Monday 28 January 2013

အလ္လာမဟ် ဃာဇီ၏ မိုးအောက်မြေပြင် ရဲရဲတောက်မိန့်ခွန်း(၂၃-၆-၁၉၄၉) မြန်မာ့အသံရေဒီယို

မိုးအောက်မြေပြင်၊ ဤကမ္ဘာ့ဇာတ်ခုံပေါ်တွင် မှီတင်းနေထိုင် ကြတဲ့ ဗမာ့လူထုနှင့် ကမ္ဘာ့လူထုကြီးအား အနည်းငယ်စကားပြောချင်ပါတယ်။ 
ဆန်းကြယ်လှတဲ့ ဤစကြ၀ဠာကြီးဟာ သဘာဝ ကျကျ ပြုစု မွမ်းမံထားတဲ့ ဥယျာဉ်ကြီးနဲ့တူပါတယ်။
ဒီဥယျာဉ်ကြီးထဲမှာ မရှိတာဟူ၍ မရှိ ၊ အလိုရှိတာ မှန်သမျှ အကုန်ရရှိနိုင်ပါတယ်။
 ဒီဥယျာဉ်တွင်းမှာရှိတဲ့သက်ရှိသက်မဲ့ပုပုရွရွဟူသမျှတွေဟာလည်း
“ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ”ဆိုသလို တစ်ခုနဲ့တစ်ခုအဆင်ပြေပြေ ဆက်သွယ်လျက်
မိမိတို့၏တာဝန်များဝေပုံကျ ကျေပွန်စွာ ထမ်းဆောင် နေတာကိုတွေ့ရပါတယ်။

-
ကျွန်တော်တို့ “မနုဿ”လူသားများဟာ ဒီဥယျာဉ်ကြီး ရဲ့  ဥယျာဉ်မှူးများဖြစ်ကြပါတယ်။
ဥယျာဉ်မှူးတွေဟာ မိမိတို့ရဲ့ တာဝန်များကို တိကျ မှန်ကန်စွာ ထမ်းဆောင်နေကြပါလျှင်
ဒီဥယျာဉ်ကြီးဟာ လောက နိဗ္ဗာန်ကြီးဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ တာဝန်ပျက်ကွက်ကြပါလျှင် ဒီဥယျာဉ်ကြီးဟာ လောကငရဲပါဘဲ။
-
 ကမ္ဘာလောကကြီးရဲ့ စည်ပင်ဝပြောမှုနဲ့ ထာဝစဉ်ငြိမ်းချမ်းရေးဟာ
ကျွန်ုပ်တို့ ကမ္ဘာ့လူထုကြီးအပေါ်မှာသာ တည်ရှိနေပါတယ်။ 
ကမ္ဘာ့ ထာဝစဉ် ငြိမ်းချမ်းရေးဟာ ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့
ကျွန်ုပ်တို့ရဲ့ အကြီးဆုံးသောတာဝန်လည်းဖြစ်ပါ တယ်။
-
 ကမ္ဘာကြီးကို သေသေချာချာ စိစစ်ဝေဖန်ကြည့်ကြစို့။ 
ကမ္ဘာ့ ၀န်ထမ်းများဖြစ်ကြတဲ့ မိုး၊ မြေ၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ တော၊ တောင်၊ အဟိတ်တရိတ်တို့ဟာ
 မနားမနေ မိမိတို့ရဲ့တာဝန်များကို ထမ်းဆောင်နေကြတာ တွေ့ရပါတယ်။   
 မိုးများပြို အခက်၊ မြေများပြို အခက်။   
ခုတော့မိုးလည်း မပြို၊ မြေလည်းမအက်။   
နက္ခတ်များကလည်း တောမခိုကြသေးပါ။
ကျားရဲတိရစ္ဆာန်များကလည်းလက်နက်ဆွဲကိုင်ပြီးမတော်လှန်ကြသေးပါ။
 သစ်သီး၊ သစ်ဥ၊ သစ်ဖုများတို့ကလည်း သပိတ်မမှောက်ကြသေးပါ။
သစ်သီး၊ သစ်ဥ၊ သစ်ဖုများကလည်း အစာငတ်မခံကြသေးပါ။
မိုးပေါ်ရှိ ကောင်းကင်တမန်ကြီးငယ်တို့ကလည်း သစ္စာမဖောက်ကြသေးပါ။
-
ဒီကဲ့သို့ ကမ္ဘာ့ အစိတ်အပိုင်းတွေအားလုံးဟာ မိမိတို့ရဲ့ တာဝန်များကို တိတိကျကျ ထမ်းဆောင်နေကြပါလျက်-
-
 ကမ္ဘာတွင်-ဘာကြောင့် ဆူပူ သောင်းကျန်းမှုများဖြစ်ပေါ်နေပါသလဲ  ၊      
ဘာကြောင့် ငြိမ်းချမ်းရေး ပျောက်ကွယ်နေပါသလဲ ၊ 
ရှင်းရှင်းပြောရရင်ဒီလိုဆူပူ သောင်းကျန်းမှုတွေဖြစ်ပေါ်ရတာဟာ ငြိမ်းချမ်းရေးပျောက်ကွယ်ရတာဟာ
ကျွန်တော်တို့ ဥယျာဉ်မှူးတွေရဲ့ တာဝန်ပျက်ကွက်မှုများကြောင့်ပါပဲ။
-
 ကိုယ့်လူတွေလုပ်ပုံကို သုံးသပ်ကြည့်ကြဦးစို့ ။   
ယခုအချိန် ကမ္ဘာအရပ်ရပ်မှာ ၀ါဒတွေ အမျိုးမျိုးခေတ်စားပြီး အာဏာသိမ်းချင်ကြတာနဲ့
တိုက်ကြ၊ ခိုက်ကြ၊သတ်ဖြတ်ကြ၊ကွဲကြ၊ပြဲကြ၊ တရားသည်မှအပ ကျန်တာအကုန် ပြုလုပ်ကြတဲ့အတွက်
နှစ်ကြိမ်တိုင်တိုင် တစ်ကမ္ဘာလုံးမီးဟုန်းဟုန်းတောက်ခဲ့ရပြီ၊
ယခုလည်း အချောင်သမားတွေ၊  သစ္စာဖောက်တွေ၊ခေါင်းပုံဖြတ်မြေရှင်ကြေးရှင်ဓနရှင်တွေနဲ့
၊လောဘ၊ ဒေါသ၊မောဟ၊မာနကိုမချုပ်တီးနိုင်သောကိုယ်ကျိုးရှာခေါင်းဆောင်တွေရဲ့  ညစ်ပတ်မှုများကြောင့်
ကမ္ဘာ့ကျောမွဲဆင်းရဲသားလူထုကြီးမှာ အပူကြီးပူရ ပြန်ပြီ၊
အကြောက်ကြီး ကြောက်ရပြန်ပြီ၊ နောင်ရေးမတွေးဝံ့သေးပါ။
-
နိုင်ငံခြားတွေကို ထားလိုက်ပါဦး၊
ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက အမျိုးဘာသာသာသနာအတွက် မရအရအသက်နဲ့လဲပြီး ယူပေးခဲ့တဲ့
မိမိတို့ရဲ့ အချုပ်အခြာအာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော်ကြီး ကိုပဲ ပြန်ကြည့်ကြစမ်းပါ။
ဘာတွေ ဖြစ်ခဲ့ရသလဲ၊
-
တစ်ချိန်က နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တဲ့
ကိုသစ္စာဖောက်၊ မယ်သစ္စာဖောက်တွေဟာ အာဏာသိမ်း ပိုက်လိုမှုကိုရှေ့ရှုပြီး
“သူတစ်လူ၊ငါတစ်မင်း၊မဟုတ်တရုတ်ဇာတ်ခင်း”ခဲ့ကြ တဲ့အတွက်
တိုင်းသူ ပြည်သားများဟာ ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်တိုးခဲ့ကြရပြီ။
အသက်စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရပြီ၊ အိမ်မဲ့ အိုးမဲ့ဖြစ်ခဲ့ကြရပြီ။
-
 (၁၉၄၇ )ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်၊ တနင်္ဂနွေနေ့က ရန်ကုန် မြို့၊ မြို့တော်ခန်းမကြီးမှာ
 ဗိုလ်ချုပ်အောင်ဆန်း ဟောပြောခဲ့တဲ့ နောက်ဆုံး သြ၀ါဒကို ယခုတိုင်ကြားယောင်လျက်ရှိပါသေးတယ်။
ဗိုလ်ချုပ်က -
“လွတ်လပ်ရေး” လိုချင်ရင် “လွတ်လပ်ရေး” ရနိုင်အောင် စည်းကမ်းရှိကြပါ။
“လွတ်လပ်ရေး” ရနိုင်တဲ့ ညီညွှတ်မှုကို ထိန်းသိမ်းကြပါ။
“လွတ်လပ်ရေး”လိုချင်ရင်“လွတ်လပ်ရေး” ရနိုင်လောက်တဲ့ ပြန်လည်ထူထောင်မှုကိုကြိုးစားကြပါ လို့မှာကြားခဲ့တယ်။
-
 မြန်မာပြည်ဟာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပ်နှင်းထားခဲ့တဲ့ အမွေအနှစ်ဖြစ်တယ်။
ဒီအမွေအနှစ်ကို အဓွန့်ရှည်စွာ မပျက်စီးအောင်၊ တည်မြဲအောင် ထိန်းသိမ်းမှုဟာ
ငါတို့လူထုကြီးတစ်ရပ်လုံး ရဲ့ တာဝန်ဖြစ်တယ်။
-
ရောင်စုံမျိုးဆက်တွေကတော့ ဗိုလ်ချုပ်ထားခဲ့တဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ဝေးစွ၊
လူမျိုးနဲ့တကွ တိုင်းပြည်မြေပုံကိုပါ ဖျက်ဆီးစုတ်ပစ်ဖို့ ကြိုးစားနေခဲ့ကြတယ်။
 ဒီလို မျိုးဖျက်တွေကို  “အိတ်သွန်ဖာမှောက် ” ဗမာ့ မြေပေါ်မှ ပျောက်ကွယ်သွားအောင် ငါတို့ တိုက်ထုတ်ကြရမယ်။
 တစ်ချိန်က အဲဒီနိုင်ငံရေး အရေခြုံတွေက
မိမိတို့သက်ဆိုင်ရာ ဌာနတွေမှာ ဘယ်လို အသံကောင်းဟစ်နေခဲ့ကြသလဲဆိုတော့- 
 -  ဗိုလ်ချုပ်ကို ချစ်တာ သူတို့၊    
-  တိုင်းပြည်ကို ချစ်တာ သူတို့ ၊    
-  ဆင်းရဲသားလယ်သမားကျောမွဲလူထုကြီးကို ချစ်တာ သူတို့ ၊ 
-  ဘာသာ   သာသနာကို ချစ်တာသူတို့၊ 
ဒါပေမဲ့ဂွကျတာက-     
-   ဗိုလ်ချုပ်လက်နဲ့ရေးခဲ့တာကိုခြေနဲ့ဖျက်တာလဲ  သူတို့ပဲ၊  
-   တိုင်းပြည် မွဲပြာကျအောင်လုပ်တာလဲ  သူတို့ပဲ၊   
-    မုဆိုးမကို စော်ကားတာလဲ    သူတို့ပဲ၊    
-    ဘုန်းကြီးဓားပြတိုက်တာလဲ  သူတို့ပဲ၊   
-    မြေ(၂)ဧကမှ အနိုင်နိုင်ပိုင်တဲ့ မြေရှင်များ ရဲ့ မြေယာကို သိမ်းတာလဲ သူတို့ပဲ။
“ ပါးစပ်က ဘုရား ဘုရား ၊ လက်က ကိုးရိုးကားရား” ဆိုတာ သူတို့တစ်တွေပေါ့။
-
 တိုင်းပြည်လူထုကို သူတို့ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်က ဒီလိုထင် ပါရဲ့။
သူတို့ချစ်တာက ခခွေးယပင့် စသတ် “ချစ် ” နဲ့ ချစ်တာ မဟုတ်ဘူး။ 
ခခွေးယရစ်စသတ် “ခြစ်”နဲ့ ပြဲရဲကုန်အောင်၊ စုတ်ပဲ့  ပြတ်သတ် ကုန်အောင်၊ ပေါက်ပြဲကုန်အောင်၊ ရစရာမရှိအောင်
ဆူးနဲ့ ခြစ်၊ ဓားနဲ့ခြစ်၊ သေနတ်နဲ့ခြစ်ကြတာ။ ဒီအခြစ်မျိုးအခြစ်ခံရတဲ့ လူထုမှာတော့ မသက်သာလှဘူး။
-
 အခုအခါ ကမ္ဘာ့လူထုကြီးတစ်ရပ်လုံးဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ကို အထူးလိုလားနေကြပြီ၊
ငြိမ်းချမ်းရေး တည်မြဲမှုအတွက် စစ်အင် အားအရံ သင့် ထားအပ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။
ဘာကြောင့်လဲဆိုတော့-
-   စော်ကားသူရဲ့  ဓားကို ဓားနဲ့သာလျှင် ကာကွယ်ရတယ်။  
-    ကျည်ဆံကို ကျည်ဆံနဲ့သာလျှင် တုန့်ပြန်ရတယ်။  
-   သောင်းကျန်းသူများရဲ့လက်နက်ကိုလက်နက်နဲ့သာဖြိုခွင်းရတယ်။
“စစ်”နဲ့“ငြိမ်းချမ်းရေး”ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။
 ရှင်းရှင်းပြောရမယ်ဆိုရင်- 
“ကမ္ဘာ့ငြိမ်းချမ်းရေး”အတွက် “ကမ္ဘာ့စစ်အင်အား” အရေးကြီးပါတယ်။
“ဗမာ့ငြိမ်းချမ်းရေး”   အတွက်     “ဗမာ့စစ်အင်အား”  အရေးကြီးပါတယ်။        
ဒါပေမဲ့- “ ငြိမ်းချမ်းရေး”ဟာ“အဓိက”၊  “စစ်”ဟာ“အရံအတား”သာဖြစ်ပါတယ်။
-
ဆာလ်ဂေးဘတ်က ထုတ်ဖော်ပြောပြခဲ့ဖူးတယ်။
“ကျွန်ုပ်သည် ငြိမ်းချမ်းရေး၏လှပသောစကားလုံးကလေးတွေနဲ့ မိမိ စိတ်ကို မဖျော်ဖြေနိုင်ပါ၊၊
ဘာကြောင့်လဲဆိုတော့လက်ရှိအခြေအနေနဲ့အဖြစ်အပျက်တွေက
ကျွန်ုပ်တို့အား ကြောက်မက်ဖွယ်ကောင်းလှသော စစ်ကြီး၏ လှိုင်းဂယက်ကို သတိပေးလျက်ရှိပါတယ်။
ကမ္ဘာကြီးမှာ ရိုင်းပြမှုတွေ၊ ယုတ်မာမှုတွေ၊ ညစ်ပတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ခေတ်စားပြီး
ယဉ်ကျေးမှုများကို ပြည့်ပြည့်စုံစုံမဟုတ်ဘဲ တစ်ပိုင်းတစ်စမျှသာ လက်ခံကြသော လူတန်းစား များရှိနေသမျှ ကာလပတ်လုံး
ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ဘယ်သောအခါမျှ မရနိုင်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့သည်ဘုရားသခင်ကိုအားကိုးပြီး
မိမိတို့၏ ခဲယမ်းမီးကျောက်များကိုအဆင်သင့်ထားရှိကြရမည်”။
-
 ဒါကြောင့် တစ်ဆူတည်း ဖြစ်တော်မူထသော အလ္လာဟ် အရှင် ဘုရားသခင်က
ကုရ်အာန်ကျမ်းမြတ်မှာ ဤသို့မိန့်ကြားထားတော်မူတယ်။
-
အသင်တို့အနက် အယဉ်ကျေးဆုံးသူသည် ငါ့ထံတော်မှာ အကောင်းဆုံး ဖြစ်၏။                                    
                                                                        ကုရ်အာန် (၄၉း၁၃)
-
ငါအရှင့်ကိုယုံကြည်ပြီး ငါအရှင်ပြသထားသည့်ကောင်းမြတ်သော
လမ်းစဉ်များကိုလိုက်နာကျင့်သုံးသူတို့အား
ငါအရှင်သည် ယခင်ကဲ့သို့အာဏာပိုင်များခန့်အပ်တော်မူမည်။
မိမိနှစ်ခြိုက်တော်မူသော ဘာသာ သာသနာကို တည်မြဲ စေတော်မူမည်၊၊
 ကြောက်သွေးကြောက်စိတ်တွေကိုထုတ်ပြီး ရဲသွေး၊ရဲစိတ်၊ရဲသံ၊ရဲမာန်များနဲ့ပြောင်းပေးတော်မူမည်။
 စိုးရိမ်မှုကိုအေးချမ်းသာယာမှုနှင့်ပြောင်းပေးတော်မူမည်။
                                                                                                 ကုရ်အာန် (၂၄း၅၅)
-
တမန်တော်မုဟမ္မဒ်သခင်ကလည်း ...
-
“ကမ္ဘာ့ယဉ်ကျေးမှုများကိုပြည့်စုံသည်ထက်ပြည့်စုံအောင်  ပြုလုပ်ရန် ကျွန်ုပ်ပွင့်ခဲ့သည်”
-
“ငယ်သူကို မသနား၊ ကြီးသူအား မလေးစားသော သူသည် ကျွန်ုပ်၏အသင်းဝင်မဟုတ်”
-
“ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် တစ်ဦးနဲ့တစ်ဦး ညီရင်း အစ်ကိုများဖြစ်ကြသည် ၊
အသင်တို့ တစ်ဦးနဲ့တစ်ဦး မည်သူမျှ မသာကြ၊
အသင်တို့သည် အာဒမ်၏သားသမီးများဖြစ်ကြသည်၊
အာဒမ်ကိုမြေနဲ့ဖန်ဆင်းထားသည်””ဟု မိန့်တော်မူခဲ့တယ်။
-
 ဒီတော့ မေတ္တာ၊ ကရုဏာ၊  မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ် တရားလေးပါးကို လက်ခံလိုက်နာနေကြတဲ့
ကျွန်တော်တို့ ဗမာ လူမျိုးများဟာ အမျိုးဘာသာ သာသနာကို လေးစားဖို့၊လက်တွေ့လိုက်နာကျင့်သုံးဖို့ အချိန်တော်ပြီ၊
စာရိတ္တများကို ပြုပြင်ဖို့ အချိန်တော်ပြီ။ မိမိတို့တာဝန်များကို  သိဖို့ကောင်းပြီ။
တာဝန်ကို မသိတတ်တဲ့ လူမျိုးဟာ ဘယ်တော့မှ အထက်တန်း မရောက်နိုင်ဘူး။
မျက်နှာ ပန်းမလှနိုင်ဘူး။
-
ရှေးဗမာမင်းများလက်ထက်က “ဆုတောင်းပြည့်ဘုရား”ကို သဲတစ်ဆုပ် ရေတစ်မှုတ်နဲ့ တည်ခဲ့တယ်။
ဗျတ္တရဲ့သားများဖြစ်ကြတဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ဟာ တာဝန်ကို မကျေပွန်ခဲ့ကြတဲ့အတွက်
ဝါးရင်းတုတ်ရွာမှာဝါးရင်းတုတ်နဲ့နားရင်းအုပ်ပြီးကွပ်မျက်ခြင်းခံခဲ့ကြရတယ်။
-
ယခုလည်း သတိပေးလိုတာက-    
 “ကြီးသည်ဖြစ်စေ”၊ “ငယ်သည် ဖြစ်စေ”၊   
“တိုင်းရင်းသားဖြစ်စေ“၊  “နိုင်ငံခြားသားဖြစ်စေ”၊  
“တာဝန်ပျက်ကွက်သူ” နဲ့ “စာရိတ္တဖောက်ပြန်သူ”တိုင်းကို   
ငါတို့ ပြည်သူလူထုက လက်ပိုက်ကြည့်နေမယ် မဟုတ်ဘူး။
ဗိုလ်ချုပ်ပြောသလို ရှင်းရှင်းနဲ့ဘွင်းဘွင်းပြောရရင်
ဝါးရင်းတုတ်နဲ့   နားရင်းအုပ်ရမှာဘဲ။
နားရင်းအအုပ်မခံလိုကြရင် -
-
 (၁)   ဥယျာဉ်မှူး ပီသကြပါ။    
-
 (၂)  ကိုယ့်ဥယျာဉ်ကို မဖျက်ဆီးကြပါနဲ့။    
-
  (၃)  တာဝန်ကိုသိကြပါ။ တာဝန်ကျေပွန်ကြပါ။  
-
(၄)    မိမိတို့၏ စာရိတ္တများဖြင့်ကမ္ဘာ့ဇာတ်ခုံအပေါ်မှာမော်နိုင်မောက်နိုင်အောင် ကြိုးစားကြပါ။ 
-
(၅)     မိုးအောက် မြေပြင် ကမ္ဘာ့ ဇာတ်ခုံအပေါ်တွင်    ဗမာ့ဂုဏ်အင်ကို မြှင့်တင်ကြပါ။    
ဒီလိုမဟုတ်ရင် စာအုပ်ကြီးအတိုင်း ၀ါးရင်းတုတ်နဲ့ နားရင်းအုပ်ပြီး နိဂုံးချုပ်ရမှာပဲ။
-
    ( ဃာဇီ  မုဟမ္မဒ်  ဟာရှင်မ် )
                 ဥက္ကဋ္ဌ                                          
 ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်
-                          
၁၉၄၉ခုနှစ် ၊ဇွန်လ၊(၂၃)ရက်

No comments:

Post a Comment