Sunday, 20 January 2013

တမန်တော်မြတ် မိုဟမ္မဒ်၏ သမိုင်းအကျဉ်းချုံ့


တမန်တော် မုဟမ္မဒ် (ဆွ)သည် မြန်မာမွတ်စလင်များအတွက် ကမ္ဘာတည်သရွေ့ လိုက်နာရမည်ဖြစ်သော အစ္စလာမ့်လူမှု စနစ် ကြီး ကိုကျမ်းတော်မြတ် ကုရ်အာန် ဖြင့် လက်တွေ့ ပြသသွားခဲ့သည်။ ဤစနစ်ကို တမန်တော်မြတ် ကွယ်လွန်ပြီး နောက် ခွလ်ဖာအေရာရှီဒိင်း တို့ခေတ် (အေဒီ ၆၃၂-၆၆၁) တွင် လက်တွေ့အကောင်အထည်ဖေါ် ဆောင်ခဲ့ရာ ယနေ့ အထိ ရှင်သန်လျက်ရှိသော အစ္စလာမ့် လူမှု အဖွဲ့အစည်းကို ကမ္ဘာ အ၀ှမ်း တွင်ဖေါ်ဆောင်ပြသနိုင်ခဲ့သည်။ ယင်းစနစ် သည် အာဏာစက် ဓမ္မသတ် ၏ အရှိန် အ၀ါဖြင့် ပြဌာန်းခြင်းမဟုတ်ပဲ သက္က၀ါ အလ္လဟ်အရှင်မြတ် အားချစ်ကြောက် သိစိတ်ဖြင့် အကောင်အ ထည်ဖေါ် ဆောင် ခဲ့ခြင်းဖြစ်သည်။ မြတ် တမန်၏ သမိုင်း ကြောင်းကို အလွယ်တကူ မှတ်သားနိုင်ရန် ခုနှစ်အလိုက် တင်ပြလိုက်ရပါသည်။ အေဒီ ၅၇၁ - တမန်တော်မြတ် မုဟမ္မဒ် (ဆွ) သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်ဧပြီလ ၂၂ရက်၊နံနက် အာရုဏ်ဦး အချိန်တွင် မီးရှုး သန့်စင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ အဗ်ဒုလ္လဟ် သည် တမန်တော်မြတ် ဖွားမီ အလျင်က ဆီးရီးယားနိုင်ငံ သို့ ကုန်ကူးသန်းရန် အသွား၊ မဒီနာ မြို့တွင် ကွယ်လွန်ခဲ့သည်။ အေဒီ ၅၇၄ - မိခင်ဖြစ်သူ အာမိနဟ် သခင်မသည် တမန်တော်မြတ် မွေးဖွားပြီး ၄နှစ် အရွယ်တွင်ကွယ်လွန်ခဲ့ပြန်သည်။ မိဘမရှိသည့် နောက်အဖိုးဖြစ်သူ အဗ်ဒုလ် မုသွာလိဗ်က ထိန်းသိမ်းစောင့်ရှောက် ခဲ့သည်။ မိဘမဲ့ဖြစ်သူ မုဟမ္မဒ် လေးသည် ကိုယ်ထူကိုယ်ထ မိမိဘ၀ကို ရပ်တည်နိုင်ခဲ့သည်။ မည်သူ့ကိုမျှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။ ဖြတ်လက်သွက်လက်သော မုဟမ္မဒ် ကလေးကို အားလုံးက လိုလိုလားလားရှိခဲ့သည်။ အရှက်ကြီးသည်၊ သစ္စာတရားကြီးသည်၊ တာဝန်ကိုကျေပွန်သည်၊ အလဟဿ စကားနှင့် အကျိုးမဲ့လုပ်ရပ်များကို ငယ်စဉ်က တည်းက ရှောင်ခဲ့သည်။ အေဒီ ၅၇၉ - ၈နှစ် ၂လ အရွယ်တွင် အဖိုးဖြစ်သူ အဗ်ဒုလ် မုသွာလိဘ် ကွယ်လွန်၍ ဘကြီးတော် အဗူမုသွာလိဗ် နှင့်အတူ နေထိုင်ခဲ့သည်။ ကုန်ကူးသန်းရင်း ၁၂နှစ်သား အရွယ်တွင် ဘကြီးနှင့်အတူ ဆီးရီးယား နိုင်ငံဘက်သို့ ရောက်ရှိခဲ့သည်။ ဤသို့အားဖြင့် ဒေသန္တရ ဗဟုသုတ ရှာကြံနိုင်ခဲ့သည်။ အေဒီ – ၅၈၆ ၁ ၅နှစ်သား အရွယ်တွင် ဖြစ်ပျက်ခဲ့သော ဖေဂျာရ်စစ်ပွဲတါင် ကိုယ်တိုင်ကိုယ်ကျ ဒေသခံတို့နှင့်အတူ ပါဝင်ခဲ့သည်။ ဟလ်ဖိဖူဇူလ် လူမှုဝန်ထမ်း အဖွဲ့အစည်းတါင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အေဒီ – ၅၉၄ ၂၃နှစ်သား အရွယ်တွင်ဆီးရီးယား သို့ ကုန်သည်အဖြစ်အမှုထမ်း ကာသွားရောက်ခဲ့၏။ အေဒီ – ၅၉၆ သက်တော် ၂၅နှစ် အရွယ်တွင် ခတီဂျာသခင်မ နှင့် ထိမ်းမြားခဲ့သည်။ သူမသည် မုဆိုးမ တစ်ဦးဖြစ်ပြီး တမန်တော်မြတ်နှင့်အတူ အစ္စလာမ့်လှုပ်ရှားမှုကာလတွင် ကွယ်လွန်ချိန်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့သော အိမ်ထောင်ရှင် မ စံပြအမျိုးသမီး ဖြစ်သည်။ သား ၂ဦး၊ သမီး ၄ဦးထွန်းကားခဲ့သည်။ အေဒီ – ၆၀၉ စီးပွားရေး အခြေအနေတိုးတက် လာခဲ့၍ အားလပ်ချိန်တွင် သစ္စာတရားကို ရှာဖွေရေးအတွက် ဟီရာလှိုဏ်ဂူ တွင်တရားအားထုတ်ခဲ့သည်။ အေဒီ – ၆၀၉ သက်တော်လေးဆယ်အရွယ် တွင်အလ္လဟ် အရှင်မြတ်ထံတော်မှ ကျမ်းမြတ်ကုရ်အာန် ၀ဟီထုတ်ပြန်ချက် ကျရောက်လာပြီးနဗူဝသ် တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ခတီဂျာဟ် သခင်မ ၊သူငယ်ချင်းဖြစ်သူ အဗူဘကရ် (ရသွေ့) နှင့်သားရင်ပမာ ဖြစ်သူ ညီငယ်အလီ (ရသွေ့) တို့က အစ္စလာမ်ကို စတင်လက်ခံလာခဲ့သည်။ သုံးနှစ်တိတိ အစ္စလာမ်ဒေသနာ တော်ကိုလျှို့ဝှက်စွာ ဟောပြောဖိတ်ခေါ်ခဲ့ရာ ပညာတက်များ သစ္စတရားကိုရှာဖွေလိုသူ များ ၊ဆင်းရဲသား လူတန်းစားနှင့်သူကြွယ် အချို့အစ္စလာမ်ကို လက်ခံခဲ့ကြသည်။ ယင်းသူတို့အတွက် ဆွဖာတောင်တန်းတွင် လျှို့ဝှက် ဌာန ဖွင့်လှစ်ထားခဲ့သည်။ အေဒီ – ၆၁၃ အစ္စလာမ်ဒေသနာ တော်ကို ဆွဖာတောင် ထိပ်ပေါ်သို့ တက်ကာ အတိအလင်းကြေညာခဲ့ရာတွင် ပြက်ရယ် ပြုခြင်းကို ခံခဲ့ရသည်။ အေဒီ – ၆၁၄ ကုရိုက်ရှ် တို့သည် တမန်တော်မြတ် ဘကြီးဖြစ်သူ အဗူသွလိဘ် အားအမျိုးမျိုး သော ဖိအားပေးကာ တူဖြစ်သူအား အစ္စလာမ်တရားတော်ကိုမပို့ချရန် တွန်းအားပေးခဲ့သည်။ နဗူဝသ် ၏ တတိယနှစ်မှ ပဉ္စမ နှစ် အထိပတ်ဝန်းကျင်ရှိ အမျိုးအနွယ်များ၏ ဆန့်ကျင်မှု ကိုခံရပြီး ပဉ္စမနှစ် မှ စ၍ ပြင်းထန်သော ဖိနှိပ်ညှင်းပန်း မှုကို ဆက်လက်ခံရပြန်သည်။ ယင်းဒဏ်ကိုမခံနိုင်၍ တမန်တော်မြတ်သည် မွတ်စလင်တို့အား ပင်လယ်နီကိုကျော်ဖြတ်၍ အာဖရိကတိုက်ရှိ အီသီယိုပီးယား နိုင်ငံသို့ ဟစ်ဂျရသ် ပြုစေခဲ့သည်။ ကာဖိရ်တို့ သည် ဤ ဝေးလံသော ဒေသအထိ သွားရောက် ဒုက္ခပေးခဲ့ပြန်သည်။ ဤသို့အားဖြင့် အစ္စလာမ်သာသနာသည် မဒိနာမြို့သို့ မရောက်ခင်အလျင် အာဖရိကတိုက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အေဒီ – ၆၁၅ ဆဌမနှစ်တွင် အုမရ် သခင် နှင် ဟမ်ဇာသခင်တို့ အစ္စလာမ်ကိုလက်ခံလာ၍ မွတ်စလင်တို့အားတက်ခဲ့သည်။ အစ္စလာမ်ကို လက်ခံသူတို့ တစ်စတစ် စ များပြာလာ၍ မက္ကသားတို့သည် မွတ်စလင်တို့အား သတ္တမနှစ်မှ ဒဿမနှစ်အထိ မက္ကာမြို့ပြင်ဘက်ရှိ ဗါဗေအဘုသွာလိဘ် အရပ် ၌ အကျယ်ချုပ်ဖြင့် အပယ်ခံဘ၀တွင် နေထိုင်စေခဲ့သည်။ ဤကာလ တွင်ဘကြီးဖြစ်သူ အဗူသွာလိဘ် ကွယ်လွန်ပြီး နှစ်လအကြာတွင် ဇနီးဖြစ်သူ ခတီဂျာ သခင်မ ကွယ်လွန် ပြန်သည်။ အေဒီ – ၆၁၉ ဒဿမ မြောက်နှစ်တွင် တမန်တော်မြတ်သည် သွာအိဖ်မြို့သို့ အစ္စလာမ်သာသနာ တော်ကိုဟောကြားရန် သွားရောက်ခဲ့ရာဝိုင်း၍ ခဲပေါက်ခြင်းကိုခံခဲ့ရသည်။ သွေးမြေကျခဲ့ရ၏ ။ သွာအိဖ် မှ အပြန်တွင် မေ့အ်ရာဂ်ျ ခရီးစဉ်သို့ သွားခဲ့ရ၍ ခရီးစဉ်မှ အပြန် လူသားတို့အတွက် လမ်းညွှန်ချက်တရား ၁၄ ချက် (ကျမ်းမြတ်ကုရ်အာန် စူရဟ် ဗနီ အစ္စရာအီလ်)ကိုယူဆောင်လာခဲ့သည်။ ယင်းနှစ်တွင် မဒိနာမြို့သား တို့ အစ္စလာမ်ကို လက်ခံလာသည့် အပြင် တမန်တော်မြတ်နှင့် မွတ်စလင်တို့အား မဒိနာ မြို့သို့ လာရောက်ရန် ဖိတ်ခေါ် ခဲ့သည်။ ယင်းသည် အစ္စလာမ်သမိုင်း အလှည့်အပြောင်း ကိုဖြစ်စေခဲ့သော ဗိုင်အသ် အက္ကဗါအဖြစ် ထင်ရှားလှ၏ ။ မဒီနာမြို့သား တို့သည် ဒုတိယအကြိမ် လာရောက်အပြီးတွင် မက္ကာမြို့ရှိ မွတ်စလင်တို့သည် တဖွဲဖွဲ မဒိနာမြို့သို့ ထွက်ခွာ သွားတော့သည်။ မဒိနာဟ် ခေတ်ကာလ အေဒီ- ၆၂၂ တမန်တော်မြတ် ဟစ်ဂျရသ် ပြု၍ မဒိနာမြို့သို့ ထွက်ခွာခဲ့သည်။ ဤသို့ ဟစ်ဂျရသ် ပြုခြင်းကို အကြောင်းပြုကာ ယင်းကာလစတင်၍ မွတ်စလင် တို့၏ ပြက္ခဒိန် နှစ်ကို ရေတွက်ခဲ့ခြင်းဖြစ်သည်။ မွတ်စလင်တို့ ၏ ခုနှစ် သက္ကရာဇ် ရေတွက်မှုကို ဟစ်ဂျရီဟု ခေါ်သည်။ ဖေါ်ပြပါ မဒီနာမတိုင်မီ ခေတ်ကာ ကို မက္ကာခေတ် ဟု ခေါ်သည်။ ယင်းကာလတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ စုရဟ် ၉၃ စုရဟ် ကျရောက်ခဲ့သည်။ ယင်းစူရဟ်များသည် များသောအားဖြင့် သောင်ဟိဒ် သဘောတရား နှင့် ရှေးတမန်တော် များ၏အကြောင်းဖြစ်သည်။ ဖေါ်ပြခံခဲ့ရသော သူတို့ကား “ အို…လူသားတို့ ” “အို ..ကာဖိရ် အပေါ်င်းတို့ ” ကဲ့သို သော အာယသ်များ ဖြစ်သည်။ လမ်းခရီး၌ ကူဗာအရပ်တွင် ပထမဆုံး ၀တ်ကျောင်းတော် တည်ဆောက်ပြီး ပထမဆုံး ဂျုမုဒဟ် ဆွလဟ် ကိုဝတ်ပြုခဲ့သည်။ ကူဗာတွင် ၁၄ရက်မျှ နေထိုင်ခဲ့သည်။ တမန်တော်မြတ် ၀တ် ကျောင်းတော် ကိုမဒိနာ မြို့တွင် တမန်တော်မြတ်အပါအ၀င် မွတ်စလင်အားလုံး ပါဝင်တည်ဆောက်ခဲ့သည်။ မက္ကဟ် မြို့မှ လာရောက်သူများနှင့် မဒီနာ မြို့မှ အန်ဆွာရီ တို့ကို ပူးပေါင်းပြီး မ၀ါခါသ် ဟု ခေါ်သည့် ညီနောင် ဖွဲ့ပေးခဲ့သည်။ မဒိနာမြို့ကို ဗဟိုပြု၍ အစ္စလာမ့် လူ့အဖွဲ့အစည်းကို တည်ဆောက်သည်။ မဒီနာသားတို့သည် လယ်ယာလုပ်ငန်း ကို ကျွမ်းကျင်ပြီး မက္ကာသား တို့က ကုန်သွယ်ရေး လုပ်ငန်းကို ကျွမ်းကျင်ကြသည် ဖြစ်၍ မဒီနာမြို့ သည် စီးပွားရေးဗဟို အဖြစ်သို့ ရောက်ရှိသွားတော့သည်။ မဒီနာခေတ်တွင်ကျရောက်လာသော ဒေသနာ လမ်းညွန်ချက်များ မှာ “အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ ” ဟူ၍ ဦးတည် ချပေးချက်များဖြစ်သည်။ ဟီဂျရီ ပထမနှစ်တွင် ကာကွယ်ရေးအစီအစဉ် ကို ချမှတ်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်း တွင် ကျရောက်သော ကုရ်အာန်ကျမ်း ကို လမ်းညွန်ချက် အရ မဒီနာခေတ်တွင် ကျရောက်သည် ဟု ဖေါ်ပြသည်။ မဒီနာမြိုကရှိခေါင်းဆောင်နှစ်ဦးဖြစ်သူ ယဟူဒီ လူမျိုး အဗ်ဒုလ္လဟ် ဗင် ဆလာမ် နှင့် ခရစ်ယာန် ဘုန်ကြီး အဗူကိုင်စ် တို့ အစ္စလာမ်လက်ခံခဲ့ကြသည်။ ထိုမျှ မက အာရဘ်ဒေသ ခေါင်းဆောင်များလည်း အစ္စလာမ့်ရေးရာနှင့်စပ်လျဉ်းပြီး စိတ်ဝင်စားလာခဲ့ကြသည်။ အေဒီ -၆၂၃(ဟီဂျရီ ၂ ခုနှစ်) မွတ်စလင်တို့အား ညှဉ်းပန်းနှိပ်စက်သော ရန်ပြုသူကို ပြန်လည်ခုခံတွန်းလှန်ခွင့်အမိန့် ဂျီဟဒ် ကျရောက်လာခဲ့၍ ရန်သူတို့အား ခုခံပိုင်ခွင် ရှိလာတော့သည်။ မဒီနာ ၀န်းကျင်ရှိ လူမျိုးများ အုပ်စုများနှင့် တစ်ဦးကို တစ်ဦး လေးစားရေး မကျုးကျော်ရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဇကားသ်အမိန့် ၊ ဆွီယာမ် ဥပုသ် သီလ အမိန့် ကျရောက်ခဲ့သည်။ ကအ်ဗာ သိုမျက်နှာမူ၍ ဆွလာဟ် ၀တ်ပြုမှု မိန့်  ၊အိဒ်ဂါ တွင် အီဒွလ်ဖိသ်သိရ် ဆွလာသ်ကို အစုအဝေးဖြင့် ပြုခြင်း၊ ပါရှန်း လူမျိုး ဆဲလ်မာန် ဖရ်စီ အစ္စလာမ့် ဘောင်အတွင် ၀င်ရောက်ခဲ့ခြင်း ၊ များ ရှိခဲ့သည်။ ဟီဂျရီ ၂ ခုနှစ်တွင် ကမ္ဘာ့သမိုင်းတွင် အရေးပါလှသော ဗဒရ်စစ်ပွဲ ဖြစ်ပွား၍ အရေအတွက် ၃၁၃ ရှိသော မွတ်စလင်တို့ အောင်ပွဲခံခဲ့သည်။ ဤနှစ်တွင် အလီသခင် နှင့် သမီးတော် ဖာသွီ မာဟ် သခင်မတို့ကို လက်ထက်ပေးခဲ့သည်။ အေဒီ – ၆၂၄ (ဟစ်ဂျရီ ၃ခုနှစ်) မူးယစ်စေသော သေရည်သေစာများကို ပိတ်ပင်သည့် အမိန့်ကျရောက်ခဲ့သည်။ ဤနှစ်တွင် ရမဒွာန် လတွင် တမန်တော်မြတ်မြေးတော် အီမာမ်ဟဆန် မွေးဖွားခဲ့သည်။ အုဟူဒ်စစ်ပွဲလည်း ဤ နှစ်တွင် ပင်ဖြစ်ပွားခဲ့သည် ။ တမန်တော်မြတ် အမိန့််မနာခံမှုကြောင့် အောင်ပွဲခံရဆဲ တွင် အထိနာ၍ မွတ်စလင် တို့ အလူးအလဲ ခံလိုက်ရသည်။ အတိုးစားခြင်း ကိုပိတ်ပင်သည့် အမိန့် ၊ မိဘနှင့်စပ်လျဉ်းသော အမိန့် ၊ အမွေ ခွဲဝေပေး သော အမိန့် ၊ ဇနီးမယားနှင့် စပ်လျဉ်းသော အမိန့် ၊ စသော အမိန့်များ ကျရောက်လာခဲ့သည်။ အေဒီ - ၆၂၅ (ဟစ်ဂျရီ ၄ခုနှစ်) ရှအ်ဗန်လတွင် မြေတော် အီမာမ် ဟူစိန်အားမွေးဖွားခဲ့သည်။ မွတ်စလင်အမျိုးသမီးများခန္ဒာကိုယ်လုံခြုံစွာဝတ်ဆင်ရန် အမိန်ကျရောက်လာခဲ့သည်။ အာရဗ်တို့သည် ရာသီဥတု အခြေအနေအရ ဦးခေါင်းလုံခြုံစွာဖုံးအုပ်ထားသော်လည်း အာရဗ်အမျိုးသမီး တို့သည် ခန္ဒာကိုယ် လုံးခြုံခြင်းမရှိခဲပေ။ သို့ဖြစ်၍ မဒိနာမြို့တွင် မုနာဖိက် နှင့် ကာဖရ်တို့က အမျိုးသမီးများကို လှောင်ပြောင်ရာ အလ္လဟ်အရှင်မြတ်က မွတ်စလင် အမျိုးသမီးများသည် အခြာသူများနှင့် မတူ ခန္ဒာကိုယ် ကိုလည်းလုံခြုံစွာ ဖုံးအုပ်ရန် အမိန့်တော်ကျရောက်လာခဲ့သည်။ မူလခြုံထည်ကို ရင်သားအား ဖုံးအုပ်ကာပတ် ၍ လွှဲချထားရမည် ဖြစ်သည်။ အရက် သေစာ ကိုလုံးဝ ပိတ်ပင်သော အမိန့်ရောက်ရှိလာသည်။ ဗနုနဆီရ် အုပ်စုဝင်များ နှင့်စစ်ပွဲဖြစ်ပွားခဲ့သည်။ အေဒီ – ၆၂၆ ( ဟစ်ဂျရီ ၅ ခု ) ခန်ဒက်စစ်ပွဲ အပါအ၀င် စစ်ပွဲများကို ဆင်နွဲရသည်။ တမန်တော်မြတ်သည် မဒီနာမြို့ တွင်ရှိစဉ်ကာလ ရက်ပေါင်း ၇၃၁ ရက်ကို ခုခံကာကွယ်ေ၇း ၂၇ခု တွင် ကုန်ဆုံးခဲ့သည်။ တနည်း အားဖြင့် တမန်တော်မြတ်၏ မဒိနာမြို့ရှိ ငါးပုံတစ်ပုံကာလသည် ခုခံရေးတွင် ကုန်ဆုံးခဲ့ရသည်။ ထိုမျှမက အကြိမ် ပေါင်း ၅၀ကျော် ဒေသအသီးသီးတို့ အစ္စလာမ်ဒေသနာ တော် ပို့ချရန် သွားရောက်ခဲ့သည်။ ဤ ဟစ်ဂျရီ ၅ခုနှစ် တွင် ဒေါက်ရ် အုပ်စု ၀င်များ ၊အလုံးအရင်း ဖြင့် အစ္စလာမ် ကို လက်ခံလာခဲ့သည်။ အေဒီ – ၆၂၇ (ဟစ်ဂျရီ ၆ ) မက္ကာဟ်သား တို့နှင့် ဟူဒိုင်ဘီယာ စာချုပ် ချုပ်ဆိုခဲ့သည်။ ဤနှစ်တွင် အာရဘ် သူရဲကောင်း ခါလီဒ် ဘင်ဝလိဒ် နှင့် အမရ် ဗင် အာဆ် တို့ အစ္စလာမ်ကို လက်ခံလာခဲ့သည်။ ဟုဒိုင်ဘီယာ စာချုပ်ပါ အချက်များကို ဆွဟာဗဟ် နောက်လိုက်များက မကြိုက် မနှစ်သက်သော်လည်း တမန်တော်မြတ် ၏ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် ရလာဒ်ကို အသီးအပွင့် များဖြစ်ထွန်းခဲ့သည်။ စာချုပ်ချုပ်ဆိုပြီး မက္ကာဟ်ဒေသတွင် အစ္စလာမ်ကို လက်ခံသူ များပိုမိုများပြားလာခဲ့သည်။ အေဒီ – ၆၂၈ (ဟစ်ဂျရီ ၇ ) ဟစ်ဂျရီ ရခုနှစ်တွင် နိုင်ငံတကာခေါင်းဆောင် များ အကြီးအကဲများထံ သို့အစ္စလာမ့်သ၀ဏ်လွှာများ ပေးပို့နိုင်ခဲ့သည်။ ဤနှစ်တွင် ခိုင်ဗရ်စစ်ပွဲဖြစ်ပွားခဲ့သည် ။ ခိုင်ဗ၇် အောင်ပွဲ ကာလတွင် အီသီယိုပီးယား မှ မွတ်စလင်များပြန်လည်ရောက်ရှိခဲ့သည်။ ဟုဒိုင်ဗီယာ စာချုပ်အရ မက္ကာမြို့မှ မဒီနာမြို့သို့ လာရောက်ခွင့်မရှိသော မွတ်စလင်တို့ သည် ကြားစခန်းတွင် သီးခြားရပ်တည် ၍ ပျောက်ကျား စစ်ရေး ဆင်နွဲခဲ့သည်။ ဤနှစ်တွင် မွတ်စလင် တို့ အွမ္မရဟ်ပြုရန် သွားရောက်ခဲ့သည်။ ကွာရှင်းခြင်း။ထိမ်းမြားခြင်း အမိန့်များ ၊ လမ်းညွန်များကျရောက်လာခဲ့သည်။ အေဒီ – ၆၂၉ – ၆၃၀ (ဟစ်ဂျရီ ၈) မက္ကာသို့ ချီတက်ကာအောင်ပွဲခံရရာတွင် သွေးမကျပဲ တမန်တော်မြတ် စီစဉ်ပေးနိုင်ခဲ့သည်။ မက္ကာဟ်မြို့ရှိ မတရားသိမ်းပိုက်ခံထားရသော အိုးအိမ်ပစ္စည်းများအတွက် လက်စားချေခြင်း ကို မပြုခဲ့ပေ။ ကအ်ဗဟ် ကျောင်းတော် ၏ သော့ကို ပင် မူလ ဂေါပက လက်တွင် ပြန်လည်ပေးအပ်ခဲ့သည်။ ဤနှစ်တွင် အလုံးအရင်းနှင့် အစ္စလာမ်ကိုလက်ခံလာခြင်း၊ ကအ်ဗဟ် ၀တ်ကျောင်းကို သန့်စင်စေခြင်း၊ အတိတ်ကာလ ဓလေ့ဆိုးများကို ဖယ်ရှားပစ်ခဲ့သည်။ ဤနှစ်တွင် ဟုနိုင်န် စစ်ပွဲ လည်းဖြစ်ပွားခဲ့သည်။ အေဒီ – ၆၃၀-၆၃၁ (ဟစ်ဂျရီ ၉) ဟစ်ဂျရီ ၈ ခုနှစ်တွင် အာ၇ဘ်ခေါင်ဆောင်များ နှင့် လူအများအပြား အစ္စလာမ်ကို လက်ခံလာခြင်း၊ မဒိနာမြို့သို့ ကိုယ်စားလှယ်မျာား မပြတ်လာရောက်နေခြင်း၊ အဘူဘက္ကရ် သခင်ကြီးကို ဦးဆောင်စေ၍ တမန်တော်မြတ် ပထမဆုံးဟဂ်ျ ပြုစေခဲ့သည်။ အေဒီ – ၆၃၁ (ဟစ်ဂျရီ ၁၀) သဗူးက်စစ်ပွဲဖြစ်ပွားခဲ့သည်။ ဤနှစ်ရမဒွာန် လ ဆွီယာမ် ဥပုသ်ဆောက်တည် ခြင်းသည် တမန်တော်မြတ် အတွက် နောက်ဆုံးဖြစ်ခဲ့သည်။ တမန်တော်မြတ် ၏ နောက်ဆုံး မိန့်ခွန်းတော် ကို လူသား တစ်သိန်းကျော် ရှေ့မှောက်တွင်ဟောကြားခြင်းဖြင့် ကမ္ဘာ့လူသား တို့အတွက် လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်ကြီးကို ကြေညာခဲ့သည်။ အေဒီ – ၆၃၂ (ဟစ်ဂျရီ ၁၁) ဟစ်ဂျရီ ၁၁ခုနှစ် ဆွဖရ် လမှစ၍ တမန်တော် မြတ်နေထိုင် မကောင်းဖြစ်ခဲ့သည်။ ရဗီအောင်ဝလ် လ ၁၂ရက်နေ့ တွင် တမန်တော်မြတ် အလ္လဟ့် အမိန့်တော်ခံ ကွယ်လွန်ခဲ့သည်။ 

 ရေးသားတင်ပြသူ – ဂျာဝိဒ်သန်း 
မိုးစက်ဘလော့မှ ကူးယူဖော်ပြပါသည်။

ခြောက်ဆယ့်ငါးနှစ်မြောက် အာဇာနည်နေ့ကို သန်လျှင်မြို့နယ် လွတ်လပ်ရေးကျောက်တိုင်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

သန်လျင်မြို့ နေဇာမွလ် အစ္စလာမ်ကျောင်းကြီး နှစ် (၁၀၀) ပြည့် အခမ်းနား ကျင်းပခဲ့

နှစ်တစ်ရာပြည့်အခမ်းအနား
သန်လျင်မြို့ နေဇာမွလ် အစ္စလာမ်ကျောင်းကြီး  ရာပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ငယ်စဉ်က ပညာ ဆည်းပူး သင်ယူခဲ့ကြသောကျာင်းသူကျောင်း သားဟောင်း များက  ၂၀၁၂နှစ် ကုန်ပိုင်းက စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။နေဇာမွလ် အစ္စလာမ်ကျောင်း ၏ကျာင်း သူကျောင်းသားဟောင်းများ ဦးစီးသော ၁၉၁၂-၂၀၁၂ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့က နံနက် ၈း၃၀ မှ ၁၂း၀၀ နာရီအထိ သန်လျင်မြို့ လမ်းမတော်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အာလင်မ်သာသနာ့ပညာရှင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသူကျောင်းသားဟောင်းများ၊ မြို့မိမြို့ဖများနှင့် သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးတင်လင်းက ဆောင်ရွက်ခဲ့ပြီး သဘာပတိ အဖြစ် အလ်ဟဂ်ျ အက်စ်အမ် ဦးခင်မောင်ကိုမှ မိန့်ခွန်းပြောကြားခဲ့သည်။
အခမ်းအနားကို ကျမ်းမြတ်ကုရ်အာန် အာယတ်ဖတ်ရွတ်၍ အခမ်းအနားကို စတင်ပြီး သဘာပတိဦးခင်မောင်ကိုမှ သဘာပတိ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းဆရာများအား ဂုဏ်ပြုသော တေးသီချင်းများကို စုပေါင်းသီဆိုခြင်း၊ ဦးမောင်ကို ဂဖါရီ (ကမ္ဘာအလင်း-အယ်ဒီတာချုပ်)မှ ပညာရေး နှင့်ပတ်သက်၍ ဟောပြောခြင်း၊ ကျောင်းသူကျောင်းသားများ ကိုယ်စား ဟာဂျီဦးခင်မောင်သိန်း မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက်၊ ဆရာဦးမောင်ကို ဂဖာရီ မှ ဆုမွန် ဒိုအာ တောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
 
သဘာပတိ အလ်ဟဂ်ျ အက်စ်အမ်ဦးခင်မောင်ကို မှ “စိုင်ယဒ်မဂ်ဘုလ်အဟ်မဒ် သည် အမှတ်(၁၇) လမ်းမတော်လမ်း၊ (ယခုအမှတ်-၅) တွင် နေထိုင်ပြီး (Burma Oil Co) (B.O.C) တွင် (Labour Supply) ကန်ထရိုက်တာအဖြစ် ဆောင်ရွက်နေသူဖြစ်ပါသည်။ ၁၉၁၁ခုနှစ် ဗြိတိသျှအစိုးရ၏ ပညာရေးဆိုင်ရာ မူဝါဒကြေငြာချက်အရ ပညာသင်ကြားရေးကိုခွင့်ပြုခဲ့ရာ သန်လျှင်မြို့ တွင်မွတ်စလင် ကလေးများ ဘာသာရေးပညာ သင်ကြားရန် ကျောင်းမရှိသဖြင့် ကျောင်းတည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် သန်လျှင် မွတ်စလင် အသင်း (Syria Muslim Association) ဖွဲ့စည်းခဲ့ပြီး Anjuman Muslim (Muslim Association) and Madressa Nizamiah ဟူ၍ဖြစ်ပေါ်လာသည်။ အတွင်းရေးမှူးမှာ စိုင်ယဒ်မ်ဘုလ်အဟ်မဒ် ဖြစ်သည်။ သန်လျှင်မြို့ပေါ်ရှိ မွတ်စလင် တို့ ၏ သာရေးနာရေး ကိစ္စအ၀၀ကို ဆောင်ရွက်ပေးသော အသင်းဖြစ်သည်။ ဤကျောင်းခန်းမ တွင် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အလုပ်သမားရေး အစည်းအဝေးများကို ထိုအချိန်မှ စ၍ ယနေ့တိုင် ကျင်းပလေ့ရှိသော ကျောင်းခန်းမ ဖြစ်သည်။ အပတ်စဉ် မော်လူးဒ်ရာသစ် ဖတ်လေ့ရှိသည်။ တမန်တော်နေ့အခမ်းအနားကို ဤကျောင်းမှ ဦးဆောင်၍ မြို့ထဲစီတန်းလှည့်လည်ပွဲများကို ကျင်းပလာခဲ့သည်။ စိုင်ယဒ်မဂ်ဘုလ်အဟ်မဒ် သည် မိမိ၏သားဖြစ်သူ SM ရှဖီးအား ၁၉၄၆ ခုနှစ်တွင် ကျောင်းအုပ် အုပ်ချုပ်မှုတာဝန်များကို ကျောင်းအုပ်အဖြစ်မိမိ နှင့် အတူပူးတွဲပြီး တာဝန်ပေးဆောင်ရွက်စေခဲ့သည်။
 
၁၉၆၅ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပေးပြီးနောက် ၁၉၅၇ခုနှစ် ဒီဇင်ဘလ (၁၃) ရက်နေ့ သောကြာနေ့၊ ၁၁နာရီ အချိန်တွင် အလ္လာဟ်အရှင်မြတ် အမိန့်ကို ခံယူခဲ့သည်။ ဒါရ်ဂါဝင်းအတွင်းရှိ ဥယျာဉ်တွင် အစရ်အပြီး ညနေ ၅နာရီတွင် ဒဖနာပြုလိုက်သည်။  စိုင်ယဒ်မ်ဘုလ်အဟ်မဒ်သည် ၁၉၁၂ခုမှ ၁၉၅၇ခုအထိ နှစ်ပေါင်း၄၅နှစ် သာသနာ့ပညာ ပြန့်ပွားရေး ကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့ပြီး ၎င်း၏ သားကြီးဖြစ်သူ ဟာဂျီ SM ရှဖီးမှာလည်း ၁၉၄၆ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ နှစ်ပေါင်း ၆၀ခန့် သာသနာ့ပညာ ပြန့်ပွားရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဟာဂျီ SM ရှဖီးမှ ၃၁-၅-၂၀၀၆ နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားသည်။ ၁၉၇၁-၇၂ ခုနှစ်တွင် ကျောင်းသူ၊ကျောင်းသား ဟောင်းများနှင့် စိတ်ဝင်စားသူ မွတ်စလင် လူငယ်များပါဝင်သည့် “နေဇာမွလ်အစ္စလာမ်” ကျောင်းနှစ်၆၀ အထိမ်းအမှတ်အဖြစ် သန်လျှင်မွတ်စလင် သမိုင်းပဏာမ စာတမ်းကို ၂၃-၁၂-၇၂ နေ့တွင် ထုတ်ဝေခဲ့သည်။ ယခု ၂၃-၁၂-၁၂ နေ့တွင် ကျွန်တော်တို့ကျောင်းသူ၊ ကျောင်းသားဟောင်းများက နေဇာမွလ် အစ္စလာမ်ကျောင်းနှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ် ” ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒီကျောင်းကြီးဟာ သမိုင်းအစဉ်အလာအရ အင်မတန်ကြီးမားတယ်။ သမိုင်း အစဉ်အလာကြီးတဲ့ ကျောင်းကြီးကို ကျောင်းသူကျောင်းသားတွေက အခုလို အထိမ်းအမှတ်ပွဲကြီးတွေ ကျင်းပတာကို အရမ်းဝမ်းသာတယ်။ အခုနှစ် ၁၀၀ တိုင်မှ သည် နောင်နှစ်ပေါင်းများစွာလည်း အဓွန့်ရှည်အောင် ဆက်လက်ထိန်းသိမ်းသွားပါ။ ဒီကျောင်းကြီးမှာ ဆရာလုပ်သွားတဲ့ ဆရာတွေကိုပါတွဲဖက်ပြီး ဂုဏ်ပြုပွဲလေး လုပ်ပေးသွားပါလို့ အကြံပြုအပ်ပါတယ်” ဟု ၀ါးခယ်မမောင်မင်းနိုင်မှ M-Media သို့ပြောကြားခဲ့သည်။


သန်လျင်မြို့ အန်ဂျူမန်နေဇာမွလ် အစ္စလာမ်အခမဲ့ဘာသာရေးကျေုာင်းကို ကွယ်လွန်သူ စိုင်ယမ် မဂ်ဘုလ် အဟ်မဒ် အစ္စလာမ် အာလာဒီက သာသနာ့မျိုးချစ် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းကြီးမှ သန်လျှင်မြို့နေ ခလေးသူငယ်များ ထောင်ပေါင်းများစွာကို သာသနာ့ အခြေခံပညာ ပညာရပ်နို့ချို တိုက်ကျွေးခဲ့သည်။
နေဇာမွလ် အစ္စလာမ် အခမဲ့ဘာသာရေးကျောင်း သန်လျင်မြို့ အုတ်မြစ်ချပွဲ အခမ်းအနားကို ဟစ်ဂျရီ ၁၄၀၀ ပြည့်၊ ဂျဟဒီအူလာ (၁၀) ရက်၊ ကြာသာပတေးနေ့ (၂၇-၃-၁၉၈၀) တော်လှန်ရေးနေ့တွင် နေဇာမွလ်ကျောင်းမြေနေရာမှာ ကျင်းပခဲ့သည်။ ထိုအချိန်က သဘာပတိအဖြစ် ဦးအေးမောင် (ဥက္ကဌ) ၊ ဦးသန်းတင် (ဗဟို တရားရုံးချုပ်ရှေ့နေကြီး) ၊ ဧည့်သည်တော်များအဖြစ် ဦးတင်စိုး (ဗိုလ်မှူးကြီး တင်စိုး) ၊ အုတ်မြစ်ချသူ သာသနာ့ အာဇာနည် ဟာဂျီမ ဒေါ်ပု (ပျဉ်းမနား) ၊ ရတုရေး-ဆို ချီးမြှင့်သူ သီရိ-ကိုလေး ၊ မှတ်တမ်းတင်သူ ဦးခင်မောင်ကို (သန်လျင်) တို့ဖြစ်ကြောင်း သမိုင်း မှတ်တမ်းများအရ သိရှိရသည်။
ထိုအခမ်းအနားသို့ တက်ရောက်လာသူများအား နှစ်၁၀၀ပြည့် အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အဖြစ် ၂၀၁၃ခုနှစ် စားပွဲတင်ပြက္ခဒိန် ပေးအပ်ကြောင်းသိရသည်။ ဆက်လက်၍ နေဇာမွလ် အစ္စလာမ်ကျောင်း၊ ရာပြည့်စာစောင်ကို ၂၀၁၃ခုနှစ်၊ မေလအတွင်းထုတ်ဝေသွားမည် ဖြစ်ကြောင်းသိရသည်။ ကျောင်းသူကျောင်းသားဟောင်းများ နှင့်မွတ်စလင်များ ထံမှ ဆောင်းပါး၊ ကဗျာ၊ စာမူများကို ရေးသားပေးပို့ကြရန် ဖိတ်ခေါ် ထားကြောင်းသိရသည်။ အဆိုပါ စာမူများကို ၂၀၁၃ ခုနှစ် ၊မေလ (၃)ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြပါရန် မေတ္တာရပ်ခံထားသည်ကို သိရသည်။