Tuesday 1 January 2013

မေတ္တာရှင်ဘွဲ့ကြီး၊ ဌေးလွင်ဦး

ကမ္ဘာမှာ ဘယ်လူမျိုးစုဟာ နှိပ်စက်ညှင်းပန်းအခံရဆုံးလဲလို့- The Most Persecuted People In The World လို့ Google Search မှာ ရိုက်ကြည့်လိုက်တော့- “ရိုဟင်ဂျာ” လူမျိုး ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက တရားဝင် ပြောထားကြောင်းကို သွားတွေ့ရတယ်။ ဒီမှာ ကုလသမဂ္ဂက ရိုဟင်ဂျာတွေကို One of the most persecuted people of the world လို့ သုံးထားတော့- One of ဆိုတဲ့ စကားအရ အခြားအုပ်စုများလည်း ရှိနိုင်သေးတယ်၊ ဒီတော့ အခြားဘယ်သူတွေများ ဖြစ်သလဲ ဆက်ရှာကြည့်မိတယ်။ အဲ့ဒီလူမျိုးစုများက ဘယ်သူ တွေလဲ၊ ဘယ်နိုင်ငံမှာလဲ- ထပ်ပြန်တစ်လဲလဲ ရှာမိပြန်ပါတယ်။ မတွေ့ရတော့ပါ။ ဒီတော့မှ- One of ဆိုတဲ့ စကားလုံး သံတမန် စကားလုံးအားဖြင့် ပြေပြစ်မှု ရှိအောင် အခြားသူများလည်း အရင်ခေတ်ကာလများက ရှိခဲ့ တဲ့ပုံစံမျိုး ပြောခြင်းသာ ဖြစ်ပြီး- ဒီခေတ်ဒီကာလကြီးမှာတော့ အညှင်းပန်း၊ အနှိပ်စက် အခံရဆုံး လူမျိုးစုက “ရိုဟင်ဂျာ” တစ်မျိုးတည်းပဲ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရှေးနှစ်ပေါင်းများစွာက အတိတ်ရာဇ၀င်မှာ တော့ ဂျာမဏီမှာ ဂျူးလူမျိုးတွေကို နှိပ်စက်ညှင်းပန်းခဲ့တယ်၊ ဥရောပမှာ အိန္ဒိယမြောက်ပိုင်းက ပြောင်းရွှေ့သွား တဲ့ ရောမ ပန်ဂျာပီ မျိုးနွယ်တွေ နှိပ်စက်ညှင်းပန်းခံခဲ့ရပါတယ်။

ဘာသာတရားအားဖြင့် အညှင်းပန်းခံရဆုံးက နံပါတ်တစ် ခရစ်ယာန်၊ နံပါတ်နှစ် မွတ်ဆလင်၊ နံပါတ်သုံး ဂျူး တို့ ဖြစ်ပြီး- အဲ့ဒီ ဘာသာတရားတွေကို ညှင်းပန်းနှိပ်စက်တဲ့ နိုင်ငံများထဲမှာ တရုတ်၊ မြောက်ကိုးရီးယား၊ အိန္ဒိယနဲ့ သီရီလင်္ကာတို့က ရှေ့ဆုံးက ပြေးနေတာကို တွေ့လိုက်ရပြန်ပါတယ်။ သီရီလင်္ကာမှာ ခရစ်ယာန် ဘုရားကျောင်း ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စရင်းဟာလည်း ကမ္ဘာ့ ဘာသာရေးနှိပ်ကွပ်မှုထဲမှာ ထည့်သွင်းဖေါ်ပြရတဲ့ အဆင့်ထိ ရောက်နေပါတယ်။ ခရစ်ယာန်များ နှိပ်စက်ခံရခြင်း စာရင်းကို ရေတွက်တဲ့အခါမှာ- ခရစ်ယာန်- ခရစ်ယာန်ချင်း အသင်းတော်မတူ လို့ နှိပ်စက်ဖိနှိပ်ခံရတာများကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။

အစ္စလာမ်ဘာသာဝင်များ ကြီးစိုးရာ နိုင်ငံများမှာ အီရန်နိုင်ငံ အနေနဲ့ ဘဟာအီ ဂိုဏ်းဝင်တွေကို နှိပ်စက်ညှင်း ပန်းတယ်လို့ ဖေါ်ပြထားပါတယ်။ အီရန်နိုင်ငံမှာ အယူမတူတဲ့ ဆွန်နီမွတ်ဆလင်တွေ၊ ဂျူးဘာသာဝင်တွေ၊ ဒူစီ ဘာသာဝင်တွေ၊ ဇိုရိုအက်စတာ ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ လူနည်းစု အဖြစ်တည်ရှိနေပါ တယ်။ ဒါပေမယ့် အီရန်သမိုင်းမှာ ဘာဟာအီဂိုဏ်းကိုသာ သီးသန့်နှိပ်ကွပ်ခဲ့ပါတယ်။ ဒါ- ဘာကြောင့်ပါလဲ- အစ္စလာမ်သာသနာဝင်တွေမှာ ဆွန်နီ ဖြစ်စေ၊ ရှီယာ ဖြစ်စေ- ယုံကြည်မှုက ကိုယ်တော်မုဟမ္မဒ်ဟာ နောက်ဆုံး ပွင့် ဉာဏ်စဉ်ဆောင် (အလ္လာဟ်အရှင်ရဲ့ တမန်တော်) ဖြစ်တယ် ဆိုတဲ့ အချက်ပါ။ အဲ့ဒီ အချက်ကို လက်မခံသူ များကို ဒုက္ခပေးခြင်း၊ နှိပ်စက်ခြင်း မရှိဘူး- သို့သော် လက်မခံသူဟာ သူ့ကိုယ်သူ မွတ်ဆလင်ရယ်လို့ ခံယူခွင့် မရှိသလို၊ မွတ်ဆလင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း နေထိုင်ခွင့် မရှိဘူး။ ဂျူးဖြစ်နိုင်တယ်၊ ခရစ်ယာန် ဖြစ်နိုင် တယ်၊ အခြား ကြိုက်နှစ်သက်ရာ ဘာသာတစ်ခုခု ဖြစ်နိုင်ပါတယ်။

ဘဟာအီတွေဟာ သူတို့ကိုယ်သူတို့ မွတ်ဆလင်လို့ ခံယူတယ်၊ ပြီးမှ- သူ့တို့ရဲ့ခေါင်းဆောင် ဘာ့ဘ် (ဘဟာအိုလ္လာဟ်) အလ္လာဟ်အရှင်ရဲ့ တမန်တော်တစ်ပါး ဖြစ်တယ်လို့ ကြေငြာခဲ့တယ်၊ လူထုကို စည်းရုံးခဲ့တယ်။ ပညာအင်အားနည်းတဲ့ ကျေးလက်ဒေသနေ မွတ်ဆလင်လူထုကို ပုံမှားရိုက်ပြီး သူ့ဂိုဏ်းထဲကို ဆွဲထည့်ခဲ့တယ်။ ဒါ ကို အနောက်နိုင်ငံတွေက အကြီးအကျယ် ကြောထောက်နောက်ခံပြုပေးခဲ့တယ်။ အထူးသဖြင့် အီရန်ရဲ့ ရန် ဘက်နိုင်ငံ အစ္စရေးလ်က နိုင်ငံရေးအရ အကြီးအကျယ်ကူညီပေးခဲ့တယ်။ ဘဟာအီတွေရဲ့ ဗဟိုပင်မဌာနကို အစ္စရေးလ်နိုင်ငံမြို့တော် တဲလ်အဗစ်မှာ တရားဝင်ထူထောင်ထားပေးတယ်။- ဒါကြောင့် အီရန်က ဘဟာအီများ ဂိုဏ်းကို သာသနာသန့်ရှင်းရေး လုပ်ရမယ်လို့ ခံစားခဲ့ပြီး၊ သူ့နိုင်ငံအတွင်းမှာ သာသနာသန့်ရှင်းရေး လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဘဟာအီတွေဟာ အီရန်ရဲ့ လူမျိုးခြား ဘာသာခြား မဟုတ်ခဲ့ဘူး၊ ဒါကြောင့် အီရန်ကို လူမျိုးခြား ဘာသာခြားတွေကို နှိပ်ကွပ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်လို့ မရနိုင်ဘူး။ သူ့နိုင်ငံမှာ လူမျိုးခြား ဘာသာခြင်း အာမေးနီးယန်းတွေ အများကြီးရှိသလို၊ သူ့လူမျိုးနဲ့ သူ့ဘာသာ လွတ်လပ်ခွင့်လည်း အပြည့်အ၀ အာမခံထား တာကို တွေ့နေရတယ်။ ဂျူးများကြီးစိုးရာ အစ္စရေးလ်နဲ့ ရန်ဘက် ဖြစ်နေတဲ့ အီရန်မှာ အီရန် ဂျူးများသည် ပင်လျှင် လွတ်လပ်ခွင့် အပြည့်အ၀ အာမခံချက်နဲ့ အတူ လူဦးရေ ရာနှုန်းအလိုက် လွှတ်တော်မှာ နေရာရထား ပါတယ်။

ပြီးတော့- ဆော်ဒီအာရေဗီယား-၊ အဲ့ဒီနိုင်ငံမှာ ရာနှုန်းပြည့် မွတ်ဆလင်များပဲ နေထိုင်ကြတယ်။ ဆွန်နီလူများစု ဖြစ်ပြီး- ရှီယာက လူနည်းစု ဖြစ်တယ်။ ဆော်ဒီနိုင်ငံမှာ သာသနာသန့်ရှင်းမှု မကြာခဏပြုလုပ်တယ်။ အစ္စလာမ် တို့ရဲ့ ဗဟိုချက်မ ကအ်ဘာကျောင်းတော်ကြီးကို စောင့်ရှောက်နေရတဲ့ နိုင်ငံ ဖြစ်တော့- တရားဘာဝနာမကျင့်ကြံ ဘဲ လပ်ယားလပ်ယား ဘာသာရေးဝန်ဆောင်တွေက စင်ပြိုင်ထူထောင်ပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးလို့ သာသနာသန့်ရှင်းရေး မကြာခဏလုပ်နေခြင်း ဖြစ်တယ်။ ဘာသာရေး သမားနာမည်ခံထားသူများက နိုင်ငံရေးထဲကို ပါဝင်ပတ်သက်မှု မရှိရအောင် ကာကွယ်ထားခြင်းလည်း ဖြစ်တယ်။

အနောက်အုပ်စု သာသနာပြု ခရစ်ယာန်များက ခရစ်ယာန်များ လုံးဝ မရှိရာ အရပ်ဒေသများမှာ ခရစ်ယာန် ဘုရားကျောင်း ဆောက်လုပ်ခွင့် သာသနာပြုခွင့်လည်း မကြာခဏတောင်းဆိုတယ်၊ ဒါကို ဆော်ဒီအစိုးရက ခွင့်မပြုဘူး- ဒီတော့ အနောက်အုပ်စုက ဆော်ဒီနိုင်ငံကို ဘာသာရေး ညှင်းပန်းမှု ရှိတဲ့ အုပ်စုထဲမှာ ထည့်သွင်း ဖေါ်ပြထားတယ်။ ဆော်ဒီ အစိုးရကလည်း- ခရစ်ယာန် သာသနာအစစ် ဖြစ်တဲ့- မူလလက်ဟောင်း ရှေးကျတဲ့ သမ္မာကျမ်းထဲမှာ နောက်ဆုံးပွင့်မယ့် သန့်ရှင်းတော်ဝိညာဉ်တော်ကို အမည်နာမအားဖြင့် မုဟမ္မဒ်လို့ တိုက်ရိုက် ပြောထားတာ ရှိတယ်။ တစ်ကယ်လို့ ခရစ်ယာန် ပုပ်ရဟန်းမင်းကြီးက အဲ့ဒီ သာသနာ အစစ်ကို လက်ခံမယ်- ကိုယ်တော်မုဟမ္မဒ်ကို နောက်ဆုံးပွင့် သန့်ရှင်းသော ၀ိညာဉ်တော် (နောက်ဆုံးပွင့် နဗီ) လို့ လက်ခံမယ်ဆိုရင်- ခရစ်ယာန်ဘုရား ကျောင်း ဆောက်လုပ်ခွင့်ပြုမယ်လို့ ပြန်လည်ကမ်းလှမ်းခဲ့တယ်။ ဒီနောက်ပိုင်းမှာ ဆော်ဒီကို လည်း ဘာသာရေး ညှင်းပန်းတဲ့ အုပ်စုထဲမှာ ဖေါ်ပြခြင်းကို မှေးမှိန်စေခဲ့တယ်။

ဘယ်လိုဖြစ်ဖြစ်- ဆော်ဒီနဲ့ အီရန်ကို လူမျိုးမတူလို့- ဘာသာမတူလို့ မျိုးဖြုတ်သတ်ခဲ့တဲ့စာရင်း၊ နှိပ်ကွပ်ညှင်းပန်း ခဲ့တဲ့ စာရင်းထဲ မှာ ထည့်ထားတာ မရှိခဲ့ပါ။

လူမျိုးမတူလို့ ဆိုပြီး မျိုးပြုတ်သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံးက တွတ်စီ လူမျိုးနဲ့ ရ၀မ်ဒါ လူမျိုးတို့ ဖြစ်တယ်။ အဲ့ဒီမှာ တွတ်စီ လူမျိုးစုက မျိုးပြုတ်လုမတတ် ဖြစ်သွားခဲ့တယ်။ လူမျိုးနှစ်မျိုးလုံးက ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြတယ်။ လူမျိုးမတူလို့ သတ်ကြဖြတ်ကြခြင်း ဖြစ်ခဲ့တယ်။

နိုင်ငံရေး အာဏာလုရင်း- ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးပြုတ်သတ်ဖြတ်ခံခဲ့ရတာ- ဘော့စ်နီး ယား လူမျိုးများ ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ခရစ်ယာန်အမျိုးသားရေးဝါဒီ ကာရာဇစ်နဲ့ မီလိုစီဗစ်တို့ကို ကမ္ဘာ့ခုံ ရုံးတင်ခံလိုက်ရပြီး ဘော့စ်စနီးယားတွေလည်း သီးသန့်လွတ်လပ်တဲ့ အချုပ်အခြာ တစ်ခု ရသွားခဲ့တယ်။

ဒါတွေ အားလုံး အတိတ်သမိုင်းက ဖြစ်ရပ်များပါ။ သို့သော်-- ဒီခေတ်ကာလကြီးမှာ-၊ ကမ္ဘာ့ အညှင်းပန်း အနှိပ်စက် အခံရဆုံး လူမျိုးစုကတော့ “ရိုဟင်ဂျာ” တစ်မျိုးတည်း ဖြစ်နေပြီး- ကမ္ဘာမှာ ဖိနှိပ်ခံရဆုံး လူမျိုးစု အဖြစ် နံပါတ်တစ် ဖြစ်နေပါတော့တယ်။

ထူးဆန်းတာက- အဲ့ဒီ အညှင်းပန်း အနှိပ်စက် ခံရဆုံး ဆိုတဲ့ လူမျိုးစုကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်၊ ညှင်းပန်းနှိပ် စက်၊ သတ်ဖြတ် မောင်းထုတ်- အစာရေစာဖြတ်ထားတဲ့ လူများက- မိမိကိုယ်မိမိ ကမ္ဘာမှာ အယဉ်ကျေးဆုံး လူမျိုး၊ အလိမ္မာဆုံးလူမျိုး၊ မေတ္တာတရား အရှိဆုံး ဘာသာတရားကို နှလုံးလှိုက်လှဲ ကိုးကွယ်တဲ့ လူမျိုး၊ အပျူငှာ ဆုံးလူမျိုး၊ စိတ်ကောင်းအရှိဆုံး လူမျိုး၊ သနားကြင်နာတတ်ဆုံး လူမျိုး-ရယ်လို့ ဂုဏ်ယူဝံ့ကြွားနေတဲ့ လူမျိုးသာ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မေတ္တာတရား ပြည့်လျှံနေရာ ဘာသာကို အကြည်ညိုဆုံးနဲ့ နှလုံးလှိုက်လှဲ ယုံကြည်မှု မှာလည်း ပြင်းထန်းလှတဲ့- ထိုမေတ္တာရှင်ကြီးများက တစ်တိုင်းပြည်ထဲအနေ လူနည်းစု လူမျိုးလေးတစ်မျိုးကို “ကမ္ဘာ့အညှင်းပန်း အနှိပ်စက်ခံရဆုံး လူမျိုး” အဖြစ် ကမ္ဘာက အသိအမှတ်ပြုရလောက်အောင်- နှစ်ပေါင်း ၆၀ တိုင် ဆက်တိုက် ပြုမူနေပုံကိုတော့-၊ ကမ္ဘာသူ ကမ္ဘာသားများ မအံ့သြဘဲ မနေနိုင်တော့ပါ။

ထိုမေတ္တာရှင် ခေါင်းဆောင်ကြီးတို့အား ဂုဏ်ပြုသော အားဖြင့် ကမ္ဘာသိ “မဟာမေတ္တာရှင်” ဘွဲ့ ဆွတ်ခူးဘို့ရာ ကမ္ဘာ့ခုံရုံးပေါ်သို့ ကြွခဲ့ပါ ဆိုတဲ့ ဖိတ်ခေါ်သံကို ကြားရပါတော့မယ်။ ဂုဏ်ပြုစာရင်းမှာ မေတ္တာရှင်ကြီးတို့ရဲ့ အမည် နာမ စာရင်း ထည့်သွင်းတင်ပေးထားပါပြီ။

ဌေးလွင်ဦး

ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

No comments:

Post a Comment