Thursday 31 January 2013

မြန်မာနိုင်ငံမှာ လူမျိုးကြီးလို့ ဖြစ်တည်နေတဲ့ ဗမာတွေဟာ လူရိုင်းတွေ မဟုတ်ပါ။


မြန်မာနိုင်ငံမှာ လူမျိုးကြီးလို့ ဖြစ်တည်နေတဲ့ ဗမာတွေဟာ လူရိုင်းတွေ မဟုတ်ပါ။ ယုတ်မာသူတွေ မဟုတ်ပါ။ ကောက်ကျစ်နေသူတွေ မဟုတ်ပါ။ သို့သော်---


ဒီလူမျိုးစုကြီး တစ်ခုလုံးရဲ့ အနာဂါတ်က ကြီးမားတဲ့ ချောက်ကမ်းပါးနက်ထဲကို ထိုးဆင်းနေပါပြီ။ ဒါဟာ ခေါင်း ဆောင်ပိုင်းက အတွင်းစိတ်မှာ သိမ်ငယ်မှုနဲ့ မိမိကိုယ်မိမိ မယုံကြည်မှုများ ကပ်ညိနေခြင်းကြောင့် ဖြစ်ပါတယ်။ သိမ်ငယ်မှု ကပ်ညိရခြင်း အကြောင်းက အရှိကို အရှိအတိုင်း လက်မခံရဲတဲ့ သတ္တိကြောင်မှုကြောင့်သာ ဖြစ်နေ ပါတယ်။ သတ္တိကြောင်သူ တွေဟာ အရှိကို အရှိအတိုင်း လက်မခံရဲဘူး၊ မရှိသွေးကြီး ဘ၀င်မြင့်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါပဲ မှန်တယ်လို့ ဇွတ်မှိတ်ငြင်းတတ်တယ်။ ဒီလို စိတ်မျိုး ကိန်းဝပ်နေတဲ့ ခေါင်းဆောင်တွေက လူထုကြီးကို ဦးဆောင်နေတော့ ခေါင်းတွဲသွားရာ နောက်က လိုက်နေရတဲ့ ရထားတွဲကြီးလို အပြစ်မယ့် ရိုးသား တဲ့ လူထုမှာလည်း- နာမည်ပျက်ရ၊ ဂုဏ်ပျက်ရ၊ သိက္ခာမဲ့ရတဲ့ ဘ၀မျိုးနဲ့ သိမ်ငယ်စိတ်တွေ ဆက်တိုက် ၀င်လာရပါတော့တယ်။





မြန်မာခေါင်းဆောင်တွေဟာ သူတို့ရဲ့ သိမ်ငယ်စိတ်နဲ့ မိမိကိုယ်မိမိ မယုံကြည်မှုများကို ဖုံးဖိထားပြီး- သူတို့ အတွက် အဖေါ်ရလာစေဘို့ အပြစ်မဲ့ ဗမာလူထုကြီးကို အကြောက်တရားတွေ လွှမ်းမိုးလာအောင် နည်းမျိုးစုံနဲ့ ဖန်တီးခဲ့ပါတယ်။ ဒီလို ဖန်တီးမှုများမှာ (၁) နိုင်ငံရေးအရလည်း ဖန်တီးခဲ့တယ်၊ (၂) ဘာသာရေးအရလည်း ဖန်တီးခဲ့တယ်လို့ သုံးသပ်ရပါမယ်။


နိုင်ငံရေးအရ ဖန်တီးမှုမှာ- မဟာဗမာ လူမျိုးကြီးဝါဒကို အခြေခံပြီး ဖန်တီးခဲ့ခြင်း ဖြစ်တယ်။ အခြားသော တိုင်း ရင်းသားများကိုလည်း ဗမာလွှမ်းမိုးရေးနဲ့ ဗမာမှုပြုရေးကို အစဉ်တစ်စိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဖန်တီး ထားမှ ဗမာလူမျိုးထဲကပဲ တိုင်းပြည်ကို ဦးဆောင်နိုင်မယ်၊ တိုင်းပြည်တစ်ခုလုံးရဲ့ ထိပ်တန်းနေရာများကို ယူထား နိုင်မယ်လို့ ခံစားနေပါတယ်။ ဒါဟာ မိမိကိုယ်မိမိ ယုံကြည်မှု မရှိခြင်းသာ ဖြစ်ပါတယ်။ သေချာတိကျတဲ့ ပြည် ထောင်စု တစ်ခုမှာ အရည်အချင်းရှိသူသည်သာ သူ့အရည်အချင်းအလျှောက် သက်ဆိုင်ရာ နေရာဌာနများကို ဆက်ခံခွင့်ရှိတယ် ဆိုတဲ့ ဥပဒေမျိုး မပြဌာန်းရဲလောက်အောင် သတ္တိကြောင်နေခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို အသုံးမကျဘူး အရည်အချင်းအရ ငါ- ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူးလို့ သက်သေခံနေခြင်းသာ ဖြစ် ရပါတော့တယ်။ ဒီမှာ ဆိုးကျိုးဆက်က မိမိကိုယ်စားပြုတဲ့ လူမျိုးအပေါ်မှာ အခြားသော လူမျိုးနွယ်များက အထင်လွဲလာမယ်၊ နာကျည်းလာမယ်၊ မုန်းတီးလာမယ်- အဲ့လို ဖြစ်လာရင် ကြီးနိုင်ငယ်ညှင်း မတရားတဲ့နည်း နဲ့ လူမျိုးရေးပြသနာကို ဖန်တီးပြီး ဖိနှိပ်မယ် ဆိုတဲ့ ဆက်တိုက် မိုက်ကြေးခွဲ စိတ်ကို မွေးမြူလိုက်ပြန်ပါတယ်။


ဒါတွေဟာ ကိုယ့်ပြသနာ ကိုယ်မရှင်းရဲလို့၊ သတ္တိကြောင်လို့၊ လူထုကိုလှည့် ရန်တိုက်ပေးတဲ့ နည်းပညာပါ။ ဒီလို နဲ့ ဗမာလူထုကြီးဟာလည်း တိုင်းရင်းသားတွေရဲ့ အမြင်မှာ အပြစ်သင့်တဲ့ လူမျိုး၊ ယုတ်မာကောက်ကျစ်တဲ့ လူမျိုး၊ ဗြောင်လိမ်တတ်တဲ့ လူမျိုး၊ အနိုင်ကျင့်တတ်တဲ့ လူမျိုး၊ သူတို့နယ် သူတို့မြေတွေကို အဓမ္မလုယူတဲ့ လူမျိုး ဖြစ်သွားရပါတော့တယ်။


ဒုတိယ အနေနဲ့ အာဏာမက်သူ၊ နိုင်ငံတော်ကို မောင်ပိုင်စီးထားချင်သူများက ဘာသာရေးအရ လူထုကို သွေး လှန့်တဲ့ နည်းများကို သုံးပါတယ်။ ဒီဗျူဟာမှာ အဓိက လူများစု ဗုဒ္ဓဘာသာဝင်များကို အသုံးပြုပြီး အစ္စလာမ် မုန်းလှုံ့ဆော်မှုများကို စနစ်တကျ ဆောင်ရွက်ခဲ့ပါတယ်။ လူတွေဟာ မိမိကြိုက်နှစ်သက်ရာ သာသနာအား ကိုး ကွယ်ယုံကြည်ခွင့် မရှိတဲ့ အဖြစ်မျိုး ဖြစ်ရလေအောင် သူတို့အာဏာနဲ့ ပေါ်လစီပေါင်းများစွာ ချကာ ချောက်လှန့် ထားပါတယ်။ ဗမာလူမျိုး ဗုဒ္ဓဘာသာစင်စစ် တစ်ဦးက အစ္စလာမ်သာသနာကို ယုံကြည်မိလိုက်တာနဲ့ နိုင်ငံခြား သား ကျူးကျော်လာသူ အဖြစ် ပတ်ဝန်းကျင်အမြင်ကို စတင်လှည့်စားလိုက်ပါတယ်။ နိုင်ငံသား စီစစ်ရေးကဒ် ပြားများမှာ အလိုအလျှောက် အိန္ဒိယ+ သို့မဟုတ်၊ ဘင်္ဂလားဒေ့ရှ်+ လူမျိုး ဖြစ်သွားရပါတယ်။ မိရော ဖပါ ဗမာ အစစ် သို့သော်- ကိုးကွယ်သည့် ဘာသာ အစ္စလာမ်လို့ ပြောမိတာနဲ့ အလိုလို ဘင်္ဂလီ+မြန်မာ လို့ နိုင်ငံသား စီစစ်ရေးကဒ်မှာ အရေးခံလိုက်ရတဲ့ လူပေါင်းများစွာ ရှိနေပါတယ်။


နိုင်ငံခြားသား စင်စစ် ဖြစ်ပါစေ သူသည် ဗုဒ္ဓဘာသာလို့ ရေးလိုက်တာနဲ့ အလိုလို ဗမာလို့ ရေးလိုက်ဘို့ရာ လုံးဝ ၀န်မလေးတဲ့ မူကို ချမှတ်ခဲ့ပါတယ်။


တစ်ကယ်တော့ ဒါဟာ ခေါင်းဆောင်ပိုင်းက (၁) မိမိကိုယ်မိမိ မယုံကြည်မှု၊ သိမ်ငယ်မှု၊ သတ္တိကြောင်မှု၊ (၂) မိမိ ရဲ့ နိုင်ငံရေးဝါဒကို ကောင်းမွန်တဲ့ လမ်းစဉ် အဖြစ် ခိုင်မာစွာ မယုံကြည်မှု၊ (၃) မိမိရဲ့ ယုံကြည်ရာ ဘာသာကို တည်တံ့ခိုင်မြဲမယ့် ဘာသာ အဖြစ် မယုံကြည်မှု တွေကြောင့်သာ ဖြစ်နေပါတယ်။ တစ်ခြားသူတွေက ငါတို့ထက် တော်တယ်၊ ငါတို့ထက်ကောင်းတယ်၊ ငါတို့ထက် အရည်အချင်းရှိတယ်- ငါတို့ကို အလွယ်တစ်ကူ ကျော်ဖြတ် သွားလိမ့်မယ်ဆိုတဲ့ ကြောက်လန့်သိမ်ငယ် စိတ်များကြောင့်သာ ဖြစ်နေပါတယ်။


နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မယ့် ခေါင်းဆောင်ပိုင်းက ဒီလို သိမ်ငယ်စိတ်တွေ၊ မိမိကိုယ်မိမိမယုံကြည်စိတ်တွေ ကင်းစင်ဘို့ လိုပါမယ်။ ကြောက်လန့်တုန်လှုပ်နေတတ်တဲ့ လူစားမျိုးက နိုင်ငံတော်ကို ဦးဆောင်နေရင် အဲ့ဒီလို နိုင်ငံမျိုးဟာလည်း တိုးတက်ကောင်းမွန်လာစရာ ဘယ်လိုမှ လမ်းစမရှိပါ။ ပြည်ထောင်စု တစ်ခုအတွက် ဦး ဆောင်မယ့် ပုဂ္ဂိုလ်မျိုးဟာ လူမျိုးရေး အယူသည်းမှု၊ ဘာသာရေး အယူသည်းမှုနဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးကို စွန့်ပါယ်ရပါမယ်။ ပြည်ထောင်စု အတွင်းရှိ တိုင်းသူပြည်သားများကိုလည်း အရည်အချင်းရှိတဲ့သူကိုသာ အရည် အချင်းအလျှောက် အသိအမှတ်ပြုလိုတဲ့ စိတ်တွေ ကိန်းဝပ်လာဘို့ လမ်းပြပေးရပါမယ်။ ဦးဆောင်လုပ်ပြရပါ မယ်။ ပြသနာ တစ်ခု ပေါ်ပေါက်တိုင်းမှာ “အမှန်တရား”ဘက်က ဥပဒေနဲ့ ရပ်တည်နိုင်ဘို့ ကိုယ်တိုင်လုပ် ဆောင် ပြရပါမယ်။ သွန်သင်ပေးရပါမယ်။ ဘယ်သူတွေ ဘယ်ပညာကို သင်ပါစေ၊ ဘယ်သူတွေ ဘယ်ဘာသာကို ယုံ ကြည်ပါစေ- ဒါတွေကို မနာလို ဖြစ်နေခြင်း၊ ရန်ရှာမုန်းတီးနေခြင်းများက ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည် အချင်းမျိုးနဲ့ လုံးဝ မအပ်စပ်ပါ။ နိုင်ငံခေါင်းဆောင်ဟာ နိုင်ငံခေါင်းဆောင်ပဲ ဖြစ်ဘို့ ကြိုးစားရပါမယ်။ နိုင်ငံခေါင်း ဆောင် လုပ်နေပါလျှက်- လူမျိုးရေး၊ ဘာသာရေးမှာ ခံစားမှု ငြိတွယ်နေရင်- ဘယ်တော့မှ သိမ်ငယ်စိတ် ပျောက် တော့မှာ မဟုတ်ပါ။


အခုအခါ- မြန်မာခေါင်းဆောင်များ ကိုယ်တိုင်က သိမ်ငယ်စိတ်တွေ လွှမ်းမိုးနေပြီး- ကချင်ကို ရန်ရှာ တိုက် နေရတယ်။ ရိုဟင်ဂျာတွေကို မနာလို- မုန်းတီးနေရတယ်။ ဒီကနောက်ဆက်တွဲ အပြစ်မဲ့ ကချင်ဒေသခံတွေ ဒုက္ခ မျိုးစုံ၊ အငတ်ဘေးမျိုးစုံ၊ ရောဂါဘယ မျိုးစုံနဲ့ ကြုံတွေ့ရပါတော့မယ်။ အလားတူပဲ-- “ရိုဟင်ဂျာ”မှာလည်း မိမိ ဇာတိမြေမှာ နေစရာ မြေမရှိယုံမျှမက၊ ပြေးစရာမြေပင် မရှိတော့တဲ့ အဖြစ်ကို ရောက်နေရပါတယ်။ ပြေးစရာ မြေ မရှိတဲ့ အဆုံး ကမ်းမမြင်လမ်းမမြင် ပင်လယ်သမုဒ္ဒရာကြီးထဲကို ဆင်းပြေးရတဲ့ အဖြစ်ကို ကြုံနေရပါတယ်။


ထီးတစ်လက်မှာ အလယ်က ပင်မထီးရိုး တစ်ခုတည်း ခိုင်မာနေယုံမျှနဲ့ ထီးကောင်း တစ်လက် မဟုတ်ပါ။ ထီး ရွက်ဖျင်ကို ဖြန့်ပေးထားတဲ့ သံကိုင်းလေးများလည်း ကောင်းနေဘို့ လိုပါမယ်။ သံကိုင်းလေး တစ်ကိုင်း ကျိုးနေ ရင်လည်း အဲ့ဒီ ထီးက ထီးကျိုးတစ်လက် ဖြစ်နေပါတယ်။ အခုလောလောဆယ် မြန်မာပြည်ကတော့ မြောက် ပိုင်းနဲ့ အနောက်ပိုင်းက ထီးကိုင်းနှစ်ခု ကျိုးနေပါပြီ။ ခေါင်းဆောင်ပိုင်းက သိမ်ငယ်စိတ်- မိမိကိုယ်မိမိ မယုံကြည် စိတ်များကို မဖျောက်ခဲ့ရင်တော့--၊ နောက်ထပ် ထီးကိုင်းများ ဆက်လက်ကျိုးပဲ့ကုန်တော့မှာ သေချာနေပါတယ်။ ပြင်လို့-မရ၊ သုံးလို့ မရတဲ့ ထိ ကျိုးကြေ ပျက်စီးသွားမလားတောင် စိုးရိမ်နေရပါတယ်။


ဌေးလွင်ဦး

No comments:

Post a Comment