Monday 28 January 2013

ပြောပြချင်တယ် ဦးခင်ရီရယ်

ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား အုပ်စုကြီး (၅) စုရှိတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်အုပ်စု (၅) စုကတော့ (၁) ပသီ၊ (၂) ရိုဟင်ဂျာ၊ (၃) ကမာန်၊ (၄) ပသျှူးနဲ့ (၅) ပန်းသေးတို့ ဖြစ်တယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၅) စုထဲမှာ ဦးခင်ရီပါဝင်တဲ့ so-called ဒီမိုကရေစီအစိုးရက ကမာန်မျိုးနွယ်စုမှအပ ကျန်တဲ့ မျိုးနွယ်စု (၄) ကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုပဲ ခါးခါးသီးသီး သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ မဟုတ်လို့ ငြင်းပယ်ခဲ့တယ်။ ငြင်းပယ်နေဆဲဖြစ်တယ်။ ဘာကြောင့်လဲ။ တိုင်းရင်းသားဖြစ်ဖို့ သူတို့ဟာ သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေတွေအရ ကိုက်ညီနေပါလျှက် ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုရတာလဲ။ သူတို့ရဲ့ တိုင်းရင်းသား အခွင့်အရေးကို ဘာကြောင့် ငြင်းပယ်နေရတာလဲ။

ဦးခင်ရီရဲ့ ကြိမ်ဖန်များစွာ ဖွင့်ဆိုချက်များအရ လူမျိုးတစ်ရာ့တစ်ပါးဟာ မြန်မာ့တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ပါဝင်ကြောင်း သိရှိရပါတယ်။ ကောင်းပြီ။ အဲဒီ လူမျိုးတစ်ရာ့တစ်ပါးမှာ ပသီ၊ ပန်းသေးနဲ့ ပသျှူးတို့ ပါဝင်နေပါတယ်။ ဘာကြောင့်သူတို့ကို တိုင်းရင်းသားအဖြစ် ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက အသိအမှတ် မပြုရဲရတာလဲ။ လွန်ခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ်အတွင်း မန္တလေးမြို့က ပုဂ္ဂိုလ်အချို့ဟာ ‘ပသီ’တိုင်းရင်းသားရဲ့အမည်ကို သုံးပြီး၊ နိုင်ငံရေး ပါတီအဖြစ် လျှောက်ထားတာကို ‘ပသီ’ ဆိုတာ စစ်အာဏာရှင် သားသတ်သမား တရုတ်ကပြား ဗိုလ်နေ၀င်း စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ (၁၃၅) မျိုးမှာ မပါလို့ဆိုပြီး ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ဦးခင်ရီကတော့ တိုင်းရင်းသား (၁၃၅) မျိုးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လူမျိုးတစ်ရာ့တစ်ပါးဆိုပြီး ထပ်တလဲလဲ ကိုးကားပြီး၊ ဖွင့်ဆိုခဲ့တယ်။ ကောင်းပြီ။ လူမျိုးတစ်ရာ့တစ်ပါးမှာ ‘ပသီ’၊ ‘ပန်းသေး’နဲ့ ‘ပသျှုးတို့’ပါဝင်နေတာကို ဦးခင်ရီ သိပါသလား။ ဦးခင်ရီရဲ့ ဖွင့်ဆိုချက်က အမှန်လား။ ဒါမှမဟုတ် လူမျိုးတစ်ရာ့တစ်ပါးဆိုတာကို ဘာမှန်းမသိပဲ ဖွင့်ဆိုနေတာလား။

တိုင်းရင်းသားဖြစ်ရန် သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေများအရ ကိုက်ညီနေတဲ့ ကျုပ်တို့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား မျိုးနွယ်စုကြီး (၅) စုကို ကျောသား၊ ရင်သား မခွဲခြားပဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ ကင်းရှင်းစွာနဲ့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ရာမှာ ဒီမိုကရေစီ အစိုးရတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်တယ်။ အကယ်၍ ဦးခင်ရီတို့ အစိုးရဟာ ဒီမိုကရေစီကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ အစိုးရဆိုရင်ပေါ့။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင် ကမာန်လူမျိုးစု တစ်စုကိုသာလျှင် ၎င်းတို့ရဲ့ လူဦးရေ နည်းပါးမှုကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ ကျန်တဲ့ အုပ်စုကြီး (၄) ကိုတော့ တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုသေးပါ။ ဒီလို အသိအမှတ် မပြုခြင်းဟာ ဒီမိုကရေစီ နည်းစနစ်များနဲ့ ဆန့်ကျင်နေတယ်ဆိုတာ ဦးခင်ရီတို့ အစိုးရအနေနဲ့ သိရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ Discrimination လို့ခေါ်တဲ့ ခွဲခြားဖိနှိပ်ခြင်းပဲ ဖြစ်တယ်။

ရိုဟင်ဂျာလူမျိုးစုကို ပါလီမာန်ဒီမိုကရေစီခေတ်ရဲ့ ပြည်သူ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုတစ်စုအဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ စစ်အာဏာရှင် သားသတ်သမား၊ တရုတ်ကပြား ဗိုလ်နေ၀င်းရဲ့လက်ထက်မှာ တိုင်းရင်းသားစာရင်းကနေ ပယ်ဖျက်ခဲ့တယ်။ အဲဒီလိုနဲ့ ရိုဟင်ဂျာလူမျိုးများဟာ စစ်အာဏာရှင်လက်ထက် အဆက်ဆက် နှစ်ပေါင်း (၅၀) ခန့် တိုင်းရင်းသားအခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်။ ယခု ရိုဟင်ဂျာလူမျိုးများက တောင်းဆိုနေတာဟာ တိုင်းရင်းသားဖြစ်ဖို့ထက်၊ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ တိုင်းရင်းသားအခွင့်အရေးကို ပြန်လည် ရရှိအောင် တောင်းဆိုနေခြင်း ဖြစ်တယ်။ ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားဖြစ်ပြီးသား ရိုဟင်ဂျာလူမျိုးကို ဦးခင်ရီတို့ရဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြန်လည် ရရှိအောင် ကြိုးပမ်းနေကြခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဦးခင်ရီတို့ရဲ့ ယခု ဒီမိုကရေစီ အစိုးရဆိုတာကလည်း စစ်အုပ်စုကနေ အရေခွံ့လဲထားတဲ့ သူတွေက အများစုဆိုတော့ စစ်အာဏာရှင်တွေရဲ့ စရိုက်ဆိုးတွေကို မစွန့်လွှတ်နိုင်သေးကြောင်း၊ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေ၊ ပြောဆိုချက်တွေ၊ ရေးသားချက်တွေက သက်သေခံနေပါတယ်။

တစ်ဖက်မှာ ရခိုင်လူမျိုးတွေကလည်း အကယ်၍ ရိုဟင်ဂျာလူမျိုးတွေဟာ စစ်အာဏာရှင် စနစ်ဆိုးကြောင့် ပျောက်ဆုံး၊ ပျက်သုဉ်းခဲ့ရတဲ့ သူတို့တွေရဲ့ တိုင်းရင်းသားဖြစ်ခြင်းကို ပြန်လည် ရရှိခဲ့မယ်ဆိုရင် ရခိုင်တွေဟာ ရိုဟင်ဂျာတွေရဲ့ အပေါ်မှာ ဗိုလ်ကျစိုးမိုး၊ အနိုင်ကျင့်လို့ မရတော့မှာ၊ လူတွင်ကျယ်လုပ်ပြီး ကတုံးပေါ် ထိပ်ကွက်လို့ မရတော့မှာ၊ ဖိနှိပ်ခွဲခြားလို့မရတော့မှာကို အရမ်း စိုးရိမ်နေပါတယ်။ အဲဒီလို စိုးရိမ်နေရင်လည်း ဘာကြောင့် ဒီမိုကရေစီ နိုင်ငံတော်ဆီကို ချီတက်နေရတာလဲ။ ပဒေသရာဇ် နိုင်ငံတော်ဆီကိုသာ ချီတက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားအချို့က တိုင်းရင်းသားတိုင်းဟာ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံသားအခွင့်အရေး ရရှိရမယ်။ လူသားတိုင်းဟာ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ အမျိုးသမီးတိုင်းဟာ အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ အမျိုးသားတိုင်းဟာ အမျိုးသား အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ ကလေးသူငယ်တိုင်းဟာ ကလေးသူငယ်အခွင့်အရေး ရရှိရမယ်။ မသန်စွမ်းတဲ့သူတွေဟာ မသန်စွမ်းတဲ့သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ရရှိရမယ်။ ဒီလို အခွင့်အရေးတွေကို ရရှိလာအောင် လူထုက တင်မြှောက်ထားတဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရက တာဝန်ခံရမယ်။

အကယ်၍ အဲဒီအခွင့်အရေးတွေကို နှောင့်ယှက်တဲ့သူ၊ ဖျက်စီးတဲ့သူဟာ နိုင်ငံတော်ရဲ့ ရန်သူပဲ ဖြစ်တယ်။ အဲဒီရန်သူတွေကို လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက နှိမ်နင်းရမယ်။ ချေမှုန်းရမယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်၊ ဇွန်လကစပြီး ဖြစ်ပျက်နေခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးမှာ ဦးခင်ရီတို့ရဲ့ ဒီမိုကရေစီအစိုးရက အထက်မှာ တင်ပြခဲ့တဲ့ အခွင့်အရေးတွေကို ချိုးဖောက်တဲ့ ရခိုင် အကြမ်းဖက်သမားတွေနဲ့တောင် ပူးပေါင်းပြီး၊ ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြောင်း သက်သေ အထောက်အထားများအရ သိရှိနိုင်တယ်။ အပြစ်မဲ့ ရိုဟင်ဂျာလူမျိုးတွေကို နည်းလမ်းပေါင်းစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တယ်။ နှိပ်စက်တယ်။ အပြစ်မဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ကလေးသူငယ် အများအပြားကို သတ်တယ်၊ ဖြတ်တယ်၊ မီးပုံထဲကို ပစ်ချခဲ့တယ်။ လူမဆန်တဲ့ ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်နေခဲ့တယ်။ ဒါတွေဟာ သမိုင်းတွေပါ။

ဒီလူမျိုးတုန်းသတ်ဖြတ်မှုကြီးဟာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ခြင်း၊ တနည်းအားဖြင့် မှတ်တမ်းတင်ခြင်း ခံရပါလိမ့်မယ်။ အဲဒီမှတ်တမ်းတွေမှာ ဦးခင်ရီရဲ့ နာမည်ဟာလည်း ပါလာမှာ မုချမလွဲပဲ။ အဲဒီတော့ ဦးခင်ရီ သေဆုံးသွားတယ်ဆိုရင်လည်း ဦးခင်ရီရဲ့ မျိုးဆက်တွေဟာ ဦးခင်ရီရဲ့ မကောင်းမှု အကုသိုလ်ရဲ့ နောက်ဆက်တွဲ မကောင်းကျိုးကို လောကမှာတင် ပြန်ခံရမှာပါ။ ၀ဋ်ဆိုတာ ပြေးလို့မလွတ်ပါဘူး။ မျက်မှောက်ဘ၀မှာတင် တူသောအကျိုးကို ပြန်လည် ခံစားကြမှာပါ။ အဖိနှိပ်ခံတွေရဲ့ မျက်ဝန်းတွေက ကျခဲ့တဲ့ မျက်ရည်တွေရဲ့ စူးရှမှုများ၊ မီးပုံထဲပစ်ချခဲ့တဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ငြီးတွားသံများ၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ သွေးတွေက စကားပြောလာပါလိမ့်မယ်။ အဲဒီတော့ ဦးခင်ရီရေ၊ ခင်ဗျားတို့ so-called ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာ၊ ပသီ၊ ပသျှူးနဲ့ ပန်းသေးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုခဲ့ရင်လည်း၊ ခင်ဗျားတို့ အသိအမှတ်မပြုလို့ လုံးဝ မရတဲ့ အခြေအနေကို မကြာခင်မှာ ရောက်လာပါလိမ့်မယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ ကျူးကျော်သူတွေပါ၊ တရားမ၀င် ခိုးဝင်လာသူတွေပါလို့ စွတ်စွဲပြီး၊ တတိယနိုင်ငံကို ပို့ဖို့ အရှက်သိက္ခာ မရှိ၊ လူသားချင်းစာနာစိတ် လုံးဝမရှိတဲ့ စစ်အာဏာရှင်ဟောင်း ဓာတုဦးသိန်းစိန်အပါအ၀င် ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက စွမ်းစွမ်းတမံ ကြိုးစားခဲ့တာတောင်၊ မအောင်မြင်ခဲ့ပဲ အခု နိုင်ငံသားကဒ်တွေကို အိမ်တိုင်ရာရောက် လိုက်ပေးနေရသလိုပဲ၊ မဝေးတော့တဲ့ အနာဂတ်မှာ ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာလူမျိုးစုအပါအ၀င် ပသီလူမျိုးစု၊ ပသျှူးလူမျိုးစုနဲ့ ပန်းသေးလူမျိုးစုတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုကိုပြုရပါလိမ့်မယ်။ တိုင်းရင်းသား အခွင့်အရေးတွေ ပေးကို ပေးရပါလိမ့်မယ်။

ဦးခင်ရီတို့ အစိုးရအာဏာပိုင်များအနေနဲ့ ပသီ၊ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူးစတဲ့ လူမျိုးစု အသီးသီးကို ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုရပါသလဲ။ အကြောင်းပြချက်တွေကို တရားဝင် စာထုတ်ပြီး၊ တိုင်းသိပြည်သိ၊ ကမ္ဘာသိ ကြေညာသင့်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကို ချပြသင့်ပါတယ်။ အကယ်၍ ဦးခင်ရီတို့က “ငါတို့ တိုင်ရင်းသားအဖြစ် အသိအမှတ်ပြုချင်တဲ့သူကို ငါတို့ တိုင်းရင်းသား ပေးမယ်”လို့ ဆိုခဲ့ရင်လည်း ပြတ်ပြတ်သားသား တစ်ကမ္ဘာလုံးရှေ့မှာ ကြေညာ သင့်ပါတယ်။ ဒါမှ လူထုတစ်ရပ်လုံးအနေနဲ့ ဦးခင်ရီတို့ရဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှုရှိ၊ မရှိ၊ ကျိုးကြောင်းဆီလျှော်မှု ရှိ၊ မရှိ၊ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို ရှုထောင့်ပေါင်းစုံကနေ ဝေဖန် သုံးသပ်နိုင်ကြပါလိမ့်မယ်။ နိဂုံးချုပ်အားဖြင့် ဦးခင်ရီအနေနဲ့ အမှန်တရားကို မုန်းတီးလို့ ချေမှုန်းပျက်သုဉ်းအောင် အစွမ်းကုန်ကြိုးစားသော်လည်း၊ အမှန်တရားကတော့ ပျက်သုဉ်းမှာ မဟုတ်တဲ့အပြင် ဦးခင်ရီသာလျှင် အမှန်တရားရဲ့ ချေမှုန်းခြင်းကို ပြန်ခံရမှာပါ။ ဦးခင်ရီရဲ့ ပြုခဲ့သမျှကံ (အလုပ်)ရဲ့ အကျိုးဟာ ဦးခင်ရီထံကိုပဲ ပြန်လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပေါ့ဗျာ။

မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ဟောင်းများနှင့် ၎င်းတို့ရဲ့ အလိုတော်ရိ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ခြင်းအမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့

No comments:

Post a Comment