Sunday 20 January 2013

မြတ်တမန်တော်မုဟမ္မတွင် အဘယ်ကြောင့် ဇနီးကြင်ယာတော် (၁၁)ပါးရှိရပါသနည်း။

စမာရ်(ကျောင်းသား) ။    ။ အစ္စလာမ်သာသနာတွင် အရေအတွက်အားဖြင့် ယောက်ျား တစ်ယောက်အတွက် အမျိုးသမီး(၄)ဦးကိုသာ လက်ထပ် ထိမ်းမြားရန် အမြင့်ဆုံး သတ်မှတ်ထားပါသည်။ သို့သော် တမန်တော်မြတ် မုဟမ္မဒ်သခင်တွင် အဘယ်ကြောင့် ကြင်ယာတော် (၁၁)ပါးရှိနေပါ သနည်း။ (အချို့လူ့ဗာလများက)မြတ်တမန်တော်သည် အလွန်တဏှာကြီးသည်ဟု စောင်းမြောင်းပြောဆိုနေကြ ပေသည်။ (နအူဇု ဗိလ္လာဟ် မင်န်ဇာလိက်)
ဒေါက်တာဇာကိရ်နိုက်(ခ်) ။      ။ ညီနောင်မှ မေးသည့် မေးခွန်းမှာ – အစ္စလာမ် သာသနာတွင် ယောက်ျားတစ်ဦးအား အများဆုံးဇနီး(၄)ဦးအထိသာ လက်ထပ် ထိမ်းမြားနိုင်ခွင့် ပေးထားပေသည်။ မည်သည့်အကြောင်းကြောင့် မြတ်တမန်တော် မုဟမ္မဒ်၌ ကြင်ယာတော်(၁၁)ပါး ရှိနေခဲ့ ပါသနည်း။
ကျမ်းမြတ်ကုရ်အာန်၊ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၃)တွင် “သင်သည် ဇနီး(၄)ယောက်အထိ လက်ထပ်နိုင်သည်”ဟုဖော်ပြပါရှိသော ကြောင့် အစ္စလာမ်သာသနာတွင် အမြင့်ဆုံး လက်ထပ်ထိမ်းမြားနိုင်သည့် အမျိုးသမီးအရေအတွက်မှာ(၄)ယောက်သာဖြစ်၍ဖော်ပြပါစကားနှင့် ပတ်သက်၍ အသင်နှင့် ကျွန်ုပ်သဘောချင်း တိုက်ဆိုင်ပါသည်။
သို့သော် ကျမ်းမြတ်ကုရ်အာန် ၊ မဟာမိတ်များကဏ္ဍ၊ ကျမ်းပိုဒ် (၅၂)တွင်“ဤသည့်နောက်တွင် (အထက် ဖော်ပြပါ အင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့ တရားမ၀င်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိ ကြင်ရာများ၏အစား အခြား အမျိုးသမီးများကို ၄င်းတို့၏ လှပမှုသည် အသင့်အား နှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သော ကျွန်မများ ကိုမူကား (ပြောင်းလဲနိုင်ခွင့်၊ ယူပိုင်ခွင့်ရှိ၏)။” (၃၃း၅၂)
အထက်ပါ ကျမ်းမြတ်ကုရ်အာန်၊ မဟာမိတ်များကဏ္ဍ၊ ကျမ်းပိုဒ် (၅၂)အရ ဤအာယသ်တော်ကျရောက်သည့် အချိန်ထိ လက်ထပ်ထိမ်းမြားပြီးခဲ့သော ဇနီး ကြင်ယာတော်များမှ လွဲ၍ အခြားအမျိုးသမီးများကို လက်မထပ်နိုင်ပေ။ သို့သော် တမန်တော်မြတ်သခင် ပိုင်ဆိုင်သော ကျွန်မများကိုမူ ပြောင်းလဲ ယူပိုင်ခွင့်ရှိ၏။ အကယ်၍ မြတ်တမန်တော်မုဟမ္မဒ်အား အဘယ်ကြောင့် အခြားအမျိုးသမီးများနှင့်ထပ်၍ လက်ထပ်ထိမ်းမြားခွင့် မပေးခြင်းအကြောင်းအရင်းကို အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင် မြတ်တမန်တော်အနေနှင့် ယင်းဇနီးကြင်ယာများကို ကွာရှင်းပြတ်စဲခြင်းမပြုနိုင်ကြောင်း တွေ့ရပေမည်။ အကြောင်းမူကား ကျမ်းမြတ် ကုရ်အာန်၌ အာယတ်တော်တစ်ပိုဒ်ထက်ပို၍ ဖော်ပြပါရှိသည်မှာ မြတ်တမန်တော်၏ ဇနီးကြင်ယာများအား ၎င်းတို့သည် ကွာရှင်းပြတ်စဲခြင်း ခံခဲ့ရသည်ဖြစ်စေ၊ မုဆိုးမများ ဖြစ်သွားခဲ့ကြသည်ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်မှ ယင်းတမန်တော်မြတ်၏ ဇနီးကြင်ယာတော်များကို လက်ထပ်ထိမ်းမြားခြင်းမပြုနိုင်ချေ။ အကြောင်းမူကား ယင်းဇနီးကြင်ယာတော်များသည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ မိခင်များပင်ဖြစ်ကြကုန်၏ဟု ဖော်ပြထားပါသည်။
ထို့ကြောင့်မြတ်တမန်တော်၏ ဇနီးကြင်ယာများကို မည်သူမျှထပ်ပြီး ထိမ်းမြားပိုင်ခွင့်မရှိချေ။ သဘာဝတရားအရလည်းမြတ်တမန်တော်သည် ဇနီးကြင်ယာတော်များကို ကွာရှင်းပြတ်စဲနိုင်ခြင်း မရှိခဲ့ချေ။ အကယ်၍ အသင့်အနေနှင့်မြတ်တမန်တော်သည် ဇနီးကြင်ယာတော်တစ်ပါးခြင်းအား လက်ထပ်ထိမ်းမြားခဲ့ရခြင်း၏ အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာ ကြည့်မည်ဆိုလျှင် ထိမ်းမြားလက်ထပ်ခဲ့မှု အားလုံးသည် လူမှုရေးပြုပြင်ပြောင်းလဲမှု(သို့) နိုင်ငံရေး အသွင်သဏ္ဍာန် ပြုပြင် ပြောင်းလဲမှုတည်းဟူသော  အကြောင်းအရင်းများကြောင့် ဖြစ်ကြောင်းကို အသင့်အနေနှင့် လေ့လာ တွေ့ရှိနိုင်ပေသည်။ မြတ်တမန်တော်၏ လိင်စိတ်မပြည့်ဝမှုကြောင့် အလျဉ်း မဟုတ်ပေ။
ပထမဦးဆုံး ဘီဘီခတီဂျာဟ်သခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခဲ့လေသည်။ ထိုအချိန်တွင် သခင်မကြီး၏ သက်တော်မှာ (၄၀)ရှိ၍ ကိုယ်တော်မြတ်၏ သက်တော်မှာကား(၂၅)နှစ်သာ ရှိပေသေးသည်။ ထို့ပြင် သခင်မကြီးသည် နှစ်ကြိမ်တိုင်အောင် မုဆိုးမဖြစ်ခဲ့ပြီးဖြစ်သည်။ စဉ်းစားကြည့်စမ်းပါ။ အကယ်၍ သင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာကြည့်လျှင် မြတ်တမန်တော် မုဟမ္မဒ်သခင်သည် ဘီဘီ ခတီဂျာဟ်သခင်မကြီး အသက်ထင်ရှားရှိနေစဉ် သက်တမ်းတစ်လျှောက်လုံး၌ မည်သည့် အခြားကြင်ယာတော် တစ်ဦးကိုမျှ လက်ထပ်ထိမ်းမြားခဲ့ခြင်းမရှိချေ။ ကိုယ်တော်မြတ်၏ သက်တော် (၅၀) နှစ်ရောက်ရှိသောအခါ ဘီဘီခတီဂျာဟ်သခင်မကြီးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားခဲ့လေသည်။ (အလ္လာဟ်အရှင်မြတ်၏ မဟာကရုဏာတော်သည် သခင်မကြီးနှင့် ကိုယ်တော်မြတ်၏ အဆွေတော်ဆွဟာဗဟ်များအပေါ်ဝယ် ကျရောက်တော်မူပါစေသော်။) ကိုယ်တော်မြတ်၏ သက်တော် (၅၀)ကျော်မှသာလျှင် အခြားကြင်ယာတော်များနှင့် လက်ထပ် ထိမ်းမြားခဲ့ပေသည်။
စာရှုသူ စဉ်းစားကြည့်စမ်းပါ။ အကယ်၍ မြတ်တမန်တော်၌ လိင်စိတ်ပြင်းပြ နေသည်ဆိုလျှင် ကိုယ်တော်သည် နုပျိုသော အသက်အရွယ်အချိန်တွင် လက်ထပ် ထိမ်းမြားခဲ့ပေလိမ့်မည်။ သိပ္ပံပညာမှ ကျွန်ုပ်တို့အားပြောဆိုနေသည်မှာ “လူတစ်ယောက်သည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ၏လိင်စိတ်သည် လျော့နည်းလာသည်။” ယင်းစကားရပ်များသည် မြတ်တမန်တော်အပေါ်၌ (လီဆည် ဖန်တီး၍) စောင်းမြောင်းပြောဆိုခြင်း ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ လက်ထပ်ထိမ်းမြားမှုများအနက် ဘီဘီခတီဂျာဟ်နှင့် ဘီဘီအာအိရှာဟ် သခင်မကြီးတို့ (၂)ဦးနှင့် သာလျှင် သာမန်အခြေအနေအရ လက်ထပ်ထိမ်းမြားခဲ့လေသည်။ အခြားလက်ထပ်ထိမ်းမြားမှုများအားလုံးသည် လူမှုရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု(သို့) နိုင်ငံရေးကောင်းကျိုးအတွက်သာလျှင် အခြေအနေအရ လက်ထပ် ထိမ်းမြားခဲ့ရပေသည်။
အကယ်၍ အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင် ကြင်ယာတော်(၂)ဦးသာလျှင် အသက် (၃၆)နှစ် အောက်ငယ်သည်ကို တွေ့ရပေမည်။ ကျန်ရှိသော ကြင်ယာတော်များအားလုံးသည် အသက် (၃၆)နှစ်မှ (၅၀) အတွင်းရှိ ပေသည်။ ကျွန်ုပ်အနေနှင့် လက်ထပ်ထိမ်းမြားမှုအသီးသီး၌ အကြောင်းရင်းများ ရှိကြောင်း သင့်အား ဥပမာ ပေးနိုင်ပါသည်။
ဥပမာအားဖြင့် ဘီဘီဂျိုဝိုင်ရီယာသခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခြင်း ဖြစ်သည်။ သခင်မကြီးသည် အလွန် အင်အားကြီးမားသော ဗနုမွတ်ဆ်ွတွလစ်က် မျိုးနွယ်မှဖြစ်သည်။ အစ္စလာမ်ပေါ်ထွန်းလာပြီး အချိန်ကာလတစ်ခု ကြာလတ်သော် (ယင်းတို့၏ ဖီဆန်ပုန်ကန် သူပုန်ထကြွမှုကြောင့်) အစ္စလာမ့်တပ်မတော်မှ ၎င်းမျိုးနွယ်များကို တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထို့နောက် မြတ်တမန်တော်သည် (ဘီဘီ ဂျိုဝိုင်ရီယာသခင်မကြီးအား လက်ထပ်  ထိမ်းမြား ခဲ့သည်။ ယင်းသို့ လက်ထပ်ထိမ်းမြားပြီးနောက် ဆွဟာဗာဟ်ကြီးများက “ကျွန်ုပ်တို့သည် မဟာတမန်တော်မြတ်ကြီး၏ ဆွေမျိုးသားချင်းများအားကျွန်များအဖြစ် အဘယ်ကဲ့သို့ ထားရှိရပါမည်နည်း”ဟု ပြောဆိုခဲ့ပြီး ယင်းမျိုးနွယ်ဝင် ပုဂ္ဂိုလ်များအား ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သည်။ ယင်းကဲ့သို့ ကျွန်ဘ၀မှ လွှတ်မြောက်ပြီးသည့်နောက် ၎င်းင်းမျိုးနွယ်ဝင်များသည် မွတ်စ်လင်မ်များနှင့် မိတ်ဆွေရင်းများ ဖြစ်လာခဲ့သည်။
အခြားဥပမာတစ်ခုကား နဂျဒ်မျိုးနွယ် အကြီးအကဲ၏ ဇနီး၏ ညီအစ်မတော်ဖြစ်သူ ဘီဘီမိုင်မွန်နဟ်သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ခြင်းပင်ဖြစ်သည်။ ယင်းနဂျဒ်မျိုးနွယ်သည် အစ္စလာမ့်ကိုယ်စားလှယ်အဖွဲ့ဝင် ပုဂ္ဂိုလ်(၇၀)ကျော်အား သတ်ဖြတ်ခဲ့လေသည်။ မြတ်တမန်တော်မုဟမ္မဒ်မှ သခင်မကြီး (ဘီဘီမိုင်မွန်နဟ်)အား လက်ထပ် ထိမ်းမြားပြီးသောအခါ၌ ယင်းမျိုးနွယ်ဝင်များသည် မဒီနာဟ်မြို့တော်အား သူတို့၏ အမိဋ္ဌာနချုပ်အဖြစ် လက်ခံခဲ့သလို မြတ်တမန်တော်အားလည်း သူတို့၏ ခေါင်းဆောင်အဖြစ် လက်ခံခဲ့ကြပေသည်။
ထို့ကြောင့် ကိုယ်တော်မြတ်၏ ပြုလုပ်ခဲ့သမျှသော   လက်ထပ် ထိမ်းမြားမှုတိုင်းသည် လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ အချို့အကြောင်းရင်း တို့ကြောင့်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ မက္ကာဟ်မြို့တော်၏ အကြီးအကဲ အဗူဆုဖ်ယာန်၏သမီးတော် အွမ္မိဟဗီဗဟ်သခင်မကြီးအား ကိုယ်တော်မြတ်သည် လက်ထပ်ထိမ်းမြားမှုပြုခဲ့သည်။ ယင်းကဲ့သို့ လက်ထပ် ထိမ်းမြားခြင်းသည် မက္ကဟ်မြို့တော်ကို ပြန်လည် အောင်နိုင်ခြင်းအတွက် အလွန် အရေးပါလေသည်။ အခြားဥပမာတစ်ခုမှာကား၊ အင်အား ကြီးမားသော ဂျူးခေါင်းဆောင်၏သမီးဖြစ်သော ဆွဖီယာသခင်မကြီးပင်ဖြစ်သည်။ ကိုယ်တော်မြတ်သည် ဆွဖီယာသခင်မကြီးအား လက်ထပ်ထိမ်းမြားပြီးနောက် ဂျူးများသည်  မွတ်စလင်မ်များနှင့် မိတ်ဆွေရင်းချာများ ဖြစ်လာခဲ့လေသည်။
အကယ်၍အသင်သည် လက်ထပ်ထိမ်းမြားမှုအားလုံးကို ဆန်းစစ်ကြည့်လျှင် အချို့သော လူမှုရေးပြုပြင်မှုများ ရှိပေသည်။ ဆွဟာဗဟ်(တမန်တော်၏ အဆွေတော်) များနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ပွင့်လင်းလာအောင် ဟဇရသ်အုမရ်သခင်၏ သမီးတော် ဟဖ်ဆွာဟ် သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့လေသည်။ လူမှုပြုပြင် ပြောင်းလဲမှုအဖြစ် ကိုယ်တော်မြတ်သည် ၎င်းင်း၏ နှမတစ်ဝမ်းကွဲ၊ သွလားက်ကွာရှင်း ပြတ်စဲခြင်းခံရသော ဇိုင်နာဗ်သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ပေသည်။
လက်ထပ်ထိမ်းမြားမှုအားလုံးသည် နိုင်ငံရေးအကြောင်းရင်း(သို့) လူမှုပြုပြင် ပြောင်းလဲမှုကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် ကိုယ်တော်မြတ်၏ လက်ထပ် ထိမ်းမြားမှုဟူသမျှသည် လူ့ဘောင်၊ လူ့အသိုင်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်ဟူသောအချက်ပေါ်တွင် အခြေခံသည်။ လိင်မှုကိစ္စအတွက် သက်သက်သာလက်ထပ်ထိမ်းမြားခဲ့ခြင်းမဟုတ်ချေ။
ဤနေရာ၌ စာရှုသူများ၏ အကျိုးငှာရည်ရွယ်၍ ကျွန်ုပ်တို့၏ ချစ်လှစွာသော မြတ်တမန်တော် မုဟမ္မဒ်သခင်၏ ဇနီးကြင်ယာတော်(၁၁)ပါး၏ အထ္ထုပ္ပတ္တိအကျဉ်းချုပ်ကို တင်ပြပါအံ့။
၁။    ခတီဂျဟ် ဗင်းန်သေ့ခူဝိုင်လစ်ဒ်
တမန်တော်မြတ်ကြီး(မ) မဒီနာမြို့တော်သို့ ဟစ်ဂျရတ် (ရွှေ့ပြောင်း နေထိုင်မှု)မပြုမီက တမန်တော်မြတ်၏ အိမ်တော်တွင် တမန်တော်မြတ် ကိုယ်တိုင်နှင့် သူ၏ဇနီးခတီဂျဟ် ဗင်းန်သေ့ ခူဝိုင်လစ်ဒ်တို့သာ ပါဝင်ခဲ့ကြသည်။ သူတို့နှစ်ဦးလက်ထပ်စဉ်အခါက တမန်တော်မြတ်မှာ သက်တော် (၂၅)နှစ်၊ ခတီဂျာဟ် သခင်မမှာ သက်တော်နှစ်(၄၀)ရှိခဲ့သည်။ ခတီဂျာဟ် သခင်မကြီးသည် တမန်တော်မြတ်၏ ပထမဦးဆုံး ထိမ်းမြားလက်ထပ်ခဲ့သည့် အမျိုးသမီး ဖြစ်သည်။ သခင်မကြီး ကွယ်လွန် သေဆုံးချိန်အထိ တမန်တော်မြတ်၏ တစ်ဦးတည်းသော ဇနီးကြင်ယာတော်ဖြစ်သည်။
သခင်မကြီးနှင့် သားများနှင့် သမီးများ ထွန်းကားခဲ့သည်။ သားတော်များမှာ ငယ်စဉ်တောင်ကျေးကလေးဘ၀၌ပင် ကွယ်လွန် ခဲ့ကြပေသည်။သမီးတော်များမှာဇိုင်နတ်(ဗ်)၊ ရူကိုင်ယာ၊ အွန်းမေ့ ကုလ်ဆွန်း(မ်)နှင့် ဖာသွေမာဟ် သခင်မတို့ ဖြစ်သည်။
ဇိုင်နတ်ဗ်သခင်မသည် ဟစ်ဂျရတ်မပြုမီ သူမ၏ မိခင်ဘက်မှ တစ်ဝမ်းကွဲအစ်ကိုတော်သူ အဗူ အလ်-အတ်(ဆွ်) ဗင်န်အလ်ရာဘီသခင်နှင့် လက်ထပ်ခဲ့သည်။ ရူကိုင်းယာဟ် သခင်မနှင့် အွန်းမေ့ကုလ်ဆွန်းမ်သခင်မတို့မှာ အုဆ်မန်း(န်)ဗင်န် အဖ္ဖန်း(န်)၏ ဇနီး ကြင်ယာများ ဖြစ်ခဲ့သည်။ (သခင်မှ ညီမတစ်ယောက် ကွယ်လွန်သောအခါ နောက်တစ်ယောက်ကို ဆက်၍ လက်ထပ်ခဲ့သည်။) ဖာသွေမာဟ်သခင်မမှာ အလီဗင်န်အဘီတွလစ်(ဗ်)နှင့်လက်ထပ်ခဲ့သည်။ ဖာသွေမာဟ်သခင်မကြီးနှင့် အလီသခင်တို့ လက်ထပ်ထိမ်းမြား သောကာလမှာ ဗဒရ်စစ်ပွဲနှင့် အုဟုဒ်စစ်ပွဲ၏ ကြားကာလဖြစ်သည်။ ဖာသွေမာဟ် သခင်မကြီးတွင် အီမာန်ဟာစန်နှင့် အီမာန်ဟူစိန်၊ ဇိုင်နဗ်နှင့်  အွိမ္မိကုလ်ဆွန်း(မ်) စသည့် သားသမီးများ ထွန်းကားခဲ့သည်။
၂။    ဆောင်ဒါဟ် ဗင်းန်သေ့ ဇမ်အာဟ်
တမန်တော်မြတ်မှ သခင်မကြီးကို လက်ထပ်ခဲ့သောကာလမှာ နဗီဖြစ်ပြီး သက်တမ်း(၁၀)နှစ် အကြာ၊ ရှောင်ဝလ်လအတွင်း၌ ဖြစ်သည်။ ၎င်းင်းကာလမှ ခတီဂျာဟ် သခင်မကြီး ကွယ်လွန်ပြီး ရက်အနည်းငယ် ကြာသောကာလ ဖြစ်သည်။ တမန်တော်မြတ်နှင့် လက်မဆက်မှီ ဆောင်ဒါဟ်သခင်မကြီးသည်  သခင်မကြီး၏ ဖခင်ဘက်မှ တ၀မ်းကွဲမောင်တော်သူ အစ်စက်ရာန်ဗင်န်အမရ်နှင့် လက်ထပ်ခဲ့ဖူးသည်။
၃။    အာအိရှာဟ်  ဗင်းန်သေ့အဘူဘကရ်
သခင်မကြီးကို လက်ထပ်ခဲ့သော ကာလမှာ နဗီ သက်တမ်း ၏ “၁၁”နှစ်မြောက် ကာလဖြစ်သည်။ ဆောင်ဒါဟ်သခင်မကို လက်ထပ်ပြီး တစ်နှစ်အကြာတွင် ဖြစ်သည်။ ထိုကာလသည် ဟစ်ဂျရတ်မပြုလုပ်မီ (၂)နှစ်နှင့်(၅)လ အလိုကာလ ဖြစ်ခဲ့သည်။ အာအိရှာ(ဟ်)သခင်မသည် တမန်တော်မြတ်နှင့် လက်ထပ်ထိမ်းမြားစဉ် ကာလက (၁၆)နှစ်သမီးသာ ရှိသေးသည်။  (အချို့ ပညာရှင်ကြီးများ၏အဆိုအရ “၁၆“ဖြစ်ပြီး၊ “၆” မဟုတ်ချေ။ အခန်းအပ်သည့်သက်တော်မှာလည်း “၁၉”နှစ်ဖြစ်ပြီး၊ “၉”နှစ်မဟုတ်ဟု အဆိုရှိပေသည်။ အမှန်ကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူ၏။) တမန်တော်မြတ်သည် သခင်မကြီးကို လက်ထပ်သော်ငြားလည်း ဟစ်ဂျရတ်သ်လုပ်ပြီး (၇)လမြောက်ဖြစ်သော ရှောင်ဝလ်လအထိ သခင်မကြီးနှင့် လင်မယားအရာမမြောက်ခဲ့ပေ။တမန်တော်မြတ်၏လက်ထပ်ခဲ့သောဇနီကြင်ယာများအနက် တစ်ဦးတည်းသောအပျိုစင်ဖြစ်ခဲ့သည်။ဖန်ဆင်းခံများထဲ၌တမန်တော်မြတ်၏ အချစ်မြတ်နိုးဆုံးသူတစ်ဦးလည်းဖြစ်သည်။ သခင်မကြီးသည် အမျိုးသမီးများအနက် ပညာအတတ်ဆုံး၊ ဗဟုသုတ အကြွယ်ဝဆုံး ပညာရှင်နှင့် ဥပဒေသိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်သည်။
၎။      ဟဖ်ဆာဟ်ဗင်းန်သေ့ အုမရ်ဗင်န် အလ်ခတ်ွတွာ(ဗ်)
သခင်မကြီး၏ ပထမခင်ပွန်းမှာ ဗဒရ်နှင့် အုဟုဒ်စစ်ပွဲကြားကာလတွင် ကျဆုံးခဲ့သော သာသနာ့အာဇာနည် ခိုနိုင်းစ်ဗင်းန်ဟိုဇိုင်းဖဟ်အစ်စဟ်မီးဖြစ်သည်။ တမန်တော်မြတ်သည် သခင်မကြီးကို ဟစ်ဂျရတ်လုပ်ပြီး (၃)နှစ် အကြာတွင် လက်ထပ်ခဲ့သည်။
၅။    ဇိုင်နတ်(ဗ်) ဗင်းန်သေ့ ခိုဇိုင်းမားဟ်
သခင်မကြီးသည် ဗနီဟိလားလ် ဗင်းန် အမီးရ် ဗင်စွအ်စွအ်ဟ်၏မျိုးနွယ် ဖြစ်ပြီး သခင်မကြီး၏ ကျော်ကြားသောနာမည်မှာ အွမွတ်လ်မဆာကီးန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇိုင်နတ်(ဗ်)သခင်မသည် မရှိဆင်းရဲသားများကို အလွန်သနားကြင်နာ၍ ဂရိုစိုက်သောကြောင့်ဖြစ်သည်။ သခင်မကြီးသည် အူဟုဒ် စစ်ပွဲအတွင်း ကျဆုံးခဲ့သော အဗ္ဗဒုလာဟ်ဗင်းန်ဂျာဟ်(ရှ်)(အ)၏ ဇနီးဖြစ်ခဲ့သည်။ တမန်တော်မှ  သခင်မကြီးအား လက်ထပ်ခဲ့သော အချိန်ကာလမှာ ဟစ်ဂျရီ (၄)နှစ် မြောက်ကာလဖြစ်သည်။ သခင်မကြီးသည် တမန်တော်မြတ် (မ)နှင့် လက်ထပ်ပြီး (၂)လ (သို့) (၃)လ အကြာတွင် ကွယ်လွန် ခဲ့သည်။ အချို့သော စာအုပ် စာတမ်းများတွင် (၈)လအကြာတွင် အလ’ာဟ်အမိန့်ခံယူသည်ဟု ရေးသားထားသည်။
၆။      အွမ်းမေ့ စလ်မာဟ်ဟင်းန်ဒ် ဗင်းန်သေ့အဘီအွမ္မိုင်ယာဟ်
သခင်မကြီးသည် အဘူစလ်မာဟ်၏ ဇနီးဖြစ်ခဲ့၏။ အဘူစလ်မာဟ်သည် ဟစ်ဂျရီ(၄)ခုနှစ်၊ ဂျူမာဒွလ်အခိရ်တွင်  သေဆုံးခဲ့သည်။ မြတ်တမန်တော်မှ  ဟစ်ဂျရီ (၄)ခုနှစ်၊ရှောင်ဝလ်လတွင် သခင်မကြီးအား လက်ထပ် ထိမ်းမြားခဲ့သည်။
၇။    ဇိုင်နတ်(ဗ်) ဗင်းန်သေ့ ဂျာဟ်(ရှ်)ဗင်းန်သေ့ ရိယတ်(ဘ်)
သခင်မကြီးသည် ဗနီအစတ်(ဒ်)ဘင်းန် ခိုဇိုင်မာဟ်မျိုးနွယ်မှဖြစ်ပြီး တမန်တော် မြတ်(မ)၏ ဖခင်ဘက်မှ နှမ၀မ်းကွဲတော်၏။ သခင်မကြီးသည် ဇိုက်ဒ်ဗင်န် ဟာရီဆဟ်၏ ဇနီးဖြစ်ခဲ့ပြီး ဇိုက်(ဒ်)သခင်မှာ တမန်တော်၏ မွေးစားသားသဖွယ်ဖြစ်သည်။ ဇိုက်ဒ်နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မှ အာယသ်တော်တစ်ခု ချပေးခဲ့၏။
“တစ်စုံတရာ ကျပ်တည်းမှုမရှိရန် “ဇိုက်ဒ်”သည် ထိုမိန်းမအား အလိုမရှိတော့သည့် အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ ပေးတော်မူလိုက်၏။” (၃၃း၃၇)
သူမနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မှ မဟာမိတ်များကဏ္ဍ၏ ကျမ်းပိုဒ် အချို့ကို ချပေးတော်မူခဲ့သည်။ ယင်းအာယသ်တော်များမှာ သားသမီးမွေးစားခြင်း နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားထားသည့် ကျမ်းပိုဒ်များဖြစ်၏။ တမန် တော်မြတ်(မ)မှ  သခင်မကြီးအား ဟစ်ဂျရီ (၅)ခုနှစ်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။
၈။    ဂျိုဝိုင်ရီယာဟ် ဗင်းန်သေ့အလ် ဟာရီသ်
ဂျိုဝိုင်ရီယာ ဗင်းန်သေ့အလ်ဟာရီသ်သည် ခူဇာအဟ်မှ ဗနီမွတ်ဆ်ွတွလစ်က် မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ ဂျူဝိုင်ရီယာဟ်သခင်မသည် စစ်အတွင်း ဗနီမွတ်ဆွ် တွလစ်က်မျိုးနွယ်မှ မွတ်စလင်မ်တို့ထံ ရောက်ရှိလာသော “ဓါးစာခံ သုံ့ပန်း” ဖြစ်သည်။  သခင်မကြီးသည် ဆာဗစ်(သ်) ဗင်းန်ကိုင်းယစ်(စ်)ဗင်းန် ရှာမား(စ်)၏ လက်ဝယ် ရောက်ရှိလာခဲ့၏။ ထိုပုဂ္ဂိုလ်မှ  သခင်မကြီးအတွက် လွတ်မြောက်ခြင်းဆိုင်ရာ သဘော တူညီချက်ကို ရေးသားစီစဉ်ပေးခဲ့သည်။ တမန်တော်မြတ်မုဟမ္မဒ်မှ သခင်မကြီးအတွက် ထိုသဘောတူညီချက်ကို လိုက်လျောခဲ့ပြီး  သခင်မကြီးကို ဟစ်ဂျရီ (၆)ခုနှစ် ရှာအ်ဗန်လတွင် လက်ထပ် ထိမ်းမြားခဲ့သည်။
၉။    အွမ်းမေ့ဟဘီဘာဟ် ရမ်လာဟ် ဗင်းန်သေ့ အဘူစုဖ်ယန်း
သခင်မကြီးသည် အူဗိုင်ဒုလ္လာဟ်ဗင်းန်ဂျားဟ်ရှ်နှင့် လက်ထပ်ယူခဲ့သူတစ်ဦး ဖြစ်သည်။ သခင်မကြီးသည် ခင်ပွန်းသည်နှင့်အတူ အဗီစီးနီးယား (ယခု အီသီယိုပီယား)သို့ ပြောင်းရွှေ့သွားခဲ့၏။ အူဗိုင်ဒုလ္လာဟ်မှ အစ္စလာမ်ဘာသာကို စွန့်ပယ်ပြီး ခရစ်ယာန်ဘာသာအဖြစ် ခံယူသောအခါ သခင်မကြီးသည် ခရစ်ယာန်ဘာသာသို့ပြောင်းရန် ငြင်းဆန်ခဲ့ပြီး အစ္စလာမ်ပေါ်တွင် ခိုင်မြဲစွာရပ်တည် ခဲ့သည်။ အူဗိုင်ဒုလ္လာဟ်သည် အဘီစီးနီးယား (ယခုအီသီယိုးပီးယား) နိုင်ငံတွင် ကွယ်လွန်သေဆုံးခဲ့သည်။တမန်တော်မြတ်မှ အမရ် ဘင်န်အုမိုင်ယာဟ် အလ်သွာမ်ရီသခင်အား သ၀ဏ်လွှာနှင့်အတူ ဘုရင်နဂျာရှီ ဘုရင်မင်းမြတ်ထံသို့ စေလွှတ်ခဲ့၏။  ထိုစာလွှာတွင် အွမ်းမေ့ဟဘီဘာဟ်ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ အချိန်ကာလမှာ မုဟရ်ရမ်လ ဖြစ်ပြီး ဟစ်ဂျရီ (၇)ခုနှစ်တွင် ဖြစ်သည်။ နဂျာရှီ ဘုရင်မင်းမြတ်မှ တမန်တော်မြတ်၏ တောင်းဆိုမှုကို လက်ခံ သဘောတူ ခဲ့ပြီး ရှုရာဟ်ဘီလ်ဘင်န် ဟာစနာဟ်သခင်နှင့်တကွ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
၁၀။    ဆွဖီယာဟ် ဗင်းန်သေ့ ဟိုင်ယု ဗင်းန် အခ်တွတ်ဗ်
သခင်မကြီးသည် အစ္စရာအီလ်(ဂျူး)မျိုးနွယ်မှဖြစ်သည်။ ခိုင်ဘာစစ်ပွဲတွင် ရရှိလာသော “ဓားစာခံ သုံ့ပန်း” တစ်ဦးလည်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန် တော်မြတ်(မ)သည် သူမကို ရွေးချယ်ခဲ့သည်။ သခင်မကြီးအား ဓားစာခံသုံ့ပန်းဘ၀မှ လွတ်မြောက်စေပြီး ခိုင်ဘရ်စစ်ပွဲအပြီးတွင်  သခင်မကြီးကို ဟစ်ဂျရီ (၇)ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည်။
၁၁။    မိုင်မွန်နာဟ် ဗင်းန်သေ့ အလ် ဟာရီသ်
သခင်မကြီးသည် အွမွတ်လ် ဖဒလ်လုဘာဘာဟ် ဗင်းန်သေ့ အလ်ဟာရီသ်၏ ညီမတော်ဖြစ်သည်။တမန်တော်မြတ်မှ သခင်မကြီးအား ဟစ်ဂျရီ (၇)ခုနှစ်၊ ဇိလ်ကအ်ဒါဟ်လတွင် လက်ထပ်ထိမ်းမြားခဲ့သည်။ အွမ္မရာဟ် ကဒွါဟ် (အစားပြန်လည် ဖြည့်ဆည်းရသောအွမ္မရာဟ်)ကို ပြုလုပ်ပြီးသည့်နောက် လက်ထပ်ထိမ်းမြားခဲ့ကြောင်း မှန်ကန်သည့် ဆင့်ပြန်ချက်အရ သိရှိရသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်
မြန်မာအစ္စလာမ်ဘလော့မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment