၊ ဂျူးချင်းအတူတူ ခေတ်ခြားတာနှင့် အမြင်ခြားတာ၊ လူချင်းအတူတူ ဘာသာမတူတာနှင့် အဆင့်တူ မထားတာတွေ ဘာကြောင့် ဖြစ်နေရပါသလဲ။ တစ်ကယ်တော့ ဒီဝေါဟာရ အသုံးအနှုံးတွေကို လူ့အဖွဲ့အစည်းတစ်ခုက ဘယ်လိုနားလည်ခံစားသလဲ၊ လက်ခံသုံးစွဲသလဲ ဆိုတာက အင်မတန် အဓိကကျပါတယ်။ ဒီအမြင်မျိုး(Stereotype)တွေကို ဥပဒေနှင့် တားမြစ်တိုင်းလည်း အလုပ်မဖြစ်တတ်တာကို ကမ္ဘာအနှံ့မှာ တွေ့မြင်နိုင်ပါတယ်။ အမေရိကန်မှာ နစ်ဂါ(Nigger)ဆိုတဲ့ အသုံးအနှုံးကို ဘယ်သူမှ တရားဝင် ခေါ်ဝေါ် မသုံးစွဲရဲကြပေမဲ့ အရပ်ထဲမှာ စိတ်အခန့် မသင့်ရင်၊ ဒေါသထွက်ရင် သုံးတတ်ကြဆဲပါ။ အကောင်းဆုံးနည်းက စည်းရုံးရှင်းပြခြင်းနှင့် တပြိုင်တည်းမှာဘဲ မိမိသည် အများနှင့် မကင်းကွာဘဲ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းတွင်းက လူတစ်ဦးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုနေသူဖြစ်ကြောင်းဖြင့် မိမိကိုယ်ကို တည်ဆောက် မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ သင်ကြားချက်တွေနှင့်လည်း ကိုက်ညီပါတယ်။ ပသီလား။ ဇေတဘာဒီလား။ မြန်မာမွတ်စလင်လား။ ယနေ့မြန်မာပြည်က မွတ်စလင်တွေကို ပသီလူမျိုး၊ မြန်မာမွတ်စလင်လူမျိုး၊ ဇေဒဘာဒီလူမျိုးရယ်လို့ အင်္ဂလိပ်ခေတ်က သန်းကောင်စာရင်းဝင် တရားဝင် သတ်မှတ် ခေါ်ဝေါ်ထားတဲ့ အထောက်အထားတွေ အခိုင်အမာ ရှိနေပါတယ်။ ဒီအထောက်အထားတွေကို ဗိုလ်နေဝင်းနှင့် မဆလက စနစ်တကျ ဖျက်ဆီးနေခဲ့ပေမဲ့ သမိုင်းဆိုတာ ဖျောက်လို့ မရကောင်းပါဘူး။ ပသီဆိုတဲ့ ဝေါဟာရသည် ဖါရစီက ဆင်းသက်သည်ဟု ဆိုသလို၊ ပန်းသေးက ဆင်းသက်သည်ဟု ဆိုသူများလည်း ရှိပါတယ်။ မြန်မာမင်းများလက်ထက်ကတည်းက အခြေစိုက်နေထိုင်လာခဲ့သော မင်းမှုထမ်းများ၊ ကုန်သည်များမှ ဆင်းသက်လာသူများသည် မူလပထမ ပသီလူမျိုး ဖြစ်မည်ဟု ယူဆပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်က မွတ်စလင်တွေ အားလုံးကို ပသီလို့ ခြုံပြီး ခေါ်ဖို့က လက်တွေ့မှာ အခက်အခဲရှိနိုင်ပါတယ်။ ကမန်၊ ပန်းသေး၊ ပသျှူး၊ ရိုဟင်ဂျာ စသူတွေက သူတို့ကို ပသီလို့ သတ်မှတ်တာကို လက်ခံနိုင်မယ် မထင်သလို မိမိကိုယ်ကို ပသီအစစ်ဖြစ်တယ်လို့ ခံယူထားသူတွေကလည်း အခြားသူတွေ ပသီအမည်ခံလာတာကို ကြိုက်နှစ်သက်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဇေတဘာဒီကို အကြမ်းအားဖြင့် ကပြားလို့ ယူကြပေမဲ့ ဖါရစီစကားဖြစ်တဲ့ ရွှေနိုင်ငံသား သို့မဟုတ် (အောက်လေ)မုတ်သုန်လေက ဆင်းသက်လာကြောင်း ဆရာဦးမောင်ကို ဂဖာရီက ရှင်းပြပါတယ်။

အပိုင်း (၂)
မြန်မာမွတ်စလင် လူမျိုးဆိုတာ သမိုင်းဝင် အသိအမှတ်ပြုခံ ဖြစ်ပေမဲ့ ဒီဝေါဟာရရဲ့ အကြီးဆုံး ချွတ်ယွင်းချက်က လူမျိုးအမည်နှင့် ဘာသာအမည်ကို တွဲထားခြင်း ဖြစ်ပါတယ်။ ကရင်၊ ဗမာ၊ ရှမ်း စတဲ့ လူမျိုးမှန်သမျှသည် မိမိနှစ်သက်ရာဘာသာကို ကိုးကွယ်နိုင်ကြသည်ချည်းဖြစ်ပါတယ်။ ကိုးကွယ်ရာ ဘာသာပြောင်းတာနှင့် လူမျိုးအမည်ကို လိုက်ပြောင်းပေးဖို့ မလိုပါဘူး။ မြန်မာမွတ်စလင် လူမျိုးဟု ကျနော်တို့ လက်ခံ သတ်မှတ်မယ် ဆိုပါစို့။ မြန်မာမွတ်စလင်လူမျိုး တစ်ဦးဦးက ခရစ်ယန်၊ ဗုဒ္ဓဘာသာသို့ ပြောင်းလဲကိုးကွယ်တဲ့အခါ လူမျိုးက မြန်မာမွတ်စလင်လူမျိုး၊ ကိုးကွယ်တာက ဗုဒ္ဓဘဘာသာ၊ ခရစ်ယန်ဘာသာ စသဖြင့် ဖေါ်ပြမယ်ဆိုရင် အင်အတန် ဂွကျပါလိမ့်မယ်။ မွတ်စလင်ဆိုတဲ့ စကားလုံးက အစ္စလာမ်ကို လက်မခံ ငြင်းပယ်လိုက်တာနှင့် ဘယ်လိုမှ ဆက်လက်ဒွန်တွဲထားလို့ မရနိုင်တာကို အားလုံးသိကြပါတယ်။ မွတ်စလင်ဆိုတာ အစ္စလာမ်ကို လက်ခံတဲ့ တရုပ်၊ မလေး၊ နာဂ၊ ဖိလစ်ပင်း၊ အဖြူ၊ အမဲ၊ အဝါ မရွေးကို သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း မြန်မာခရစ်ယန်လူမျိုး၊ မြန်မာဟိန္ဒူလူမျိုး စသဖြင့် အပြိုင်အဆိုင် ဖြစ်လာရင် ဘာသာရေးနှင့် လူမျိုးရှုပ်ထွေးပြီး လူ့အဖွဲ့အစည်းကို အသေအချာ အကျိုးယုတ်စေနိုင်ပါတယ်။
မြန်မာပြည်ကို ရှေးပဝေဏီက လူမျိုးနွယ်စုကြီး (၃)စုသာ ဝင်ရောက်လာပြီး အခုလူမျိုးပေါင်း ၁၃၅ (ယခင်က ၁၄၄ရှိခဲ့ရာမှ ဗိုလ်ချုပ်နေဝင်းက မွတ်စလင်တိုင်းရင်းသား ပသျှူး၊ ပန်းသေး၊ မြေဒူး၊ ၃၇၀၀၊ ရိုဟင်ဂျာ စသည်တို့ကို ပယ်ဖျက်ခဲ့) ရှိနေပါပြီ။ နောင်တစ်ချိန်ချိန်မှာ ယနေ့မြန်မာမွတ်စလင် အပါအဝင် အခြားလူမျိုးသစ်တွေအတွက် လူမျိုးအမည်သစ်တွေ ထပ်တိုးကောင်း တိုးနိုင်ပါတယ်။ သို့သော် အခုအကြောင်းကို အခုပြောကြရအောင်ပါ။
မဂို၊ ပထန်၊ ကျိုလီယာ၊ စူရတီ၊ ဂူဂျရာတီ၊ ဘင်္ဂါလီ၊ ပသီ၊ ကမန်၊ မေမန်၊ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး၊ ၃၇၀၀လူမျိုး စသဖြင့် မိမိကိုယ်ပိုင် လူမျိုးအမည်ကို ဆက်လက်ခံယူလိုသူတွေ ခံယူနိုင်ကြပါတယ်။ ဒီနေရာမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေနှင့် သွေးချင်းဆက်နေကြကာ တစ်ဆက်တည်းမှာဘဲ အစ္စလာမ်ဘာသာကို မြတ်နိုး ယုံကြည် ကိုးကွယ်နေကြတဲ့ မြန်မာပြည်တလွှား အမြို့မြို့အနယ်နယ်က သန်းနှင့်ချီ ရှိနေသော မွတ်စလင်တွေ အကြောင်းကို အဓိကထားပြီး ဆွေးနွေးချင်ပါတယ်။ ဒီမွတ်စလင်တွေသည် မိမိတို့၏ ကံကြမ္မာ၊ ဘဝ၊ ပစ္စုပ္ပါန်၊ အနာဂတ် အစစ အရာရာကို အေးအတူ ပူအမျှ တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူတွေနှင့် တသားတည်း လက်တွဲ ခံစားကြသူများ ဖြစ်ပါတယ်။ ဘယ်ဘက်ကိုမှ မျက်စမပစ်၊ ဘယ်တခြားနိုင်ငံရဲ့ သစ္စာကို မခံ၊ သာသာ နာနာ၊ သေသေ ရှင်ရှင် မြန်မာနိုင်ငံသည်သာ တစ်ခုတည်းသော အမိနိုင်ငံအဖြစ် လက်ခံယုံကြည်သူများ၊ အသက်ပေးကာကွယ်သူများ ဖြစ်ပါတယ်။
ဒီမွတ်စလင်တွေကို မနေ့တနေ့က ဗီဇာယူပြီး တိုင်းတပါးက လာရောက် အခြေချလာသူတွေလို ခွဲခြားဆက်ဆံနေတာမျိုးက တော်လောက်ပါပြီ။ ရပ်တန်းက ရပ်ကြဖို့ လိုပါတယ်။ ဒီမွတ်စလင်တွေသည် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ၊ အများဆုံး ရာစုနှစ်ပေါင်းများစွာက လာရောက်အခြေချသူများနှင့် တိုင်းရင်းသားများ ပေါင်းစပ် ဓါးမဦးချ နေထိုင်ကြရာမှ အဆင့်ဆင့် ပေါက်ဖွား ဆင်းသက်လာသူများ ဖြစ်ပါတယ်။ ဒီမွတ်စလင်တွေရဲ့ သွေးတွေထဲမှာ မြန်မာတိုင်းရင်းသားသွေးတွေ ပါရှိနေသလို ဒီမွတ်စလင်တွေရဲ့ နောင်လာမဲ့ သားစဉ်မြေးဆက်တွေကလည်း ပါကစ္စတန်၊ အိန္ဒိယ၊ အာရဗ်တွေနှင့် လက်ဆက်ကြမှာ မဟုတ်ပါဘူး။ မြန်မာတိုင်းရင်းသားတွေနှင့်သာ ပေါင်းဖက်ပြီး တိုင်းရင်းသားတွေ အဖြစ်သာ ပေါက်ဖွားကြမှာ ဖြစ်တယ်။ ဒီမွတ်စလင်တွေသည် အခြားမည်သည့် နိုင်ငံသား၊ တိုင်းရင်းသားများထက် အဆင့်နိမ့်သူများ မဟုတ်ပါဘူး။ သူတို့လိုဘဲ တိုင်းပြည်ကို ချစ်သူ၊ စောင့်ရှောက်သူ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်သူတွေဖြစ်တယ်။ သူတို့နှင့် အစစ အရာရာမှာ တန်းတူအခွင့်အရေးရှိသူ၊ တာဝန်ရှိသူများ ဖြစ်ကြပါတယ်။
ဒီမွတ်စလင်တွေဖြစ်တဲ့ ကျုပ်တို့ သွေးထဲမှာ ဗမာ၊ ကရင်၊ ရှမ်းစသူတွေ ရှိနေလို့ ကျုပ်တို့ရဲ့ မိဘ၊ ဘိုးဘွားလူမျိုးဖြစ်တဲ့ ဗမာ၊ ကရင်၊ ရှမ်းအဖြစ် ခံယူတာကို ဘယ်သူကမှ ကန့်ကွက် တားဆီးလာခြင်းကို လက်မခံ။ ကျုပ်တို့ကို မြန်မာနိုင်ငံသား တိုင်းရင်းသား မဟုတ်ဘူးလို့ ငြင်းပယ်ရန် မည်သူ့တွင်မှ အခွင့် အာဏာမရှိ။ ကျုပ်တို့ရဲ့ မွေးရာပါ အခွင့်အရေးကို မည်သူက ပေးမှ၊ သနားမှ၊ ခွင့်ပြုမှ ရနိုင်သည်ဟု ကျုပ်တို့ မယုံကြည်။ ကျုပ်တို့ရဲ့ မွေးရာပါ အခွင့်အရေးကို ကျုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းသော၊ တရားသော၊ ကျိုးကြောင်းဆီလျော် ညီညွတ်သော နည်းလမ်းများဖြင့် ကာကွယ် ထိမ်းသိမ်းသွားမှာ ဖြစ်ပါတယ်။ တားမြစ်ရင် တားမြစ်တဲ့သူကို ရှိတဲ့ ဥပဒေဘောင်တွင်းက မှန်မှန် ကန်ကန် ဆန့်ကျင် ရင်ဆိုင်သွားမယ် ဖြစ်တယ်။ ကျုပ်တို့ကို ကာကွယ်ပေးမဲ့၊ အသိအမှတ်ပြုတဲ့ ဥပဒေတွေ မရှိရင်၊ ရှိလာအောင် ကျုပ်တို့ လုပ်ဆောင်သွားမယ်။
၁၉၃၀ ခု၊ မေလ (၃၀) ရက်နေ့မှာ ဒိှု့ဗမာအစည်းအရုံးက ပထမဆုံး တရားဝင် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ “ဗမာကပြားများသို့” ဟူ၍ ခေါင်းစဉ်ငယ် သီးခြားတပ်ပြီး
“အို- ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက်၊ တနိုင်ငံဘွားဖြစ်သော ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့အမေ (သို့မဟုတ် အဖေ) အဘိုးအဖွား စသည်တို့မှာ ဗမာနိုင်ငံသား ဗမာပြည်ဘွား၊ ဗမာပြည်သားများပင် မဟုတ်ကြပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့သည် အဘယ်ကြောင့် ဗမာများ မဟုတ်သယောင်လုပ်၍ နိုင်ငံခြားသားများကဲ့သို့ အသင်တို့ ငါတို့ တိုင်းပြည်၏အရေးကို လျစ်လျူရှုကြကာ နေစိမ့်ကြပါသနည်း။ လောကတွင် မည်သူမဆို ကိုယ်မွေးဖွါးရာဌာနကို ချစ်ခင်စမြဲဓမ္မတာတည်း။ အသို့ဖြစ်လျက် အဘယ်ကြောင့် အသင်တို့သည် ဓမ္မတာနှင့် ဆန့်ကျင်၍ ကိုယ့်အမိနိုင်ငံ၊ ကိုယ့်အဖနိုင်ငံ၊ ကိုယ့်မွေးဖွါးရာ နိုင်ငံကြီးကို မချစ်ခင်ကြဘဲ နိုင်ငံခြားသား စိတ်ဝင်ပြီးလျှင် နိုင်ငံခြားသားကဲ့သို့ နေရက်ကြကုန်ပါသနည်း။ အသင်တို့သည် အသင်တို့ မွေးဖွားရာ ဗမာနိုင်ငံကို ကိုယ့်နိုင်ငံဟု သဘောမထားကြပါလျှင် မည်သူ့နိုင်ငံကို ကိုယ့်နိုင်ငံဟူ၍ မှတ်ယူကြပါမည်နည်း။ – - – -
- – - ကိုင်း၊ အသို့ဆိုမည်နည်း၊ ဗမာတိုင်းဖွား အသင်ကပြားတို့။ အသင်တို့သည် ရှေ့ရေးကို မြော်မြင်သောအားဖြင့် ကျွန်ုပ်တို့လဲ ဗမာပါဘဲဟု ယခုပင် ဆိုလှဲ့ကြပါကုန်လော့။ အသင်တို့လည်း ငါတို့နှင့်အတူ စည်းလုံး၍ ယိုင်းပင်းဝိုင်းဝန်းကြပါကုန်လော့။ အသင်တို့ကိုယ်ကို အသင်တို့ တို့ဗမာဘဲ သဘောထား၍ ဗမာနိုင်ငံကြီးနှင့်တကွ ဗမာအမျိုးသားအကုန် ကောင်းစားအောင် ကျင့်ဆောင်ကြမည် မဟုတ်ပါလော” ဟု၍ သခင်လှုပ်ယှားမှုကြီးအတွင်း ပူးပေါင်းပါဝင်လာကြဖို့ တပ်လှန့် ဖိတ်ခေါ်ခဲ့ပါတယ်။
တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးနှင့် ထပ်တူခံစား လက်တွဲ၍ ရှေးမြန်မာမွတ်စလင်များ တိုင်းပြည် လွတ်လပ်ရေးအတွက် ရှေ့တန်းမှ အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ အထောက်အထားတွေ သမိုင်းမှာ ရေးမကုန်အောင် အထင်အရှားရှိနေပါတယ်။ တကသ၊ ဗကသဆိုတဲ့ ကျောင်းသားသမိုင်း၊ တို့ဗမာအစည်းအရုံးဆိုတဲ့ သခင်သမိုင်း၊ လွတ်လပ်ရေး တိုက်ပွဲဝင် အာဇာနည်သမိုင်းသာမက တိုင်းပြည်ထူထောင်ရေး၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစား ကြိုက်တဲ့သမိုင်း စသဖြင့် ကြိုက်တဲ့သမိုင်းကို ရေးပါ။ မြန်မာမွတ်စလင်တွေ ရှေ့တန်းက ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကို ချန်လှပ်ပြီး ရေးလို့ ရကို မရပါဘူး။ လွတ်လပ်ရေးအတွက် အသေခံ တိုက်ပွဲဝင်တုန်းကတော့ အတူတူပါဘဲလို့ ဆိုခဲ့ကြပြီး တိုင်းပြည်လွတ်လပ်ရေးရမှ အင်္ဂလိပ်နေရာကို သခင်အဖြစ် အချောင် အစားဝင်ပြီး ကျုပ်တို့ကို ကျွန်သာသာ ဒုတိယ၊ တတိယတန်းစား နိုင်ငံသားလို ဆက်ဆံလာနေတာကို လုံးဝ လက်မခံနိုင်ပါဘူး။
ကျနော်တို့ ဖက်ကလည်း မိမိတို့၏ ဘဝတွေကို မြှုပ်နှံထားတဲ့ လူ့ဘောင်အဖွဲ့အစည်းတွင်းမှာ တာဝန်သိတဲ့၊ အကျိုးပြုတဲ့ နိုင်ငံသားတွေ ဖြစ်ရပါမယ်။ သေသေချာချာ စဉ်းစားကြမယ်ဆိုရင် မိမိသွေးပါတဲ့ သက်ဆိုင်ရာ လူမျိုးအလိုက် ကရင်ယဉ်ကျေးမှု၊ ရှမ်းယဉ်ကျေးမှု၊ ဗမာယဉ်ကျေးမှု၊ မြန်မာ့လူ့ဘောင်ရဲ့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးပိုက်ထွေးတာဟာ ရှက်စရာ မဟုတ်။ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တစ်ကယ်တော့ ငြင်းပယ်တာကသာ ရှက်စရာပါ။ ဗမာတစ်ယောက်က မွတ်စလင်ဖြစ်လို့ တိုက်ပုံမဝတ်ရဘူး။ အိန္ဒိယသူတစ်ယောက်က အစ္စလာမ်ကို လက်ခံလို့ ဆာရီမခြုံရဘူး၊ အနောက်နိုင်ငံသား/သူတစ်ယောက်က မွတ်စလင်ဖြစ်လို့ ဘောင်းဘီရှည်/ဂါဝန်စကတ် မဝတ်ရဘူးဆိုတာ မရှိပါဘူး။ တစ်ကယ်တော့ လူမျိုးနွယ်တိုင်းကို တမန်တော်တွေ စေလွှတ်ခဲ့တယ်ဆိုတာကို ကုရ်အန်မှာ အတိအလင်း ဖေါ်ပြထားပါတယ်။ ဗုဒ္ဓသည်ပင်လျှင် တမန်တော်တစ်ပါးဖြစ်တဲ့အတွက် ရိုသေ လေးစားရမယ်လို့ အစ္စလာမ့် ပညာရှင်များ ဆိုကြပါတယ်။
အောင်တင်
မေလ (၉) ၂၀၁၀
မြန်မာမွတ်စလင်အစည်းအရုံးမှကူးယူဖော်ပြသည်။

ဗမာမွတ်စလင်မ် ဆရာကြီးဦးနုသမိုင်းအကျဉ်းချုံ့

တက္ကသိုလ်စိုးလွင် (ရွှေမန်းတက္ကသိုလ်) တင်ပြသည်။
ဆရာကြီးဦးနုသည် မြန်မာနိုင်ငံတော်ကို တတိယအကြိမ်တည်ထောင်တော်မူခဲ့သောအလောင်းမင်းတရား ကြီး၏သားတော်ကြီးအိမ်ရှေ့ဥပရာဇာသည်ဖခမည်းတော်၏ရွှေနန်းစည်းစိမ်ကိုဆက်ခံစိုးစံစဉ်  မြန်မာသက္က ရာဇ် ၁၁၄၂-ခုတွင်ရတနာ သိင်္ဃ မင်းနေပြည်တော်ကြီးတွင် ဖွားမြင်ခဲ့သည်။
ဆရာကြီးဦးနု၏ မွေးသက္ကရာဇ်ကို မည်ကဲ့သို့ သိရှိရသနည်းဟူမူ ဆရာကြီးဦးနု ပြုစုရေးသားခဲ့သော သုံးခန်းကျမ်းအပြီးတွင် ကျမ်းပြီးသက္ကရာဇ် ၁၁၅၆-ခုဟူ၍ ပြဆိုထားပေသည် ဆရာကြီး ဦးနု မိမိအသက် ၃၂- နှစ်ရှိသောအခါသုံးခဏ်းကျမ်း ပြုစုကြောင်း သုံးခဏ်းအစ စာမျက်နှာတွင် ရေးသားထားလေသည် ထိုကြောင့် ကျမ်းပြီးသက္ကရာဇ်နှင့်တွက်စစ်သည်ရှိသော် ဆရာကြီး၏ မွေးသက္ကရာဇ်ကိုရှိပေသည် ဟစ်ဂျရီ သက္ကရာဇ်အားဖြင့် ၁၁၇၈ ခုဖွားဖြစ်ပေသည်။ဆရာကြီးဦးနု၏ ငယ်နာမည်ကား မုဟမ္မဒ်ကာစင်မ် ဟူ၏ ဆရာကြီးသည်ကျမ်းပြုတိုင်းကျမ်းပြုသူ၏အမည်နာမကိုအထူးသိစေရန်စကားဝှက်များဖြင့်ရေးသားလေ့ရှိ၏ သုံးဆယ့် ငါးခန်းကျမ်းအဆုံးတွင် ရေးသားထားသည်မှာ

ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ ညီလာခံ

ဗမာမွတ်စလင် နိုးကြားရေးညီလာခံကို ၁၉၄၁ခု၊ မေလ(၁)ရက်နေ့မှ စတင်၍ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံကို မေလ(၄) ရက်နေ့တွင် အာဇာနည် ဆရာကြီး ဦးရာဇတ်ကသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုညီလာခံတွင်ပင် ၁၉၄၁-၄၂ ခုနှစ်အတွက်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ရာတွင် ဥက္ကဌအဖြစ် မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ် အာဇာနည်ဆရာကြီး ဦးရာဇတ်အား ရွေးချယ်ခဲ့ပါသည်။