Tuesday 1 January 2013

ရိုဟင်ဂျာ၊ ဌေးလွင်ဦး

မြန်မာ ဗုဒ္ဓဘာသာ အစွန်းရောက်များနဲ့ မျက်ကန်း အမျိုးသားရေးဝါဒီများ ဇွတ်ခံငြင်းနေတဲ့ အမည်နာမ “ရိုဟင်ဂျာ” ကတော့- ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မင်းသားနေရာက ဖြစ်နေပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ အမည် နာမကို ငြင်း ဆန်သူတိုင်း- ကမ္ဘာအလယ်မှာ လူယုတ်မာ အဖြစ်၊ အကြမ်းဖက် လူသတ်တရားခံအဖြစ်၊ ကမ္ဘာ့လူသားတို့ရဲ့ အော့နှလုံးနာစရာ လူသား အဖြစ်- ထင်ထင်ရှားရှား အရောင်ပေါ်လာပါတော့တယ်။
တစ်ကယ်လည်း ရိုဟင်ဂျာက ရိုဟင်ဂျာပါပဲ။ ရိုဟင်ဂျာတွေဟာ- ကမ္ဘာ့နိုင်ငံတိုင်းမှာ ပျံ့နှံ့နေ သလို- မြန်မာနိုင်ငံရဲ့ လူမျိုးတိုင်းကြားမှာလည်း အနည်းနဲ့အများ ရှိနေပြီးသား ဖြစ်နေပါပြီ။ ဒါဟာလည်း ရိုဟင်ဂျာတို့အား မတော် မတရား ဖိနှိပ်ညှင်းပန်း သတ်ဖြတ် မောင်းထုတ်ခဲ့တဲ့ အမျိုးသားရေးဝါဒီ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ ကျေး ဇူးကြောင့်လို့ ပြောရမှာပါ။
ရိုဟင်ဂျာတွေဟာ ဘယ်ဆီကိုရောက်ရောက်- သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” လူမျိုးဆိုတဲ့ နာမည်ကို ခုံခုံမင်မင်နဲ့ ဖက်တွယ်ပြီး ရပ်တည်နေပါတယ်။ သူတို့ရဲ့ သားသမီးတွေက ပြင်သစ်စကား၊ ဂျာမဏီစကား၊ စပိန်စကား၊ နော် ဝေးစကား၊ အင်္ဂလိပ်စကား၊ အူရ်ဒူစကား၊ ဟင်ဒီစကား၊ ဘန်ဂါလီစကား၊ မလေးစကား၊ ထိုင်းစကား၊ အာရဗ် စကား- စတဲ့ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ ဘာသာစကားများနဲ့ ကြီးပြင်းခဲ့ရပေမယ့်- သူတို့ ကိုယ်သူတို့ “ရိုဟင်ဂျာ” ဆိုတဲ့ ဂုဏ်နဲ့ပဲ ရပ်တည်နေပါတယ်။ နိုင်ငံကြီး အတော်များများမှာ ပညာတတ်တွေ၊ ပညာရှင်တွေ၊ ကြေးရည်တတ် တွေ၊ ငွေရှင်ကြေးရှင်တွေ- လူရာဝင်သူတွေ အများကြီး ရှိနေခဲ့ပါပြီ။ ဒါပေမယ့် သူတို့ကိုယ် သူတို့ “ရိုဟင်ဂျာ” လူမျိုး ဆိုတဲ့ ဂုဏ်နာမနဲ့ပဲ ရပ်တည်နေကြပါတယ်။
အကယ်၍ သူတို့ဟာ မြန်မာ အယူသည်း မျက်ကန်းများ စွပ်စွဲသလို ဘင်္ဂလီ လူမျိုး ဖြစ်ခဲ့မယ် ဆိုရင်- သူတို့ ရောက်ရာ နိုင်ငံတိုင်းမှာ သူတို့ကိုယ်သူတို့ ဘန်ဂါလီလို့ ခံယူပြီး အခြားသော ဘင်္ဂလားဒေ့ရှ် လူမျိုးများနဲ့ ရော နှော ပျောက်ကွယ်သွားခဲ့မှာ သေချာတယ်။ အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ကြည့်ပါ။- ထိုင်းမြန် မာနယ်စပ် မြို့ မဲဆောက်မှာ ဘင်္ဂလားဒေ့ရှ်တန်းလျှား ဆိုတဲ့ မွတ်ဆလင်အများစု နေထိုင်ရာ ရပ်ကွက် တစ်ခုရှိတယ်။ ဒါပေမယ့် အဲ့ဒီရပ်ကွက်မှာ နေထိုင်တဲ့ လူတွေက ရခိုင်နယ်က လာတဲ့ ရိုဟင်ဂျာတွေ မဟုတ်ဘူး။ မဲဆောက်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေက သူတို့ကိုယ်သူတို့ ဘင်္ဂလီလို့ မခံယူဘဲ ရိုဟင်ဂျာ ဆိုပြီး သီးခြားရပ်တည်နေတယ်။ သူတို့ကို တစ်ခြားသူတွေက အာရ်ကန် လို့ ခေါ်ကြတယ်။ (အာရ်ကန် Arakan ဆိုတာ ရခိုင်နယ်ရဲ့ သမိုင်းစဉ်ဆက် အမည်နာမ ဖြစ်ပါတယ်။ Rakhine လို့ စတင်ခေါ်လာခဲ့တာ- ၁၉၉၀ နောက်ပိုင်း စစ်အစိုးရလက်ထက်မှ အမည် ပြောင်းလိုက်ခြင်းပါ။ မြန်မာလို ရခိုင် ပြည်နယ် ဆိုတာ ကတော့ ဦးနေ၀င်းလက်ထက် ၁၉၇၅ ခုနှစ်မှ စတင်ခေါ် ခဲ့တာပါ။)
မလေးနိုင်ငံမှာလည်း “ရိုဟင်ဂျာ”တွေက ဘင်္ဂလီနဲ့ သီးခြား ရပ်တည်ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သီးခြား ရပ်တည်ပါတယ်။ တစ်ကယ်လို့ ရိုဟင်ဂျာ တွေသာ ဘင်္ဂလီ ဖြစ်နေရင်- နိုင်ငံရပ်ခြား လွတ်လပ် ရာ နိုင်ငံတွေမှာ ရောသွားလောက်ပြီ ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ” ဆိုတာ အမည်နာမအားဖြင့် ထိန်ချန် ဖျောက်ဖျက်ခံထားရတဲ့ အမည်နာမ သာ ဖြစ်ပါတယ်။ လူတွေကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရသေးလို့ ကျန်နေတာ သေချာပါတယ်။ အဲ့ဒီ ရိုဟင်ဂျာ လိုတဲ့ လူသားတွေက အစ္စလာမ်သာသနာကို ကိုးကွယ်လို့ ဘာသာရေး အရ နှိပ် ကွပ်နေခြင်းသာ ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက ဘယ်လိုလိမ်လိမ် ကမ္ဘာက သိနေပါတယ်။ 
ရိုဟင်ဂျာများက ရခိုင်နယ်မှာ သမိုင်းမှတ်တမ်းအရ ရှေးအကျဆုံး လူမျိုးနွယ်စု ဖြစ်ပါတယ်။ (သမိုင်းမတွင်မှီ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်ကို မသိပါ။) ဒီအတွက် ကျွန်တော်ရေး တဲ့ ဆောင်းပါး တိုင်းမှာ လို ဖေါ်ပြ ပြီး၊ သက်သေပြပြီးလည်း ဖြစ်ခဲ့ပါတယ်။
ဒီရှေးကျတဲ့ လူမျိုးစုဟာ- မာဂဓ အင်ပါယာတွင်းမှာ သူတို့ကိုလွှမ်းမိုးရာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာများကို ကူး ပြောင်းခဲ့ပါတယ်။ သူတို့ကို လွှမ်းမိုးရာ ရှေးဟောင်း မာဂဓခေတ်သုံး ဘင်္ဂလီစကားနဲ့ စာပေကို သုံးစွဲခဲ့ပါတယ်။ နောက်ပိုင်း အစ္စလာမ်သာသနာ ရောက်လာတော့ သူတို့ထဲက လူများစုကြီးက အစ္စလာမ် သာသနာကို ကူး ပြောင်းခဲ့ပါတယ်။ အစ္စလာမ်သာသနာကို မကူးပြောင်းဘဲ ကျန်နေခဲ့သူများကို မြန်မာကြီး လူမျိုးလို့ ခေါ်နေပါ တယ်။ (ရခိုင်ဘာသာစကားနဲ့ မာရ်မာကီး- ဆိုတာ မြန်မာကြီး ဆိုတဲ့ စကားလုံးဖြစ် ပါတယ်။) အဲ့ဒီ မြန်မာကြီး ဆိုတဲ့ စကားက မြန်မာတို့ ထက် ရှေ့ကျသော၊ ရှေ့အကျ ဆုံးသော မြန်မာလူမျိုး လို့ အဓိပ္ပါယ်ကို ပေးကြောင်း- ရခိုင်သမိုင်းပညာရှင်တိုင်း လက်ခံထားပြီးလည်း ဖြစ်ပါတယ်။
ဒီလို ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘန်ဂါလီ စကားကို ပြောဆိုတဲ့ လူမျိုးထဲက ဗုဒ္ဓဘာသာ အဖြစ်ကျန်နေ သူကို မြန်မာကြီး (မြန်မာတို့ထက် ရှေ့ကျသော လူမျိုး)လို့ အသိအမှတ်ပြုထားပြီး-၊ အဲ့ဒီ ဘာသာစကား၊ အဲ့ဒီ ရုပ်ရည်၊ အဲ့ဒီ ယဉ်ကျေးမှုအတိုင်း လုံးဝမလွဲတဲ့ လူတစ်မျိုးတည်း လူမျိုးစုက အစ္စလာမ်ကိုး ကွယ်လိုက်တော့မှ မြန်မာတို့ထက် အလွန့်အလွန် နောက်ကျပြီး- ဟိုတစ်နေ့ ကမှ မြန် မာနိုင်ငံ ထဲကို ရောက်လာသလို စွပ်စွဲနေခြင်း ဟာ လူမျိုးနဲ့ ဘာသာ မှားယွင်းနေခြင်း သို့မဟုတ် ဘာ သာရေး အ ရ ခွဲခြားခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေပါ တယ်။ 
အခုအချိန်မှာ ဘယ်လိုမှ လိမ်လို့ မရနိုင်တော့ပါ။ လိမ်လေ အရှက်ကွဲလေ ဖြေရှင်းရခက်လေ ဘ၀ ကို မြန် မာ ပညာ ရှင်ခံယူထားသူတွေ ကြုံလာရပါတော့မယ်။ မျက်ကန်း အမျိုးသားရေးဝါဒီတွေ ဘာသာရေး အစွန်းရောက် တွေ ဘေးကြုံရမယ့် ကာလကို ရောက်လာပါတယ်။
မြန်မာကြီးနဲ့ ရိုဟင်ဂျာ- အပြန်အလှန် ဆင်ခြင်ကြည့်ပါ။ အကယ်၍ ရိုဟင်ဂျာ တစ်ဦးက ဒီနေ့ ဗုဒ္ဓဘာသာကို ကူး ပြောင်း သွားမယ် ဆိုရင်- သူဟာ ဒီနေ့ချင်းပဲ မြန်မာတို့ထက် ရှေးကျတဲ့ “မြန်မာကြီး” လူမျိုး ဖြစ် သွားမယ်။ အဲ့ဒီ မြန်မာတို့ထက် ရှေ့ကျတဲ့ မြန်မာကြီး (မာရ်မာကီး) လူမျိုးတစ်ဦးက ဒီနေ့ပဲ အစ္စလာမ်သာ သနာကို ကူးပြောင်း လိုက်မယ် ဆိုရင် သူဟာ မနေ့ကမှ ဘင်္ဂလားဒေ့ရှ်က ရောက်လာတဲ့ ကျူးကျော်သူ တစ်ဦး အဖြစ် ဖြစ်သွားမယ်။ ဒီလိုခံယူနေမှု- ခံစားနေမှုဟာ ပကတိ အမှန်တရား ဖြစ်ပါသလား။ လူတစ်ဦး တည်း မှာကိုယ် ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်ဘာသာ ဆိုတဲ့ ခံယူမှု တစ်ခုအရ- သူဟာ ဗုဒ္ဓဘာသာကို ကိုးကွယ် ရင် သူ့ကို အသက် ၁၀၀၀ ကျော် (မြန်မာ နိုင်ငံ မထူထောင်မှီကာလ) လို့ သတ်မှတ်ပြီး၊ အစ္စ လာမ် ကို ကိုးကွယ်ရင် သူဟာ မနေ့ကမှ မွေးတဲ့ ပုခက်ထဲက ကလေးလို့ သတ်မှတ်လိုက် သလို ဖြစ်နေ ပါတော့တယ်။ 
ဒါဆိုရင် ဒီနေ့ ရိုဟင်ဂျာတွေကို ဘင်္ဂလီ လို့ စွပ်စွဲနေတာ၊ လူကြောင့်လား၊ ကိုးကွယ်ရာ ဘာသာကြောင့် လား- ဆိုတာ ပညာရှင်များ ဆင်ခြင်တတ်မှာပါ။---။ 
ဘယ်လိုဆင်ခြင် ဆင်ခြင်၊ ဘယ်လိုငြင်းငြင်း--“ရိုဟင်ဂျာ”ကတော့ ရိုဟင်ဂျာပါပဲ။ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာ ရကို မုန်းတီး လွန်းတယ် ဆိုရင်လည်း---၊ “ရှေးဟောင်းမြန်မာ” လူမျိုးလို့သာ အမည်ပေးဘို့ ဖြစ်နေပြီ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်

No comments:

Post a Comment