Thursday 10 January 2013

မွတ်ဆလင်တွေက ဘာလုပ်နေလို့လဲ

                                                             
မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။
ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့ တယ်။ ဟိန္ဒူဘာသာဟာ မြန်မာလူမျိုးတွေကို စာပေအမွေပေးခဲ့တယ်။ (မြန်မာစာပေဟာ တရုတ်စာပေက ဆင့် ပွား ဖြစ်တည်လာခဲ့တာ မဟုတ်ပါ။- ဟိန္ဒူ ဗြဟ္မီစာပေက ဆင့်ပွား ဖြစ်တည်လာခဲ့ခြင်း ဖြစ်တယ်။) ချက်ပြုတ်စား သောက်ခြင်းဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ ယဉ်ကျေးမှု ဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ တိုင်းပြည်တစ်ခု အဖြစ် ထူထောင်အုပ်ချုပ်နည်းပညာရပ်များကို ပေးခဲ့တယ်။
ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနောက်မှာ ရောက်လာခဲ့တယ်။ မြန်မာအင်ပါယာကို ထူထောင်တဲ့ မြန်မာဘုရင် ကိုယ်တိုင်က ဗုဒ္ဓဘာသာကို အားပေးကူညီခဲ့လို့ သူ့ရှေ့က ဟိန္ဒူဘာသာဟာ တိမ်ကောပျောက်ကွယ် သွားခဲ့ တယ်။ တနည်းအာဖြင့် နဂိုရှိရင်းစွဲ ဟိန္ဒူဘာသာဝင် လူသားများက ဗုဒ္ဓဘာသာ အဖြစ် ဘာသာပြောင်းလဲ သွား ခဲ့တယ်။ ဗုဒ္ဓဘာသာဟာလည်း မြန်မာလူမျိုးများအတွက် ယဉ်ကျေးမှုကို သွန်သင်ပေးနိုင်ခဲ့တယ်။
မြန်မာအင်ပါယာရဲ့ ပထမဆုံး ပုဂံခေတ်ကတည်းက အစ္စလာမ် ဘာသာဟာ ဗုဒ္ဓဘာသာနဲ့ ခေတ်ပြိုင် မြန်မာပြည် ကို ရောက်လာခဲ့တယ်။ ဘုရင်ကိုယ်တိုင်က အစ္စလာမ် သာသနာကို အားမပေးခဲ့လို့ အစ္စလာမ် သာသနာဟာ မြန်မာနိုင်ငံမှာ မကျယ်ပြန့်ခဲ့ပေမယ့်။ အစ္စလာမ် သာသနာဝင် မွတ်ဆလင်များဟာ ဘုရင်များနဲ့ လူထု ကိုယ် တိုင်က အားကိုးအားထား ပြုခဲ့ရသူများ ဖြစ်ခဲ့တယ်။ ဥပမာ ရွှေဖျင်းညီနောင်ကို ကြည့်ပါ။ မြန်မာပြည်သူများ ကိုယ်တိုင် ဒီနေ့အထိ အားထားကိုးကွယ်နေရတဲ့ မင်းနှစ်ပါး ဖြစ်နေခဲ့တယ်။
ဒီနောက်ပိုင်း ခေတ်မှာ ဘိုဘိုရှား ဆိုတဲ့ မွတ်ဆလင်ကြီးဟာလည်း မြန်မာလူမျိုးများ ကိုယ်တိုင် အားကိုးအား ထားပြုနေရတဲ့ ဘိုးဘိုးအောင် အဖြစ် အခုခေတ်ထိ မြန်မာတွေရဲ့ နှလုံးသားမှာ စွဲမြဲနေပါတယ်။ တစ်ကယ်လို့ မွတ်ဆလင်တို့သာ မြန်မာလူမျိုးများ အပေါ်မှာ ဗိုလ်ကျစိုးမိုးခဲ့မယ်၊ အတင်းအဓမ္မသာသနာပြုခဲ့မယ်၊ အယုတ် တမာတွေ လုပ်ခဲ့မယ် ဆိုရင် မြန်မာလူမျိုးတွေကိုယ်တိုင်က အဲ့လို ကိုးကွယ်ဆည်းကပ်မယ့် နေရာမှာ ထားပါ့ မလား။
မွတ်ဆလင်တွေဟာ ပုဂံခေတ်က စပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေမှာ ထမ်းဆောင်ခဲ့တယ်။ မင်းမှု ထမ်းတွေ၊ စစ်သားတွေ၊ စစ်သူကြီးတွေ၊ ဗိုလ်မှုးတွေ၊ ဗိုလ်ချုပ်တွေ အဖြစ် ထမ်းဆောင်ခဲ့တယ်။- အမြောက်တပ်၊ စက်သေနတ်တပ်၊ မြင်းတပ်၊ ကြည်းတပ်များကို ဦးစီးရတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်မှုးကြီးတွေ အဖြစ် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့ပေမယ့်- တိုင်းပြည်ကို တော်လှန်ပုန်ကန်ခြင်း၊ အာဏာလုခြင်း၊ ပြည်သူများအပေါ် မတော်မတရား ဗိုလ်ကျခြင်းများ သမိုင်းမှာ ရှိခဲ့ပါသလား။
ကုန်းဘောင်ခတ်မှာ ဘုရင်တွေကိုယ်တိုင်က ချီးမြှောက်အားထား ရာထူးတွေ တစ်သီတစ်တန်းကြီး ပေးထား တယ်၊ မန္တလေးမြို့တော်က စေတီပုတိုး ဘုရားရုပ်ပွားတိုင်း အနီးမှာ မွတ်ဆလင်တွေကို ရပ်ကွက်တည်- ဘုရား စောင့်အဖြစ် ခန့်အပ်ထားခဲ့တယ်။ ထင်ရှားတဲ့ စေတီပုတိုးနဲ့ ဘုရားဆင်းတု အနီးတိုင်းမှာ ဘုရားစောင့် မွတ်ဆ လင်တွေ ဘုရားဝတ်ပြုဘို့ ၀တ်ပြုဆောင် (ဗလီ)များ ဆောက်လုပ်ပေးထားတဲ့- ဒီနေ့ထိ သမိုင်းက ဖျောက်လို့ မပျက်နိုင်သေးဘူး။ မွတ်ဆလင်တွေဟာ သူတစ်ပါး ဘုရားကို မစော်ကား၊ ဌာပနာများကို ဖေါက်ထွင်းခိုးယူခြင်း မရှိ- သစ္စာရှိရှိ စောင့်ရှောက်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကို ရိုးသားတဲ့ သမိုင်းပညာရှင်တိုင်း သိတယ်။ ရှေ့မှီနောက် မှီ ပညာရှိ သက်ကြီးရွယ်အို ဘုန်းကြီးတိုင်း သိတယ်။-
အင်္ဂလိပ် အုပ်ချုပ်စဉ်မှာလည်း လူမျိုးတစ်ရာ့တစ်ပါး မြန်မာနိုင်ငံထဲကို ၀င်လာခဲ့တယ်။- အဲ့ဒီ အထဲမှာ မွတ် ဆလင်တွေလည်း ပါဝင်ခဲ့တယ်။ မြန်မာပြည်ကို ၀င်လာခဲ့တဲ့ မွတ်ဆလင်တို့ရဲ့ သမိုင်းနောက်ခံကို ရိုးသားစွာ ပြန်ကြည့်ပါ။ မော်လမြိုင်ဈေးကြီးကို ဆောက်ပေးခဲ့တယ်။ သိမ်ကြီးဈေးကြီးကို ဆောက်ပေးခဲ့တယ်။ မြန်မာနိုင်ငံ ကို ဈေးကွက်စီးပွားထွန်းကားအောင် ဆောင်ရွက်ပေးခဲ့တယ်။ လက်လုပ်လက်စား မွတ်ဆလင်များကလည်း ထီးချုပ်တယ်၊ ကွမ်းယာရောင်းတယ်၊ အထည်ရောင်းတယ်၊ လယ်ယာကိုင်းကျွန်း လုပ်စားတယ်၊ ဒီထက် ပိုပြီး ဆင်းရဲရင် ဖိနပ်ချုပ်တယ်၊ ဆံပင်ညှပ်တယ်၊ နောက်ဆုံး မစင်ကျုံးတဲ့ အလုပ်ကို လုပ်ခဲ့တယ်။- နိမ့်ကျတယ်လို့ ထင်မှတ်ဘွယ် ရှိပေမယ့်- မရှိဆင်းရဲလို့ ရိုး ရိုးသားသား လုပ်စားတာပဲ ရှိတယ်။ မြန်မာလူမျိုးများ စာရိတ္တပျက် စေအောင်- အရက်ဆိုင် ဖွင့်ခဲ့တာ ဘိန်းဆိုင် ဖွင့်ခဲ့တာ မရှိ။ အမျိုးသားကောင်း သမီးပျိုများ တန်ဘိုးမဲ့သွား အောင် အပျော်ရုံ ထောင်ခဲ့တာမရှိ။ မြန်မာလူမျိုးများဆီက ခေါင်းပုံဖြတ်စားဘို့ အပေါင်ဆိုင်ဖွင့်ခဲ့တာ မရှိ။-
မွတ်ဆလင်တွေဟာ သမိုင်းနဲ့ ချီပြီး မြန်မာပြည်အပေါ် သစ္စာရှိခဲ့တယ်။ မြန်မာလူမျိုးအပေါ် ကောင်းကျိုးပြုခဲ့တာ ပဲ ရှိတယ်။ ယိုးဒယား သွားတိုက်တော့လည်း မြန်မာမွတ်ဆလပ် စစ်သည်တွေက အယုဒ္ဓမြို့ရိုးကို အသေခံကျော် ဖြတ် မိုးထဲလေထဲ၊ ရွံထဲ ဗွက်ထဲမှာ နိုင်အောင်တိုက် ယိုးဒယားစစ်တပ်ကို ယိုးဒယား ဘုရင်ဆီက ဆင်ဖြူကို သိမ်း မိမိရဲ့ သခင် မြန်မာဘုရင်ကို ဆင်ဖြူရှင် အဖြစ် အသက်နဲ့လဲပြီး သိဒ္ဓိတင်ပေးခဲ့တယ်။
အင်္ဂလိပ်က မြန်မာကို နောက်ဆုံး သိမ်းတော့- မြန်မာအမတ်ကြီး ကင်းဝန်မင်းက အင်္ဂလိပ်ပေးတဲ့ ရာထူးကို လက်ခံယူပြီး မိမိအတွက် ရာထူးကို မက်ခဲ့ပေမယ့်-၊ မြန်မာမွတ်ဆလင် စစ်ဗိုလ်ချုပ်ကြီး ၀လီခန်ကတော့ “ငါ့ သခင် (သီပေါမင်း) ကျွေးတဲ့ ထမင်း၊ ငါ့လည်ပင်းကို မကျော်သေးဘူး၊- ငါ့မှာ သခင်ဆိုတာ တစ်ပါးပဲ ရှိစေရမယ်၊ မင်းတို့ပေးတဲ့ ရာထူး (စစ်ဗိုလ်ချုပ်ကြီး အဖြစ် ပြန်လည် ခန့်အပ်ခြင်း) ကို ငါမမက်ဘူး၊” ဆိုပြီး- တိုင်းပြည်နဲ့ လူမျိုး အပေါ် ထားတဲ့ သစ္စာနဲ့ အင်္ဂလိပ်ပေးတဲ့ ရာထူးကို ဗြောင် ပါယ်ချခဲ့တယ် ဆိုတာလည်း သမိုင်းမှာ ငြင်းမရ နိုင်ဘူး။
သမိုင်း အဆက်ဆက် မွတ်ဆလင်တွေဟာ တိုင်းပြည် အပေါ်သစ္စာ ရှိခဲ့တယ်။ ခွဲထွက်ဘို့ အာဏာလုဘို့ သောင်းကျန်းခဲ့တာ မရှိဘူး၊ ဘယ်ဘာသာကိုမှလည်း မစော်ကားခဲ့ဘူး၊ ဘယ်ဘုန်းကြီးကျောင်းကိုမှလည်း မဖျက်ဆီးခဲ့ဘူး၊ ဘုရားဆင်းတုတွေကိုလည်း သစ္စာရှိရှို စောင့်ပေးခဲ့တယ်။
အခုခေတ်မှာလည်း ခွဲထွက်ရေးကို မတောင်းဆိုဘူး၊ ပါလီမန်မှာ လွှတ်တော်မှာလည်း သူများထက် ထူးပြီး ဘာညာ မတောင်းဆိုဘူး၊ ပြည်ထောင်စု ခိုင်မာစေဘို့၊ လွတ်လပ်သန့်ရှင်းတဲ့ ပြည်ထောင်စုကြီးပေါ်လာစေဘို့ပဲ ဦးတည်ခဲ့တယ်။--
မြန်မာမွတ်ဆလင်ဟာ မြန်မာပြည်ထဲမှာ ပြည်နယ်တိုင်းမှာ ရှိတယ်။ ပြည်နယ်တိုင်းမှာ ဒုတိယ လူဦးရေ အများ ဆုံး၊ တတိယ လူဦးရေ အများဆုံး အဖြစ် တည်ရှိနေတယ်။ သန်းခေါင်စာရင်းကို မလိမ်ကြစတမ်း ဆိုရင် မြန်မာ နိုင်ငံရဲ့ ဒုတိယ လူဦးရေ အများစု အသိုက်အမြုံ ဖြစ်တယ်။ ဒီ အင်အားစုကြီးက တိုင်းပြည်အပေါ် သစ္စာရှိနေတာ အပြစ်တစ်ခု ဖြစ်နေရောလား။
ဒါမှ မဟုတ် မြန်မွတ်ဆလင်တွေက သူများထက် ထူးပြီး ဘာတွေများ ဖေါက်ပြန်နေလို့- မွတ်ဆလင်တွေကို ပစ်မှတ်ထား မုန်းတီးနေရသလဲ။
လုံးဝသက်သက် မနာလိုစိတ်နဲ့ မုန်းတီးနေခြင်း သက်သက် ဖြစ်နေသလား--၊ ဆိုတာ-
မွတ်ဆလင်ကို မုန်းတီးသူတိုင်း မိမိကိုယ်မိမိ ပြန်ဆင်ခြင်ကြည့်ပါ။ မွတ်ဆလင်ကို မုန်းတီးသူတိုင်း “ငါ့ကို မွတ်ဆ လင် တွေက ဘာတွေ လုပ်ခဲ့သလဲ၊”လို့ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါ။ နို့မဟုတ်ရင် ဘုမသိ ဘမသိ မုန်းမိနေပြီး အလိုလိုနေရင်း- အကုသိုလ် သင့်နေပါဦးမယ်။
ဌေးလွင်ဦး
MMCRM

No comments:

Post a Comment