Sunday 20 January 2013

မုတ်သုန်လေက ဆင်းသက်လာကြောင်း

အပိုင်း (၁) ပြသနာတွေကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါ ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေတင်သာမက ဘယ်ကစခဲ့သလဲ၊ ပြသနာရဲ့ အရင်းအမြစ်နှင့် အချိန်နှင့်အမျှ အဓိပ္ပါယ် ဖွင့်ဆိုပုံ၊ ခံစား တုန့်ပြန်ပုံ ပြောင်းလဲလာမှု၊ ဘာကြောင့် ဆက်လက် ဖြစ်နေရသလဲစတဲ့ အချက်အလက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထဲ့သွင်းစဉ်းစားနိုင်လေ ပိုကောင်းလေ ဖြစ်ပါတယ်။ အချက်အလက် (Facts)တွေ အကြောင်း အရင်ပြောကြည့်ချင်ပါတယ်။ ၁။ကုလားဆိုတာ သမိုင်းဝင် ဝေါဟာရ၊ သမိုင်းအစဉ်အလာအရ သုံးနှုံးခဲ့တဲ့ အသုံးအနှုံးဖြစ်တယ်ဆိုတာကို လက်ခံပေးရပါမယ်။ လူကို ခေါ်ရုံတင်မက နေ့စဉ် အသုံးအနှုံးတွေမှာလည်း ထဲထဲဝင်ဝင် ရှိနေပြီး ဖြစ်တယ်။ ဥပမာ ကုလားထိုင်၊ ကုလားအုတ်၊ ကုလားတက်၊ ပဲကုလားဟင်း၊ ကုလားအော် ငရုပ်သီး၊ ကုလားဖန်ထိုး၊ သရက်သီး ကုလားတည် စသဖြင့် ဖြစ်ပါတယ်။ ၂။ မူလက ခွဲခြားနှိမ့်ချခြင်း သဘောနှင့် သုံးစွဲခဲ့ခြင်း မဟုတ်ရုံသာမက အထင်ကြီး လေးစားခြင်း သဘောပင် ရှိနေခဲ့တယ်။ (ဘာသာ၊ စကား၊ ဓလေ့မတူတဲ့ တစိမ်းတရံစာတွေကို ချက်ချင်းဘဲ ဆွေမျိုးရင်းချာလို သဘောထားတဲ့အတွက် ကုလလို့ ခေါ်ရာက ကုလားဖြစ်လာတယ် ဆိုတာကတော့ သိပ်သဘာဝကျမယ် မထင်ပါဘူး။ လှေ၊ သင်္ဘောကြီးတွေနှင့် ကူးလာတာမို့ ကူးလာက ကုလားဖြစ်လာတယ်ဆိုတာ ပိုယုတ္တိကျပါလိမ့်မယ်။ ရှေးကာလက ကမ်းမမြင် လမ်းမမြင် လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား ကုန်က္နူးသူများသည် အားအင် ချိနဲ့သူ၊ သူရဲဘောကြောင်သူ၊ အသိပညာ၊ အတတ်ပညာ မဲ့သူများဖြစ်မလား။ ရဲရင့်သူ၊ ကျန်းမာသန်စွမ်းသူ၊ ခက်ခဲကြမ်းတမ်းသော ခရီးအတွက် ဇွဲသတ္တိရှိသူ၊ တတ်သိ ကျွမ်းကြင်သူများဖြစ်မလားဆိုတာ ဆင်ခြင်နိုင်ကြပါတယ်။ ကြမ်းပြင်မှာ မထိုင်၊ ခုန်နဲ့ ထိုင်တတ်တဲ့အတွက် ကုလားထိုင်၊ နေနာရီ၊ ရေနာရီ၊ သဲနာရီတို့ထက် ပိုမိုတိကျတဲ့ စက်နာရီကို ကုလားနာရီလို့ ခေါ်ခြင်းများမှာလည်း နှိမ့်ချသော သဘော၊ အဓိပ္ပါယ် မတွေ့ရပါ။) ၃။ ယခုအခါမှာတော့ ခွဲခြားနှိမ့်ချခြင်းသဘောဖြင့် အထင်အရှား သုံးစွဲနေပြီ ဖြစ်တယ်။ လူလူချင်း၊ ကိုယ့်နိုင်ငံသား အချင်းချင်း၊ ခွဲခြားနှိမ့်ချကာ ဟဲ့ကုလားလောက်တင် မက၊ ခွေးကုလားလို့ပင် ခေါ်တတ်သူများ ရှိနေပါပြီ။ ၄။ ထို့ကြောင့် ကုလားဟု အမည်တပ် ခေါ်ဝေါ်သုံးစွဲခြင်းကို ကျနော်တို့ လုံးဝ လက်မခံနိုင်ပါ။ ဘယ်လို ခေါ်စေချင်သလဲ။ ကျနော်တို့ မခေါ်စေချင်တာကို မခေါ်ကြရအောင်၊ ခေါ်စေချင်သလို အများက ခေါ်လာအောင် ကြိုးစားတဲ့အခါ နည်းမှန် လမ်းမှန် လုပ်ဆောင်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ သို့သော် ကုလားထိုင်ကို လူထိုင်၊ ကုလားအုတ်ကို သဲကန္တာရ သင်္ဘော၊ ပဲကုလားဟင်းကို ပဲပသီဟင်း၊ ကုလားတက်ကို မြန်မာမွတ်စလင်တက် စသဖြင့် ကုလားပါတဲ့ ဝေါဟာရတိုင်းကို အတင်းပြောင်းခိုင်းတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဟိန္ဒူတွေ၊ အနောက်တိုင်းသားတွေ၊ အသားမဲသူတိုင်း၊ မွတ်စလင်တိုင်းတွေကိုလည်း ကုလားခေါ်တတ်တာကိုလည်း သတိမူဖို့ လိုပါတယ်။ အခေါ်ခံရသူတွေ တစ်ဦးနှင့် တစ်ဦး မတူသော်လည်း ယခုအခါ အားလုံးကို ခွဲခြားနှိမ့်ချခြင်းသဘောနှင့် တပြေးညီ သုံးစွဲနေမှုကတော့ တူနေပါတယ်။ ထိုင်းတက္ကသိုလ်တစ်ခုမှာ စာသင်နေတဲ့ဆရာ လူဖြူဥရောပသားတစ်ယောက် ဗလီတက်တာ ရုတ်တရက် တွေ့လိုက်တော့ “ဟ ဒီဆရာက ကုလားဘဲ”လို့ ချက်ချင်း ကင်ပွန်းတပ်လိုက်တာမျိုးလည်း ကြားဖူးပါတယ်။ မိမိလေးစားတဲ့ တက္ကသိုလ် ကျောင်းဆရာ လူဖြူကို မွတ်စလင်ဖြစ်တယ်ဆိုတာ သိလိုက်တာနှင့် တပြိုင်နက် လေးစားခဲ့မိတာ မှားလေခြင်းဆိုတဲ့ သဘောမျိုးဖြင့် ချက်ချင်း အမြင်ပြောင်း အထင်သေးသွားသော လူလူချင်း ခွဲခြားတတ်တဲ့စိတ်(Racism)ကို အထင်အရှား သိမြင်နိုင်ပါတယ်။ ယခင်က ပြည်မအရပ်မှာ ထောင်ကဲဆိုတာ တရုပ်တွေကို ပျက်ရယ် နှိမ်ချ ခေါ်ဝေါ်တာဖြစ်ပေမဲ့ ထိုင်းနယ်စပ်မှာ သြဇာကြီးတဲ့ သူဌေးကို လေးစားအထင်ကြီးမှုနှင့် ခေါ်ကြောင်း သိရတော့ အံ့သြမိခဲ့ဘူးပါတယ်။ ငါဗမာကွလို့ မြန်မာပြည်မှာ ဂုဏ်ယူတတ်ကြပေမဲ့ ထိုင်းနိုင်ငံမှာ ဗမာ(ဖမား)လို့ လူသိ သိပ်မခံချင်ကြပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ မတိုင်မီက ကမ္ဘာမှာ မိမိကိုယ်ကို ဂျူးပါဟု ဂုဏ်ယူပြောရဲသူ အင်မတန် ရှားပါလိမ့်မယ်။ ယနေ့ ကမ္ဘာ့နေရာ အတော်များများမှာ ဂျူးတွေ အင်မတန် မျက်နှာပန်း လှနေပါပြီ။ ထောင်ကဲချင်းအတူတူ ဒေသကွဲတာနှင့် အမြင်ကွဲတာ၊ ဂျူးချင်းအတူတူ ခေတ်ခြားတာနှင့် အမြင်ခြားတာ၊ လူချင်းအတူတူ ဘာသာမတူတာနှင့် အဆင့်တူ မထားတာတွေ ဘာကြောင့် ဖြစ်နေရပါသလဲ။ တစ်ကယ်တော့ ဒီဝေါဟာရ အသုံးအနှုံးတွေကို လူ့အဖွဲ့အစည်းတစ်ခုက ဘယ်လိုနားလည်ခံစားသလဲ၊ လက်ခံသုံးစွဲသလဲ ဆိုတာက အင်မတန် အဓိကကျပါတယ်။ ဒီအမြင်မျိုး(Stereotype)တွေကို ဥပဒေနှင့် တားမြစ်တိုင်းလည်း အလုပ်မဖြစ်တတ်တာကို ကမ္ဘာအနှံ့မှာ တွေ့မြင်နိုင်ပါတယ်။ အမေရိကန်မှာ နစ်ဂါ(Nigger)ဆိုတဲ့ အသုံးအနှုံးကို ဘယ်သူမှ တရားဝင် ခေါ်ဝေါ် မသုံးစွဲရဲကြပေမဲ့ အရပ်ထဲမှာ စိတ်အခန့် မသင့်ရင်၊ ဒေါသထွက်ရင် သုံးတတ်ကြဆဲပါ။ အကောင်းဆုံးနည်းက စည်းရုံးရှင်းပြခြင်းနှင့် တပြိုင်တည်းမှာဘဲ မိမိသည် အများနှင့် မကင်းကွာဘဲ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းတွင်းက လူတစ်ဦးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုနေသူဖြစ်ကြောင်းဖြင့် မိမိကိုယ်ကို တည်ဆောက် မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ သင်ကြားချက်တွေနှင့်လည်း ကိုက်ညီပါတယ်။ ပသီလား။ ဇေတဘာဒီလား။ မြန်မာမွတ်စလင်လား။ ယနေ့မြန်မာပြည်က မွတ်စလင်တွေကို ပသီလူမျိုး၊ မြန်မာမွတ်စလင်လူမျိုး၊ ဇေဒဘာဒီလူမျိုးရယ်လို့ အင်္ဂလိပ်ခေတ်က သန်းကောင်စာရင်းဝင် တရားဝင် သတ်မှတ် ခေါ်ဝေါ်ထားတဲ့ အထောက်အထားတွေ အခိုင်အမာ ရှိနေပါတယ်။ ဒီအထောက်အထားတွေကို ဗိုလ်နေဝင်းနှင့် မဆလက စနစ်တကျ ဖျက်ဆီးနေခဲ့ပေမဲ့ သမိုင်းဆိုတာ ဖျောက်လို့ မရကောင်းပါဘူး။ ပသီဆိုတဲ့ ဝေါဟာရသည် ဖါရစီက ဆင်းသက်သည်ဟု ဆိုသလို၊ ပန်းသေးက ဆင်းသက်သည်ဟု ဆိုသူများလည်း ရှိပါတယ်။ မြန်မာမင်းများလက်ထက်ကတည်းက အခြေစိုက်နေထိုင်လာခဲ့သော မင်းမှုထမ်းများ၊ ကုန်သည်များမှ ဆင်းသက်လာသူများသည် မူလပထမ ပသီလူမျိုး ဖြစ်မည်ဟု ယူဆပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်က မွတ်စလင်တွေ အားလုံးကို ပသီလို့ ခြုံပြီး ခေါ်ဖို့က လက်တွေ့မှာ အခက်အခဲရှိနိုင်ပါတယ်။ ကမန်၊ ပန်းသေး၊ ပသျှူး၊ ရိုဟင်ဂျာ စသူတွေက သူတို့ကို ပသီလို့ သတ်မှတ်တာကို လက်ခံနိုင်မယ် မထင်သလို မိမိကိုယ်ကို ပသီအစစ်ဖြစ်တယ်လို့ ခံယူထားသူတွေကလည်း အခြားသူတွေ ပသီအမည်ခံလာတာကို ကြိုက်နှစ်သက်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဇေတဘာဒီကို အကြမ်းအားဖြင့် ကပြားလို့ ယူကြပေမဲ့ ဖါရစီစကားဖြစ်တဲ့ ရွှေနိုင်ငံသား သို့မဟုတ် (အောက်လေ)မုတ်သုန်လေက ဆင်းသက်လာကြောင်း ဆရာဦးမောင်ကို ဂဖာရီက ရှင်းပြပါတယ်။ (ဆက်ရန်) အပိုင်း (၂) ဆက်လက်ဖတ်ရှုရန် -

No comments:

Post a Comment