Tuesday 1 January 2013

ရခိုင်သမိုင်း(၂) ဌေးလွင်ဦး

စစ်တကောင်းဒေသ- လေးမြို့ခေတ်၊ မြောက်ဦးခေတ်နှင့် မြန်မာအင်ပါယာ 
စစ်တကောင်း ဒေသသည် သမိုင်းဇစ်မြစ်မှစ၍ ယနေ့တိုင် ဘင်္ဂလီလူမျိုးတို့၏ ဒေသမဟုတ်ပေ။ စစ်တကောင်း တောင်တန်းဒေသခံများ နေထိုင်ရာ ဒေသသာ ဖြစ်ခဲ့သည်။ သို့သော် ၎င်းဒေသအား ဘင်္ဂလားနှင့် ဒါန်န၀ဒီ (ဓည၀တီ) တို့ သူတစ်ပြန် ကိုယ်တစ်ပြန် သိမ်းပိုက်အုပ်ချုပ်ရာ ဒေသအဖြစ် တည်ရှိခဲ့သည်။ ထိုဒေသမှ လူမျိုးစုနွယ်အားလုံးမှာ ဒါန်န၀တီ (ဓည၀တီ)မှ လူမျိုးစုနွယ် အားလုံးနှင့် ဆက်စပ်လျှက် ရှိခဲ့သည်။ ထို့ပြင် သမိုင်းစဉ်ဆက်ကပင် စစ်တကောင်းမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ ၎င်းဒေသမှာ ဗယ်ဆာလီ (ဝေသာလီ) မင်းတို့၏ လက်အောက်၌ စစ်တကောင်းဒေသသည် အေဒီ ၆ ရာစု ၇ ရာစု- ထိုစဉ်က ၎င်းဒေသ တစ်ခုလုံး ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်။
အေဒီ ၉ ရာစုမှ စ၍ အာရဗ်ကုန်သည်များမှာ စစ်တကောင်းဆိပ်ကမ်းသို့ စတင်ကူးသန်းခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာမှာ စစ်တကောင်းနယ်သို့ စတင်မျိုးစေ့ရောက်လာပြီး- အစ္စလာမ်သာသနာ ကျယ်ပြန့် လာခဲ့ သည်။ အေဒီ ၁၄၃၀ ခုနှစ်မှ စ၍ ဘင်္ဂလားပြည်မှ မွတ်ဆလင် အုပ်ချုပ်ရေးနယ်စား ဆူလ်တန် ဖာခ်ရွတ်ဒင် မူဘာရာက် ရှားက စစ်တကောင်းဒေသအား အောင်နိုင်အုပ်ချုပ်ခဲ့သည်။ ထိုကာလမှာ နှစ်ပေါင်း ၁၀၈ နှစ်သာ ဖြစ်ခဲ့၍၊ ၁၅၃၈ ခုနှစ်တွင် မြောက်ဦးမင်းဆက် များက ပြန်လည်သိမ်းပိုက်က ၁၂၈ နှစ် အုပ်ချုပ်ခဲ့ပြန်သည်။ ထို့ နောက် ၁၆၆၆ ခုနှစ်တွင် မွန်ဂိုမင်းများက သိမ်းပိုက်အုပ်ချုပ်ခဲ့ပြန်သည်။
စစ်တကောင်းနယ်သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး တို့၏ ပိုင်မြေ သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ အဖြစ် နှစ်ပေါင်း ထောင်နှင့်ချီ ရှိခဲ့ပြီး- ထိုစစ်တကောင်းဘက်မှ ၀င်လာခဲ့သမျှသော ဘာသာတရားတိုင်းသည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ပိုင်မြေ ဒေသများသို့ ခေတ်တိုင်း၌ လွှမ်းမိုးခဲ့ကြောင်း ရခိုင်ရှေးဟောင်း ကျောက်စာများက တိကျသော အထောက်အထားများကို ပေးလျှက် ရှိနေသည်။ စစ်တကောင်းဒေသတွင် ဟိန္ဒူ ဘာသာထွန်းကားစဉ်- ဓည၀တီ၊ ဝေသာလီများ၌ ဟိန္ဒူဘာသာ ထွန်းကားခဲ့သည်၊ သို့မဟုတ် လွှမ်းမိုးခဲ့သည်။ စစ်တကောင်းဒေသ၌ ဗုဒ္ဓဘာသာ ထွန်းကားစဉ် ထိုဓည၀တီ၊ ဝေသာလီ၊ လေးမြို့နယ်များသို့ ဗုဒ္ဓဘာသာ သက် ရောက်လွှမ်းမိုးလာခဲ့သည်။ နောက်ဆုံး စစ်တကောင်းဒေသ၌ အစ္စလာမ်သာသနာ ထွန်းကားလာသော အခါ- ဓည၀တီ၊ ဝေသာလီ၊ လေးမြို့- တို့အား အမွေဆက်ခံခဲ့သည့် မြောက်ဦး ခေတ်တွင်လည်း မြောက်ဦးနေပြည် တော် ပိုင်မြေထဲ၌ အစ္စလာမ်သာသနာ ထွန်းကားပြန့်ဝင်လာခဲ့သည်။- ၎င်းမှာ ရှေးဘာသာဝင်နှင့် ရှေးလူဟောင်း များအား မျိုးပြုတ်သတ်ဖြတ်၍- နောက်ဘာသာဝင် လူသားများဖြင့် အစားထိုးခဲ့ခြင်း မဟုတ်ပေ။ နဂိုရှိရင်းစွဲ လူများကသာ မိမိစိတ်သဘောအလျှောက် သာသနာတစ်ခုခုအား ရွေးချယ်ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ဦးခေတ်တွင် အစ္စလာမ်သာသနာသည် မြောက်ဦးအင်ပါယာထဲသို့ ပြန့်နှံ့လာသည့် ပမာဏမှာ ထုတည် တစ်ရပ် ရှိနေသဖြင့် မြောက်ဦးမင်းဆက် ဘုရင်များကိုယ်တိုင်ပင် မွတ်ဆလင်ဘွဲ့တို့အား ခံယူခဲ့ကြောင်း မည်သူ မျှ မငြင်းနိုင်ပေ။ သို့သော် အစ္စလာမ်သာသနာထဲသို့ ၀င်ခဲ့သူများမှာ စစ်တကောင်းဘက်နှင့် နီးစပ်သော မူလဘူတ လူမျိုးစုများ ဖြစ်၍- ယခု ရခိုင်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ဘက်ပိုင်းမှဝင်လာသော ရက္ခု (ရက္ခိုင်) လူမျိုးတို့မှာ အစ္စလာမ်သာသနာသို့ ၀င်ရောက်မှု နှုန်း နည်းပါးခဲ့သည်။
ထိုသို့ဖြစ်ရသည်မှာ- ယခု ရခိုင်နယ်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ပိုင်းဒေသသည် အစ္စလာမ်သာသနာ ထွန်ကားလာသည့် စစ်တကောင်းနယ်နှင့် ဆက်စပ်မှုမရှိခြင်း- ထိုစစ်တကောင်းနယ်မှ ပြောဆိုသည့် ဘာသာ စကား စာပေတို့မှာ ရခိုင်အာပါယာများ ဖြစ်သည့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး နေပြည်တော်များနှင့် ထိုမှ တောင်ဘက်သို့ အနည်းငယ်လွန်၍သာ လွှမ်းမိုးခဲ့ခြင်းတို့ ကြောင့် ဖြစ်သည်။
ထိုထက်ပို၍ အရေးကြီးသော အချက်မှာ- လေးမြို့ခေတ်နှောင်းပိုင်းမှစ၍- မူလဘူတ လူမျိုးတို့၏ နိုင်ငံရေး သြဇာ မှာ မှေးမှိန်သွားခဲ့ပြီး တောင်ပိုင်းမှ ၀င်ရောက်သွားသည့် ရက္ခု (ရက္ခိုင်) လူမျိုးတို့နှင့် ၎င်းတို့၏ ကပြားများက နိုင်ငံရေး သြဇာလွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ မူလဘူတ လူမျိုးတို့မှာ အုပ်ချုပ်ခံများသာ ဖြစ်၍ ထိုခေတ် ထိုအခါမှစ လက်အောက်ခံလူမျိုးများ ဖြစ်သွားခဲ့ရသည်။
သို့သော် မြောက်ဦးအင်ပါယာ၏ လက်ထက်တွင် ရခိုင်နယ်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့- ပင်လည်ရေ ကြောင်းဖြင့် ရောက်ရှိလာသော ပါရှန်း၊ အာရဗ်တို့၏ သာသနာပြုမှုများ အနည်းငယ် ရှိခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာသို့ ၀င်ရောက်သူများ ရာနှုန်းအနည်းငယ် ရှိခဲ့သည်။ ထို့ပြင် မြောက်ဦး တပ်မတော်၏ အတွင်း၌ လေးတပ်မတော်မှာ သြဇာရှိခဲ့၍- ထိုလေးတပ်မတော်အား ဘင်္ဂလားပြည်မှာ မွန်ဂိုမင်းတို့၏ စစ်ကူများ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ သို့ဖြစ်၍- လေးတပ်မတော်သားတို့ အစ္စလာမ်သာသနာထဲသို့ ကူးပြောင်းခဲ့သည်။ သူတို့ အား လေးတပ်မတော် (ပါရှန်းစကားဖြင့် ကမန်)ဟု ခေါ်တွင်ခဲ့သည်။ ကမန်များမှာ ရက္ခု (ရက္ခိုင်)များသာ ဖြစ် ပေသည်။ ထို့ကြောင့် ထိုကမန်များသည် ပါရှန်းစကား၊ ဓလေ့၊ ယဉ်ကျေးမှုများ မရှိခဲ့ပေ။
အခြားတစ်ဘက်တွင် အုပ်ချုပ်ခံ မူလဘူတ လူမျိုးအထဲ၌လည်း လူအားလုံး အစ္စလာမ်ထဲသို့ ၀င်ခဲ့ခြင်း မဟုတ် ချေ။ လူ့သဘာဝအလျှောက် မိမိနှစ်သက်ရာ မိမိကိုးကွယ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုခေတ်တွင် မိမိနှစ်သက်ရာ အား ကိုးကွယ်ခြင်းသည် ပြသနာ မဟုတ်ဘဲလျှက် ညီညွတ်နေခြင်းကြောင့် ထိုခေတ်ကာလအား ရခိုင်တို့၏ “ရွှေ ခေတ်” တင်စားခေါ်ဆိုနိုင်သည်။-
ထိုသို့ ညီညွတ်ခြင်းများကြောင့် ရခိုင်တို့မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများထိ သြဇာလွှမ်းမိုးမှုများ ရှိခဲ့သည်၊ ရွှေ့ပြောင်းနေထိုင်မှုများ ရှိခဲ့သည်။ ယနေ့တိုင် ဧရာဝတီတိုင်းထဲ၌ မိမိကိုယ်မိမိ “ရခိုင်” ဟု ခံယူသည့် လူမျိုးများ အား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်၌ တွေ့မြင်နိုင်ပေသည်။
သို့သော် မြောက်ဦးခေတ်၏ နှောင်းပိုင်းတွင်- ရခိုင်နယ်၌ ဘာသာရေးခွဲခြားမှု စတင် လာခဲ့တော့သည်။ အစ္စလာမ် သာသနာပြုမှုတို့အား ပိတ်ပင်ရန်၊ ဗုဒ္ဓဘာသာအား ကာကွယ်ရန်ဟူ၍ ဘုန်းကြီးများအတွင်း မျိုးစေ့ချ လာတော့သည်။ “ရွှေမျဉ်းဓမ္မသတ်” စာအုပ်ကဲ့သို့ ဗုဒ္ဓဘာသာကာကွယ်ရေး စာအုပ်များ ထုတ်ဝေလာတော့ သည်။ ဗုဒ္ဓဘာသာအားကိုး အဖြစ် ဗမာဘက်သို့ စိတ်ယိုင်လာသည့် မျိုးဆက်များ ပေါ်ထွန်းလာတော့သည်။ (ဤအချက်သည်လည်း ရိုးသားဟန် မရှိပါ။ ထိုခေတ်ကာလသည် ဗုဒ္ဓဘာသာမင်းများ အုပ်ချုပ်နေသာ ကာလ ဖြစ်၍ အစ္စလာမ်သာသနာမှာလည်း ရခိုင်နယ်အတွင်း အတင်းအဓမ္မသာသနာ ပြုခြင်းများ မရှိခဲ့ဘဲလျှက်- ဗုဒ္ဓ ဘာသာအား ကာကွယ်ရမည်ဟု အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိပါ။ ရခိုင်အင်ပါယာအား သွေးကွဲအားနည်း သွားရန် ဗမာတို့ဘက်မှ လုပ်ဆောင်ခဲ့သော အချက်သာ ဖြစ်နိုင်သည်။- သို့သော် ဤသည် ကျွန်ုပ်၏ သုံးသပ် ချက်သာ ဖြစ်၍- ထိုအတွက် အချက်အလက်များ ကျွန်ုပ်၌ မရှိသေးပါ။)
ထိုမြောက်ဦးခေတ်၏ နှောင်းပိုင်းတွင် ရခိုင်များ ဗမာဘက်သို့ မည်မျှ စိတ်ပါခဲ့သနည်း ဟူမူ-၊ မူလဘူတလူမျိုးထဲ မှ ဗုဒ္ဓဘာသာအား ကိုးကွယ်သည့် သူများအား “မြန်မာကြီး” (မြန်မာတို့ထက် ရှေ့ကျသော မြန်မာ လူမျိုးကြီး) ဟု စတင် ခေါ်ဆိုခဲ့ပြီး- ထိုလူမျိုးထဲမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသူတို့ကိုမူ ကုလားများဟု စတင်ခေါ် လေတော့သည်။ ထိုအခေါ်မှာ မြောက်ဦးဘုရင်များ စစ်တကောင်းသို့ သိမ်းပိုက်စဉ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ သော စစ်သုံ့ပန်းတို့အား ခေါ်သော အမည်ဖြစ်သာ ဖြစ်သည်။ (အမှန်တစ်ကယ်တွင် ထိုစစ်သုံ့ပန်းတို့၌လည်း အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာများ ပါဝင်ခဲ့သည်။) သို့သော် မူလဘူတ လူမျိုးများမှ အစ္စလာမ်ဘာသာအား ကိုး ကွယ်သူများက ထို ကုလား များနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” လူမျိုးဟု ခေါ်တွင်ခဲ့တော့ သည်။
ထိုကာလသည် မြောက်ဦးနေပြည်တော် ပိုင်ဆိုင်သည့် ရခိုင်ဒေသအတွင်း တိုင်းရေးပြည်ရေး ရှုပ်ထွေးလာပြီး ၁၇၇၄ မှ ၁၇၈၅ ခုနှစ်များအတွင်း ဗမာအင်ပါယာနှင့် အကြီးအကျယ် စစ်ဖြစ်ရတော့သည်။ ထို့နောက် ဗမာတို့က မြောက်ဦး အင်ပါယာအား သိမ်းပိုက်လျှက် ဗမာအင်ပါယာထဲသို့ အပြီးအပိုင် သွတ်သွင်းလိုက်တော့သည်။
ရခိုင်သည် ဗမာအင်ပါယာထဲသို့ ပါသွားခဲ့သည်နှင့် တစ်ပြိုင်နက်- အခြားတစ်ဘက်တွင် အင်္ဂလိပ်တို့၏ အင်ပါ ယာအတွင်းသို့ ပါသွားပြီး ဖြစ်သော အိန္ဒိယ ဘင်္ဂလားပြည်နယ်နှင့် မြန်မာအင်ပါယာ နယ်စပ်ချင်းထိစပ်သွားခဲ့ သည်။ နောင် ၃၉ နှစ်အကြာ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်နှင့် မြန်မာ ပထစစ်ပွဲ စတင်ဖြစ်ခဲ့ရလေသည်။
အင်္ဂလိပ်တို့ အနေဖြင့် မြန်မာနိုင်ငံသို့ အင်ပါယာမချဲ့မှီ မြန်မာအင်ပါယာ အတွင်းမှ လူမျိုးတို့အား သုတေသနပြု ခဲ့သည်။ ထိုသို့ သုတေသနပြုရာတွင် ရခိုင်ဒေသအတွင်းမှ မူရင်းဇာတိ လူမျိုးများ- ထိုလူမျိုးတို့၏ ပြောဆိုသော ဘာသာစကား အခေါ်အဝေါ်များကို ၁၈၀၁ ခုနှစ်ထုတ် ASIATICK RESEARCHS OR, TRANSACTIONS OF THE SOCIETY INSTITUDE IN BANGAL, FOR INQUIRING INTO THE HISTORY AND INTIQUITIES, THE ART, SCIENCE AND LITERATURE OF ASIA (VOLUME THE FIFTH) စာအုပ်တွင် Rooinga (ရိုအင်ဂျာ) ဟု ထင်ရှားစွာ တွေ့နိုင်ပြီး ထိုသုတေသနအား ၁၇၉၉ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၁၈၁၁ ခုနှစ်ထုတ် THE CLASSICAL JOURNAL FOR SEPTEMBER AND DECEMBRE 1811 VOL. IV, LONDON PRITHED စာအုပ်များတွင် Rooinga ဟူသော စာလုံးဖြင့် မြောက်များစွာ တွေ့ရမည် ဖြစ်သည်။ ထိုလူမျိုးများ ဘာသာစကားဖြင့် နေကို ဘယ်လိုခေါ်သည်၊ လကို ဘယ်လိုခေါ်သည်၊ မိုးကို ဘယ်လိုခေါ်သည်၊ ကြယ်ကို ဘယ်လိုခေါ်သည် စသည့်ဖြင့် ဘာသာဗေဒ ဝေါဟာရပေါင်းလည်း များစွာကိုလည်း ရခိုင်ပြည်ရှိ အခြားသော တိုင်းရင်းသားများ၏ ဘာသာစကားများဖြင့် ယှဉ်တွဲဖေါ်ပြထားသည်ကို မျက်ဝါးထင်ထင် မြင်ရ မည် ဖြစ်သည်။ ၎င်း စာအုပ်များသည် ကမ္ဘာ့နိုင်ငံကြီးတိုင်း၏ စာကြည့်တိုက်တိုင်းတွင် ရှိနေ၍- မြန်မာ အင်ပါယာအတွင်း အင်္ဂလိပ် များ မရောက်မှီကတည်းက ရှိနေသည့် မူလဘူတ ဇစ်မြစ်လူမျိုးများ အကြောင်း လေ့လာသူတိုင်း သိနိုင်ပေသည်။ မည်သူမျှ လိမ်ညာဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့၊ လွဲမှားသော အမျိုးသား ရေးစိတ်များဖြင့် သမိုင်းတု ဖန်တီး၍လည်း မရနိုင်ပေ။ 
 
ထိုစာအုပ်များမှာ ၁၈၂၄ ခု အင်္ဂလိပ်များ မြန်မာအင်ပါယာထဲသို့ မ၀င်မှီ လေ့လာခဲ့သော စာအုပ်သုတေသနများ ဖြစ်၍- ထိုစာအုပ်များထဲ၌ Rooinga တို့သည် မူလဘူတ လူမျိုးများ ဖြစ်ကြောင်း ဖေါ်ထားသည်ကိုလည်း တွေ့ နိုင်ပေသည်။ 
၁၇၈၅ ခု မြန်မာအင်ပါယာမှ ၎င်းတို့ ဘာသာဖြင့် ခေါ်ဆိုသော ရခိုင်နယ်သို့ သိမ်းပိုက်ပြီးနောက်——၊ ရခိုင်မှ သိမ်းဆည်းယူငင်သွားသည်များမှာ- မဟာမြတ်မုနိ ဆင်းတော်တော်ကြီး တစ်ခုတည်းသာ မဟုတ်ပေ။- မြန်မာ စစ်တပ်၌ စစ်သားအဖြစ် အသုံးပြုရန် စစ်သည်ပေါင်းများစွာအားလည်း ခေါ်ဆောင်သွားခဲ့သည်သာ ဖြစ်သည်။
မြန်မာများ ခေါ်ဆိုသော “ရခိုင်” လူမျိုး—
ဆက်လက်ဖေါ်ပြပါမည်။
ဌေးလွင်ဦး

No comments:

Post a Comment